Skip to content
Ads Advertisement

စိတ်အတွင်းထဲက အသံမကြားရတဲ့ တိုက်ပွဲ

ကိုမင်းသူက အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး။ သူက မိသားစုကို ဦးဆောင်သူ၊ အလုပ်မှာ တာဝန်သိတဲ့ ဝန်ထမ်း၊ သားသမီးနှစ်ယောက်ရဲ့ ဖခင်။ လူတိုင်းက သူ့ကို “သန်မာတဲ့ ယောကျာ်း” လို့ပဲ မြင်နေကြပါတယ်။ သူကလည်း သူ့ကိုယ့်သူ ဒီလိုပဲ ထင်နေခဲ့ပါတယ်။ ဒါပေမဲ့ ညတိုင်း အိပ်ရာဝင်တဲ့အခါ သူ့စိတ်ထဲမှာ တစ်ခုခုနဲ့ လေးလံနေလေ့ရှိပြီး အလုပ်ဖိအား၊ ငွေရေးကြေးရေး စိုးရိမ်မှု၊ သားသမီးတွေအနာဂတ်အတွက် ပူပန်မှုတွေက သူ့ကို တဖြည်းဖြည်း ဖိနှိပ်နေတာပေါ့။ ဒါကို သူက ဘယ်သူ့ကိုမှ မပြောရဲပါဘူး။ “ငါက ယောကျာ်းပဲ၊ ဒီလိုခံစားချက်တွေကို ဖုံးထားရမယ်” လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေခဲ့ပါတယ်။

တစ်နေ့မှာ သူ့ဇနီးက သတိထားမိပြီး “ဘာဖြစ်နေတာလဲ။ မျက်နှာက မလန်းဘူး အဆင်ပြေရဲ့လား” လို့ မေးလာပါတယ်။ သူက ပြုံးပြီး “ဘာမှ မဖြစ်ဘူး။ ပင်ပန်းနေတာပါ” လို့ ပြန်ဖြေလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ သူဟာ တဖြည်းဖြည်း အထီးကျန်လာနေပါတယ်။ အိပ်မပျော်တော့သလို စားချင်စိတ်လည်း လျော့လာပါတယ်။ တခါတလေ အလုပ်ထဲလည်း အာရုံစိုက်မရတော့ပါဘူး။

နောက်ဆုံးမှာ သူ့ သူငယ်ချင်းတစ်ယောက်က ဒါကို သတိထားမိပြီး စကားပြောဖို့ စပြောပါတော့တယ်။ “ဒီလို ဆက်သွားနေရင် မကောင်းဘူး။ ဘာဖြစ်နေလဲ ပြောပြလေ” လို့ ဆိုလာပါတယ်။ အစပိုင်းမှာ ကိုမင်းသူက ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းရဲ့ စိတ်ရှည်စွာ နားထောင်ပေးလိုမှုကြောင့် တဖြည်း ဖြည်းချင်း စကား စပြောလာပါတယ်။ အဲဒီနေ့ကစပြီး သူဟာ ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်မထားတော့ဘဲ မျှဝေလာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ စိတ်ပညာရှင်တစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးဖို့ ဆုံး ဖြတ်လိုက်ပြီး ပထမဆုံးအကြိမ်ဖြစ်လို့ သူ အရမ်းရှက်ခဲ့ပါတယ်။ ဒါပေမဲ့ တိုင်ပင်ပြီးတဲ့အခါ သူ့စိတ်ထဲက ဝန်ထုပ်ဝန်ပိုးတွေ တဖြည်းဖြည်း ပေါ့ပါးလာတာကို ခံစားရပါတယ်။ အခုတော့ ကိုမင်းသူ တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာသလို၊ တခြားအမျိုးသားတွေကိုလည်း “အကူအညီတောင်းတာ သတ္တိရှိတာပါ” လို့ ပြောတတ်လာပါတယ်။

ကိုမင်းသူရဲ့ ဇာတ်လမ်းကနေ ပြနေတာက အမျိုးသားတွေဟာလည်း စိတ်မကောင်းဖြစ်ခွင့်ရှိတယ်ဆိုတာပါပဲ။ အခုလို ဖုံးကွယ်ထားတဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ အမျိုးသားတွေရဲ့ ဖြစ်စဉ်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာပါ။ လူမှုရေးအရ “ယောကျာ်းပီသရမယ်၊ ခံ နိုင်ရည်ရှိရမယ်၊ ခံစားချက်ကို မပြရဘူး” ဆိုတဲ့ စံနှုန်းတွေက အမျိုးသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဒုက္ခတွေကို ဖော်ထုတ်ခွင့်မပေးဘဲ စိတ်တွင်းထဲမှာပဲ သိမ်းဆည်းထားစေခဲ့ပါတယ်။ ဒီအလေ့အထက ဒီကနေ့ခေတ်မှာတော့ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနေပါပြီ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အချက်အလက်တွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်း ပိုပြီး မြင့်မားပါတယ်။ ဒီအချက်က အမျိုးသားတွေမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီ လုံလောက်စွာ မရရှိနေဘူးလို့ ပြသနေတာလည်း ဖြစ်တယ်။ အလုပ်ဖိအား၊ ငွေရေးကြေး ရေး ပြဿနာ၊ မိသားစုတာဝန်၊ လူမှုရေးမျှော်လင့်ချက် စတဲ့ အကြောင်းအရာတွေက အမျိုးသားတွေကို တိတ်တဆိတ် ဖိနှိပ်နေပါတယ်။ သို့သော် အများစုကတော့ ဒီဖိအားတွေကို “ပုံမှန်” လို့ပဲ ယူဆပြီး ကိုယ်တိုင် ဖြေရှင်းဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေး ပြဿနာကို ဖုံးကွယ်ထားတာဟာ အန္တရာယ် အရမ်းကြီးပါတယ်။ စိတ်ဓာတ်ကျတာဟာ အလုပ်စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သလို၊ မိသားစုဆက်ဆံရေးအပေါ်လည်း ဆိုးကျိုးသက် ရောက်စေပါတယ်။ ဒါကို ဖြေဖျောက်ဖို့အတွက် တချို့အမျိုးသားတွေဟာ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါးကို အားကိုးလာတတ်ပြီး ဒါက ပိုပြီးဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။ နောက်ဆုံးအဆင့်မှာတော့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ အပြုအမူတွေအထိ ရောက်ရှိသွားနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ ခံစားချက်ကို ဖော်ပြတာဟာ အားနည်းချက်လို့ မြင်တတ်တဲ့အတွက် ပြဿနာတွေကို အချိန်မီ မဖြေရှင်းနိုင်ဘဲ ပိုမိုနက်ရှိုင်းသွားတတ်လို့ပဲ ဖြစ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ပထမဆုံး လိုအပ်တာက သတိရှိမှု ဖြစ်ပါတယ်။ အမျိုးသားတွေကိုယ်တိုင်က “ငါ့မှာ ပြဿနာ ရှိနေတယ်” ဆိုတာကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ စိတ်မကောင်းဖြစ်တာ၊ စိုးရိမ်ပူပန်တာ၊ အထီးကျန်ခံစားရတာ စတဲ့ ခံစားချက်တွေဟာ လူသားတိုင်း ကြုံတွေ့ရနိုင်တဲ့ ပုံမှန်အရာတွေ ဖြစ်ပါတယ်။ ဒါကို ဖုံးကွယ်ထားတာက သတ္တိရှိတာ မဟုတ်ဘဲ၊ အကူအညီတောင်းခံတာကသာ စစ်မှန်တဲ့ သတ္တိ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကြိုးစားတာ၊ ခံစားချက်တွေကို ဂရုစိုက်တာဟာ အားနည်းချက် မဟုတ်ဘဲ ခိုင်မာမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ခံယူဖို့ပါ။

ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးပါတယ်။ အမျိုးသားတစ်ဦးက စိတ်ပိုင်းဆိုင်ရာ ဒုက္ခခံစားနေရတယ်ဆိုရင် သူ့ကို “မင်းက ယောကျာ်းပဲ၊ ခိုင်မာရမယ်” လို့ ပြောမယ့်အစား “မင်း ဘယ်လိုခံစားနေရလဲ၊ ငါ နားထောင်ပေးမယ်” ဆိုတာမျိုးနဲ့ ပြောပေးတာ၊ နားထောင်ပေးတာ၊ နားလည်ပေးတာ၊ ဝေဖန်မှုမရှိဘဲ လက်ခံပေးတာ စတဲ့ အပြုအမူတွေက သူတို့အတွက် အကြီးမားဆုံး အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ တခါတရံမှာ နားထောင်ပေးရုံနဲ့တင် သူတို့ရဲ့ စိတ်ဝန်ထုပ်တွေ တစ်ဝက်လောက် ပေါ့ပါးသွားစေနိုင်ပါတယ်။

အလုပ်ခွင်ဆိုင်ရာ စိတ်ကျန်းမာရေးကိုလည်း ပိုမိုအလေးထားသင့်ပါတယ်။ အလုပ်ရှင်တွေအနေနဲ့ ဝန် ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မပြတ် စောင့်ကြည့်ပေးပြီး လိုအပ်ရင် အကူအညီပေးနိုင်တဲ့ စနစ်တွေ ဖန်တီးထားသင့်ပါတယ်။ စိတ်ကျန်းမာရေးဆိုင်ရာ အားလပ်ရက်၊ တိုင်ပင်ဆွေးနွေးခွင့်၊ စိတ်ဖိစီးမှုလျှော့ချရေး အစီအစဉ် စတဲ့ အရာတွေကို ဖန်တီးပြီး အလုပ်ခွင်ထဲက အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်။ အလုပ်ခွင်က စိတ်ဖိစီးမှု မြင့်တဲ့ လုပ်ငန်းမျိုးဖြစ်နေရင် စိတ်ခံစားချက်ကို ထုတ်ဖော်ပြောဆိုနိုင်တဲ့ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုကို တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့ အမျိုးသားတွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုပါတယ်။ နေ့စဉ် လေ့ကျင့်ခန်းလုပ်တာ၊ လုံလောက်စွာ အိပ်စက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားသုံးတာ၊ လူမှုရေးဆက်ဆံရေးကို ထိန်းသိမ်းတာ စတဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်တွေက စိတ်ကျန်းမာရေးကို အများကြီး အထောက်အကူပြုပါတယ်။ လိုအပ်ရင် ပရော်ဖက်ရှင်နယ်တွေဆီ အကူအညီ တောင်းခံတာမျိုးကို မရှက်သင့်ပါဘူး။ စိတ်ပညာရှင် သို့မဟုတ် အကြံပေးပုဂ္ဂိုလ်နဲ့ စကားပြောခြင်းဟာ အားနည်း ချက် မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

Men’s Mental Health Day ဟာ တစ်နှစ်မှာ တစ်ရက်သာ ရှိသော်လည်း၊ အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ရမယ့် တာဝန်က တစ်နှစ်ပတ်လုံး ရှိနေပါတယ်။ ဒီနေ့ကစပြီး ကျွန်တော်တို့အား လုံး အမျိုးသားတွေ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်တဲ့ ပတ်ဝန်းကျင်က ဖန်တီးပေးကြပါစို့။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို လက်ခံပေးကြပါစို့။ အကူအညီတောင်းခံသူတွေကို အားပေးကြပါစို့။

အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်မှသာ မိသားစုဘဝတွေ ကောင်းမွန်နိုင်မှာ ဖြစ်သလို လူ့အဖွဲ့ အစည်းတစ်ခုလုံးလည်း ပိုမိုခိုင်မာလာစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး “အမျိုးသားတွေလည်း စိတ်မကောင်းဖြစ်ခွင့်ရှိတယ်” ဆိုတဲ့ အတွေးအခေါ်ကို ပျံ့နှံ့အောင် လုပ်ဆောင်ကြပါစို့။ သူတို့ကို နားထောင်ပေးတာ၊ နားလည်ပေးတာ၊ အားပေးတာဟာ သူတို့ဘဝကိုသာမက ကျွန်တော်တို့အားလုံးရဲ့ လူမှုအသိုင်းအဝိုင်းကိုပါ ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement