နေ့တိုင်း မျက်ခုံးဆွဲစရာမလိုဘဲ မျက်ခုံးလှလှလေး ဖြစ်ချင်တာ၊ မျက်လုံးကို eyeliner ဆွဲထားသလို ဖြစ်နေချင်တာ၊ နှုတ်ခမ်းလေး အရောင်မဖျော့ဘဲ သဘာဝကျကျ လှနေချင်တာတွေကြောင့် Cosmetic Tattooing (အလှပြင်တက်တူး) ကို ရွေးချယ်လာကြသူတွေ ရှိပါတယ်။
Cosmetic Tattooing ဆိုတာ မျက်ခုံး၊ မျက်ရစ်နဲ့ နှုတ်ခမ်းလိုနေရာတွေမှာ အရောင်ခြယ်ပစ္စည်း (pigment) ကို အရေပြားထဲ ထည့်သွင်းလိုက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မိတ်ကပ်လိမ်းရတဲ့အချိန်ကို လျှော့ချနိုင်သလို ကိုယ်လိုချင်တဲ့ပုံစံကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တာက ဒီနည်းလမ်းရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ အရေပြားကို အပ်နဲ့ ထိုးဖောက်ပြီး pigment ထည့်သွင်းရတာဖြစ်လို့ နာကျင်မှုလျော့ဖို့ ထုံဆေး၊ လိမ်းဆေးတွေလည်း အသုံးပြုကြပါတယ်။
ဒီတော့ အလှအတွက်သပ်သပ် တက်တူးထိုးကြမယ်ဆိုရင် ဘာတွေကို သတိထားသင့်သလဲဆိုတာက မေးခွန်း တစ်ခု ဖြစ်နေပါတယ်။ တကယ်တော့ တက်တူး ထိုးတဲ့အခါ သတိပြုရမယ့် အချက်တွေက အများကြီးပါ။ သုံးတဲ့ စက်၊ အပ်၊ ထုံဆေးအပြင် သုံးတဲ့အရောင်ခြယ်ပစ္စည်းတွေအပြင် ပတ်ဝန်းကျင်နဲ့ ထိုးပေးမယ့်သူရဲ့ ကျွမ်း ကျင်မှု။ ဒါတွေအကုန်လုံးကို သတိထားရပါမယ်။ ရှေးကလည်း “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရေ စုတ်ထိုး – ဤသုံးမျိုးကို သတိပြုရမယ်”လို့ မြန်မာ့ဆိုရိုးစကားလည်း ရှိခဲ့တယ် မဟုတ်လား။
– ထုံဆေး သုံးတဲ့အခါ –
လှဖို့ ပဖို့အတွက် (အထူးသဖြင့် မျက်နှာပေါ်မှာ) တက်တူးထိုးတဲ့အခါ နာကျင်တာကို သက်သာစေဖို့ ခံစားမှုကို လျှော့စေတဲ့ ထုံဆေးအမျိုးအစား လိမ်းဆေး (Numbing Cream) တွေကို သုံးကြလေ့ ရှိပါတယ်။ ဒီလိုသုံးတာဟာ တက်တူးထိုးလို့ ဖြစ်လာတဲ့ အနာ၊ ပွန်းပဲ့နာတွေပေါ် တိုက်ရိုက်ဖိလိမ်းတာမျိုး ဖြစ်လို့ ဓာတ်မတည့်တာမျိုး ရှိတဲ့အတွက် သတိထားဖို့ လိုပါတယ်။ ထုံဆေးဟာ ဓာတ်မတည့်သူတွေမှာဆို အသားအရည် နီမြန်းလာတာ၊ ယားတာ၊ ပူသလို စပ်သလို ခံစားရတာ၊ ရောင်ရမ်းတာတွေ ဖြစ်စေတဲ့အပြင် အထူးသဖြင့် မျက်ရစ်နဲ့ နှုတ်ခမ်းလို ထိခိုက်လွယ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းမှာ သုံးမှာမို့ ပိုပြီး ဂရုစိုက်ဖို့လိုတဲ့အပြင် မျက်လုံးနဲ့ ပါးစပ်ထဲ မဝင်အောင်၊ အန္တရာယ်မရှိအောင်အတွက် ပြင်ဆင်ထားတာ ရှိ-မရှိကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
– အပ် ကကော –
တက်တူးထိုးရင် သုံးတဲ့ အပ်ဟာ ဘယ်လိုအမျိုးအစားလဲ၊ တစ်ခါသုံးလား စသဖြင့် မေးမြန်းတာဟာ အလှကြောင့် ဒုက္ခမရောက်စေဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ဒါမှမဟုတ် ပြန်လည်အသုံးပြုတဲ့ အပ်တွေဟာ အသည်းရောင်အသားဝါ (B) နဲ့ (C) အပြင် HIV လို သွေးကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့ (CDC) က ထုတ်ပြန်ထား ပါတယ်။ ဒါကြောင့် ကိုယ်သွားထိုးတဲ့ တက်တူးဆိုင်က တစ်ခါသုံး အပ်သုံးပါတယ်လို့ ဆိုခဲ့ရင်တောင် အသစ် ဖွင့်လိုက်တဲ့ အပ်ကို ကိုယ်တိုင် မြင်တွေ့ရဖို့နဲ့ အပ်ထုပ်ပိုးထားမှုကို ကြည့်တဲ့အခါ ပျက်စီးမှု တစုံတရာ ရှိ-မရှိ ကို သတိထား စစ်ဆေးဖို့ကလည်း အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။
– ဂရုစိုက်ရမယ့် သုံးတဲ့ စက်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး –
အလှပြင်တက်တူးထိုးတဲ့ ဝန်ဆောင်မှုတွေကို အခုအခါ အများအားဖြင့် အလှပြင်ဆိုင် (Beauty Saloon) တွေ မှာ ဖွင့်ကြလေ့ရှိတာမို့ သုံးတဲ့ စက်ကိရိယာနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဟာ သင့်အတွက် အရမ်းကို အရေးကြီးတာပါတယ်။ အခုကာလက ဒီလို တက်တူးထိုးသူတွေကလည်း များလာတာဆိုတော့ ကိုယ့်ရှေ့က တစ်ယောက် က တက်တူးထိုးသွားပြီးလို့ ကိုယ့်အလှည့်ရောက်လာရင် သုံးတဲ့ စက်တွေ၊ ထိုးပေးတဲ့ နေရာနဲ့ ပတ်ဝန်းကျင် ကို သန့်ရှင်းပြီးပြီလား၊ ပိုးသတ်ပြီးပြီးလား၊ နောက်ပြီး ထိုးပေးမယ့် ဝန်ထမ်းတွေက တစ်ယောက်ကို ထိုးပေးပြီးရင် အဲဒီတုန်းက သုံးခဲ့တဲ့ လက်အိတ်တွေ၊ မျက်နှာဖုံး (Mask) တွေကို လဲလှယ်ရဲ့လား စသဖြင့် သတိထား စစ်ဆေးဖို့ လိုပါတယ်။ မျက်နှာလို နူးညံ့ပြီး ထိခိုက်လွယ်တဲ့ နေရာမှာ တက်တူးထိုးတာဖြစ်လို့ တက်တူးထိုးစက် လို ပြန်ပြီး သုံးရတဲ့ စက်တွေ၊ နေရာတွေ၊ ပတ်ဝန်းကျင်တွေရဲ့ သန့်ရှင်းမှုဟာ သင့်ကျန်းမာရေးအတွက် အ ရမ်းကို အရေးကြီးပါတယ်။
– ရောင်ခြယ်ပစ္စည်း Pigment ကို ဘာကြောင့် သတိထားသင့်တာလဲ –
ခန္ဓာကိုယ်ပေါ် ဆေးတင်တဲ့အခါ သုံးတဲ့ ရောင်ခြယ်ပစ္စည်း (Pigment) ဟာ သင့်ကျန်းမာရေးအတွက် အရေး ကြီးသလို ထိုးတဲ့အခါ ဒီပစ္စည်းထည့်တဲ့ ခွက် (ဆေးခွက်) သန့်ရှင်းရေးဟာလည်း အထူးအရေးပါပါတယ်။ Pigment က ဘယ်လို အမျိုးအစားလဲ ဆိုတာ သိဖို့လိုသလို အဲဒီထဲမှာ ပါဝင်တဲ့ ထုတ်ကုန်အချက်အလက်တွေ ကို ကြည့်လို့ ရမလားဆိုတာ မေးကို မေးရမယ့် မေးခွန်းပါ။ နောက်ပြီး ဒါက ကိုယ်တစ်ဦးအတွက် သီးသန့် သုံးပေးတာလား၊ တခြားသုံးပြီးသားလားဆိုတာကို မေးဖို့ မကျန်ပါစေနဲ့။
တက်တူးထိုးတာဟာ အရေပြားကို အပ်နဲ့ ဖောက်ပြီး ရောင်ခြယ်ပစ္စည်း (Pigment/Ink) ထည့်သွင်းတာဖြစ်လို့ သုံးတဲ့ပစ္စည်းကို သိထားဖို့ လိုသလို ဆေးထည့်တဲ့ ခွက်ရဲ့ သန့်ရှင်းမှုကိုလည်း မဖြစ်မနေ စစ်ဆေးဖို့ လိုပါ တယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (USFDA) ရဲ့ ၂၀၂၅ ခုနှစ်အတွင်း စျေးကွက်ထဲသုံးနေတဲ့ တက်တူးထိုးတဲ့ ဆေးတွေကို ဓာတ်ခွဲစစ်ဆေးမှုလုပ်ခဲ့တဲ့အခါ ဘက်တီးရီးယား ကူးစက်မှုအပြင် ရောဂါဖြစ်စေနိုင်တဲ့ Microorganisms လို ပါတဲ့ ထိုးဆေးနှစ်မျိုး တွေ့ခဲ့လို့ မသုံးဖို့ကို တားခဲ့ကြပါတယ်။ မြန်မာပြည်မှာက ဒီလို စစ်ဆေးမှုတွေ မရှိတာမို့ ဘယ်နိုင်ငံထုတ်၊ ညာနိုင်ငံထုတ်ဆိုတိုင်း စိတ်ချရတာ မဟုတ်လို့ ကိုယ်တိုင် စစ်ဆေးပြီးမှ သုံးခိုင်းတာဟာ အကောင်းဆုံးပါ။
– ဝန်ဆောင်မှုပေးမယ့်သူရဲ့ ကျွမ်းကျင်မှု –
အလှပြင်တက်တူးထိုးတဲ့နေရာမှာ အဓိက အကျဆုံးကတော့ ထိုးပေးမယ့် Permanent Cosmetic Artist ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပါ။ အထူးသဖြင့် မျက်ရစ်မှာ Eyeliner တက်တူးထိုးတာဟာ မျက်လုံးနဲ့ အရမ်းနီးတဲ့ နေရာမှာ ထိုးရတာဖြစ်လို့ ဘယ်နေရာအထိ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာကို ကျွမ်းကျင်သူတွေက သာ သိနိုင်မှာဖြစ်တယ်။
“မျက်ရစ်ထိုးတဲ့အခါ မျက်ရည်ပေါက် (Tear duct) နေရာအထိ မထိုးမိစေရန် အန္တရာယ်ကင်းတဲ့ အတိုင်း အတာအထိပဲ ထိုးပေးပြီး Customer ကိုလည်း အဲဒီအတိုင်းအတာကို နားလည်လက်ခံပေးဖို့ ရှင်းပြရတယ်” လို့ Permanent Cosmetic Artist တစ်ဦးက ပြောပြပါတယ်။
တခါတရံ တက်တူးထိုးသူကိုယ်တိုင်က လှသထက် လှဖို့ကိုပဲ အာရုံကျနေချိန်မှာ ထိုးပေးတဲ့သူက သူ့အလုပ် ပေါ် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကသာ သင့်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှုကို အကြံပြု တိုက်တွန်းနိုင်မှာ ဖြစ်ပါတယ်။ Customer အလိုလိုက်သူကတော့ သင့်ကျန်းမာရေးကို ဂရုစိုက်နေမှာထက် သင့်စိတ်ချမ်းသာ မှုကိုပဲ ကြည့်မှာလေ။
– မလှချင်ခင် ကိုယ့်ကျန်းမာရေးကို ဂရုပြု –
လှချင်လို့ မျက်နှာပေါ် တက်တူးမတင်ခင် စဉ်းစားသင့်တာဟာ ကိုယ့်ရဲ့ ကျန်းမာရေးပါ။ တက်တူးထိုးတယ်ဆိတာ အရေပြားကို အပ်နဲ့ ထိုးဖောက်ရတာ ဖြစ်လို့ သွေးထွက်လွယ်တာ၊ သွေးတိတ်ဖို့ ခက်တာတွေ ဖြစ်နိုင်တာ မို့ ကိုယ်က Hemophilia လို သွေးခဲမှု မမှန်တဲ့ ရောဂါရှိရင်၊ ဒါမှမဟုတ်လို့ သွေးကျဲဆေး သောက်နေရသူဆိုရင် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ဖို့ လိုပါတယ်။ နောက်ပြီး တချို့သူတွေဟာ ထိခိုက်ဒဏ်ရာ (အနာ) တစ်ခုခုဖြစ်ပြီးရင် ကျန်ခဲ့တဲ့ အမာရွတ်ဟာ ပုံမှန်ထက် ပိုထူပြီး ကြီးလာတတ်တဲ့ လက္ခဏာတွေ ရှိလို့ တက်တူး ထိုးတဲ့အခါ အမာရွတ် ကျန်ခဲ့လေ့ရှိတာမို့ ဒါကိုလည်း ဂရုစိုက်ရပါမယ်။ နောက်ပြီး သွေးက တဆင့် ကူးစက်နိုင်တဲ့ ရောဂါရှိသူတွေဟာလည်း တက်တူးထိုးပေးမယ့်၊ ဝန်ဆောင်မှုပေးမယ့်သူတွေကို ကြိုတင်သတိပေးထား သင့်ပါတယ်။
ရန်ကုန်မြို့ရှိ Beauty Salon တစ်ခုက Cosmetic Tattoo Artist တစ်ဦးကတော့ “ညီမတို့ဆီမှာ မျက်ခုံး၊ မျက်ရစ်၊ နှုတ်ခမ်းတွေ တက်တူးထိုးမယ်ဆိုရင် အရင်ဆုံး Customer နဲ့ ဆွေးနွေးပါတယ်။ စာရွက်မှာလည်း ဓာတ်မတည့်တာ ရှိ၊ မရှိ၊ ထုံဆေးသုံးခွင့်ပေး၊ မပေး တစ်ခါတည်း မေးမြန်းပြီး လက်မှတ်ထိုးပါတယ်။ ဒါမှ ကာယကံရှင်ရော ဝန်ဆောင်မှုပေးရတဲ့ ညီမတို့လုပ်ငန်းရော နှစ်ဘက်စလုံး ဘေးကင်းစိတ်ချအောင် စီစဉ်လို့ရပါတယ်” လို့ ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ အခုဆိုရင် Cosmetic တက်တူးထိုးပေးတဲ့ အလှအပဆိုင်ရာ ဝန်ဆောင်မှုတွေ ပိုပြီးကျယ်ပြန့် လာသလို လက်လှမ်းမီကြလို့ ထိုးသူတွေ များလာနေပါတယ်။ အလှပြင်တက်တူးဆိုတာ အရေပြားကို အပ်နဲ့ ထိုးဖောက်ပြီး လုပ်ရတာ ဖြစ်လို့ လှချင်တာတစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လှပမှုကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုကို ထိပ်တန်းထား ပြီး တစ်ပါတည်း ရွေးချယ်နိုင်ရေးဟာ အရေးကြီးပါကြောင်း သတိပေးလိုက်ပါတယ် ရှင့်။