• ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်းက ကျောင်းသား/သူတွေကို ကရင် ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက Vitamin A နဲ့ သန်ချဆေး လိုက်လံတိုက်ကျွေးတာတွေ လုပ်ခဲ့ပါတယ်။
• တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်းက ဆေးအရောင်းဆိုင်တွေကို ကွင်းဆင်းစစ်ဆေးရာမှာ ရက်လွန်ဆေးဝါးနဲ့ စပ်ဆေး ရောင်းချတာတွေ တွေ့ခဲ့လို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
• အခြေခံအဆောက်အအုံ ဖြည့်ဆည်းတာအပြင် လူနာတွေ ဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ်တွေကို ကျန်းမာရေးဝန်ထမ်းတစ်ဦးချင်းစီကနေ ကျန်းမာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသူအထိ အလေးထား ဆောင်ရွက်ရမယ်လို့ ကျန်းမာရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာရဲမြင့်က ကမ္ဘ့ာ လူနာဘေးကင်းလုံခြုံရေး အထိမ်းအမှတ် အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။
• ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့နယ်တွင်းနဲ့ နမ့်ပန်းမြို့နယ်ထဲက ဒေသခံတွေအတွက် ပြည်သူကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန (ကျိုင်းတုံ) ဦးဆောင်မှုနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၊ အမှတ် (၃) တပ်မတော်ဆေးရုံ ( ခုတင် ၃၀၀) နဲ့ မိုင်းလားပြည်သူ့ဆေးရုံကြီးက ဝန်ထမ်းတွေက စက်တင်ဘာ ၁၂ ကနေ ၁၃ ရက်အထိ အခမဲ့ကွင်းဆင်းကုသပေးခဲ့ပါတယ်။ ကွင်းဆင်းမှုအတွင်း အထွေထွေရောဂါ၊ ခွဲစိတ်၊ ကလေးရောဂါ၊ သားဖွား/မီးယပ်၊ အရိုး/အကြော၊ မျက်စိ/နား/နှာခေါင်း/လည်ချောင်း၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး၊ သွားနှင့် ခံတွင်း၊ စိတ်ကျန်းမာရေးအပြင် ကင်ဆာဝေနုဦရှင် စုစုပေါင်း ၇၈၃ ဦးကို ကုသပေးခဲ့ပါတယ်။
• တရုတ်နိုင်ငံ၊ ကျန်းရှီးပြည်နယ်၊ နန်ချမ်းမြို့၊ တရုတ်တိုင်းရင်းဆေးပညာ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု Conference Center မှာ စက်တင်ဘာ ၂၄ ရက်က ပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) တိုင်းရင်းဆေးပညာဆိုင်ရာ ဖိုရမ်ကို မြန်မာကိုယ်စားပြုအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဦးဆောင်တဲ့အဖွဲ့က တက်ရောက်ခဲ့ပါတယ္်။
• ဗိုက်အောင့်ဝေဒနာနဲ့ ရောက်ရှိလာတဲ့ အသက် (၇) နှစ်အရွယ် ကလေးငယ်ကို ဓာတ်မှန်စစ်ဆေးချက်အရ အတက်ပြည်တည်နာ (Appendicular Abscess) လို့ သတ်မှတ်ပြီး ခွဲစိတ်ကုသစဉ် ခါးကြွက်သားတွင်း ပုန်းကွယ်နေတဲ့ ခါးကြွက်သား ပြည်တည်နာ (Psoas Abscess) ဖြစ်တာကို တွေ့ရှိခဲ့ရသော်လည်း အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တယ်လို့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ထားပါတယ်။
• မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ကျင်းပတဲ့ (၁၇) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပေးအပ်တဲ့ “2026 ASEAN SMOKE-FREE AWARD” တတိယဆုကို သံဖြူဇရပ်မြို့က ရရှိခဲ့ပါတယ်။
• ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ လာရောက်ကုသသူ အရေအတွက်ဟာ ကျဆင်းလာပြီး တစ်ရက်ကို လူနာသစ် ၂၀ ဦးခန့်သာ ရှိတော့တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ထားပါတယ်။ ဆေးရုံကြီးမှာ လူနာတွေအတွက် ဆေးဝါးနဲ့ အထူးကြပ်မတ်ကုသမှုတွေကို အခမဲ့ ဆောင်ရွက်ပေးပါတယ်။
• HIV ရောဂါခံစားရသူတွေအတွက် ART ဆေးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ သက်ဆိုင်ရာက ပြန်ထုတ်ပေးနေပေမယ့် အကန့်အသတ်နဲ့သာ ပေးတဲ့အတွက် ဆေးဝါး ထပ်ပြီး ပြတ်လပ်မှာကို စိုးရိမ်နေကြတယ်လို့ ဆေးဝါးသုံးစွဲနေသူတွေကို ကိုးကားပြီး တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်တဲ့ BNI က ဖော်ပြထားပါတယ်။
• Ozempic နဲ့ Mounjaro လို ကိုယ်အလေးချိန်လျှော့ချဆေးတွေ ထုတ်လုပ်တဲ့ GLP-1 ကုမ္ပဏီတွေကို အမေရိကန်မှာ လူဒါဇင်နဲ့ချီက တရားစွဲထားပြီး ဆေးကြောင့် ရှားပါးရောဂါတစ်မျိုးဖြစ်ပွားကာ အမြင်အာရုံ အမြဲတမ်းဆုံးရှုံးနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖြစ်ပါတယ်။ ဒါဟာ GLP-1 ဆေးဝါးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကာ ဒီဆေးကို အမေရိကန်က လူသန်းပေါင်းများစွာဟာ အဝလွန်မှုတိုက်ဖျက်ရေး အထောက်အကူအဖြစ် သုံးနေကြတာ ဖြစ်ပြီး လာမယ့် ၁၀ နှစ်အတွင်း ဒီလုပ်ငန်းတွေရဲ့ ရောင်းအားဟာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံလောက်အထိ ရှိလာမယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။
• မီးယပ်သွေးဆုံးချိန် ဖြစ်တတ်တဲ့ လက္ခဏာတွေကို သက်သာစေတဲ့ Testosterone ကုသမှုကို ခံယူနေတဲ့ အမျိုးသမီးတွေဟာ ဆေးဆိုင်တွေကနေ ဆေးညွှန်းကို အချိန်မီ မရတာ၊ ဆေးညွှန်းကို ငြင်းပယ်ခံရတာတွေကို ကြုံနေရတယ်လို့ ဆရာဝန်၊ သူနာပြုနဲ့ လူနာ ခုနစ်ဦးကျော်ကို မေးမြန်းပြီး ရိုက်တာက သတင်းရေးသားထားပါတယ်။ အမေရိကန်မှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က အတည်ပြုထားတဲ့ Testosterone ဆေးဝါး မရှိသေးပါဘူး။ တချို့ အမျိုးသမီးတွေဟာ Testosterone ကို ရောဂါလက္ခဏာ သက်သာမှုအတွက်သာ မဟုတ်ဘဲ မီးယပ်သွေးဆုံးချိန်နဲ့ ဆက်စပ်တဲ့ လိင်စိတ်ဆန္ဒနည်းပါးတဲ့ အခြေအနေကို ကုစားဖို့အတွက် သုံးနေတာမျိုး ရှိတယ်လို့ ရိုက်တာသတင်းမှာ ပါရှိပါတယ်။
• မျက်စိလျင်မြန်စွာ လှုပ်ရှားတဲ့ အိပ်စက်ခြင်း (Rapid Eye Movement – REM) အဆင့်မှာ အချိန်ကြာကြာ အိပ်စက်နိုင်သူဟာ စိတ်ကျ၊ နှလုံးအားနည်း၊ ပါကင်ဆန်အပါအဝင် ရောဂါအခြေအနေ ၈၃ မျိုး ဖြစ်နိုင်ခြေမှာ တခြားသူတွေ ထက် ပိုနည်းတာကို လူပေါင်း တစ်သိန်းနီးပါးကို လေ့လာထားတဲ့ သုတေသနတစ်ခုအရ တွေ့ရှိထားတယ်လို့ Science Daily သတင်းမှာ ပါရှိပါတယ်။ ဒီသူတွေဟာ အမျိုးအစား (၂) ဆီးချိုနဲ့ ပြင်းထန်စိတ်ကျရောဂါလို အခြေအနေတွေမှာ လည်း ဖြစ်နိုင်ခြေ ပိုနည်းတယ်လို့ ဆိုထားပါတယ်။