လှေကားအတက်အဆင်းလုပ်တဲ့အခါ ဒူးနာတတ်ပါသလား။ အချိန်အကြာကြီး ထိုင်ပြီး ပြန်ထတဲ့အခါ အဆစ်တွေ တောင့်တင်းနေတတ်ပါသလား။ ဒီလိုအဆစ်နာကျင်တာ၊ တောင့်တင်းတာတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အရိုးအဆစ်ရောင်ရမ်းယိုယွင်းခြင်း (Osteoarthritis – OA) ဖြစ်ပါတယ်။
Osteoarthritis ဟာ အဖြစ်အများဆုံး အဆစ်ရောဂါတစ်မျိုးဖြစ်ပြီး ဒူး၊ တင်ပါးဆုံအဆစ်၊ လက်အဆစ်တွေနဲ့ ကျောရိုးတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။
ပုံမှန်ကျန်းမာတဲ့ အဆစ်တစ်ခုမှာ အရိုးနှစ်ခုရဲ့ ထိပ်ဖျားတွေကို ချောမွေ့တဲ့ အရိုးနု (Cartilage) က ဖုံးအုပ်ထားပါတယ်။ ဒီအရိုးနုကြောင့် အရိုးတွေဟာ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မှုနည်းနည်းနဲ့ ချောချောမွေ့မွေ့ လှုပ်ရှားနိုင်ပါတယ်။ Osteoarthritis ဖြစ်လာတဲ့အခါ အရိုးနုတစ်ခုတည်းသာမက အဆစ်အတွင်းနဲ့ အဆစ်ပတ်ဝန်းကျင်က အရိုးနဲ့ တခြားတစ်ရှူးတွေမှာပါ တဖြည်းဖြည်း ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဒီကနေ အဆစ်နာကျင်ခြင်း၊ တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်းနဲ့ အဆစ်လှုပ်ရှားရခက်ခဲခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
အသက်အရွယ်ကြီးလာခြင်း၊ ယခင်က အဆစ်ထိခိုက်ဒဏ်ရာရဖူးခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အဆစ်တစ်ခုကို ထပ်ခါထပ်ခါ ဝန်ပိစေတဲ့ အလုပ် သို့မဟုတ် လှုပ်ရှားမှုတွေ ပြုလုပ်ရခြင်း၊ အဆစ်ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတချို့နဲ့ မျိုးရိုးဗီဇဆိုင်ရာအချက် စတာတွေကြောင့် ဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။
Osteoarthritis မှာ အဖြစ်အများဆုံး လက္ခဏာကတော့ အဆစ်နာကျင်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် လှုပ်ရှားနေချိန် ဒါမှမဟုတ် လှုပ်ရှားပြီးတဲ့နောက်မှာ ပိုနာတတ်ပါတယ်။ မနက်အိပ်ရာထချိန် ဒါမှမဟုတ် အချိန်အကြာကြီး ထိုင်နေပြီး ပြန်လှုပ်ရှားတဲ့အခါ အဆစ်တောင့်တင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ကတော့ အဆစ်ရောင်ခြင်း၊ လှုပ်ရှားနိုင်မှု လျော့နည်းလာခြင်းနဲ့ အဆစ်လှုပ်ရှားတဲ့အခါ တဂျွတ်ဂျွတ်၊ တကျွတ်ကျွတ် အသံမြည်တာမျိုးတွေ ခံစားရတတ်ပါတယ်။ Osteoarthritis အပြင် ဂေါက်ရောဂါ၊ လေးဖက်နာအဆစ်ရောင်ရောဂါ (Rheumatoid arthritis)၊ ထိခိုက်ဒဏ်ရာနဲ့ အဆစ်ပိုးဝင်ခြင်းတို့ကြောင့်လည်း အဆစ်နာနိုင်ပါတယ်။
လေ့ကျင့်ခန်းနဲ့ Osteoarthritis
လေ့ကျင့်ခန်းဟာ Osteoarthritis ကို ထိန်းချုပ်ကုသရာမှာ အရေးကြီးဆုံး နည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ကိုယ့်အခြေအနေနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်ပေးခြင်းက အဆစ်ပတ်ဝန်းကျင်က ကြွက်သားတွေကို သန်မာစေပြီး အဆစ်လှုပ်ရှားနိုင်မှုကို ထိန်းသိမ်းပေးသလို နာကျင်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။
ဒူးအဆစ် Osteoarthritis ရှိသူတွေအတွက် လုပ်နိုင်တဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကတော့ —
- ထိုင်ရာကနေ မတ်တပ်ရပ်ခြင်း (Sit-to-stand) — ခိုင်ခံ့တဲ့ ထိုင်ခုံတစ်လုံးမှာ ထိုင်ပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း ပြန်ထိုင်ပါ။ ကိုယ်လုပ်နိုင်သလောက် အကြိမ်ရေကနေ စတင်နိုင်ပါတယ်။
- ခြေထောက်ဆန့်ပြီး မြှောက်ခြင်း (Straight-leg raise) — လှဲအိပ်ပြီး ဒူးတစ်ဖက်ကို ကွေးထားကာ ကျန်တစ်ဖက်ကို ဆန့်ထားပါ။ ဆန့်ထားတဲ့ဘက်က ပေါင်ကြွက်သားကို တင်းထားပြီး ခြေထောက်ကို ဖြည်းဖြည်း မြှောက်ပါ။ ခဏထိန်းထားပြီး ဖြည်းဖြည်း ပြန်ချပါ။
- လမ်းလျှောက်ခြင်း — ကိုယ်ခံနိုင်တဲ့ အကွာအဝေးကနေ စတင်ပြီး တဖြည်းဖြည်း တိုးနိုင်ပါတယ်။
- စက်ဘီးစီးခြင်း၊ ရေကူးခြင်းနဲ့ ရေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်း တို့ကလည်း အဆစ်ပေါ် သက်ရောက်တဲ့ ဝန်အားနည်းတဲ့ လေ့ကျင့်ခန်းကောင်းတွေ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်း စတင်ပြီး ကိုယ်ခံနိုင်ရည်နဲ့အမျှ တဖြည်းဖြည်း တိုးသင့်ပါတယ်။ စလုပ်ခါစမှာ အနည်းငယ် နာကျင်မအီမသာ ဖြစ်နိုင်ပေမယ့် နာကျင်မှု အလွန်ပြင်းထန်လာတာ ဒါမှမဟုတ် အချိန်ကြာကြာ ပိုဆိုးနေတယ်ဆိုရင်တော့ ဆရာဝန် သို့မဟုတ် Physiotherapist နဲ့ တိုင်ပင်သင့်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချခြင်း
ကိုယ်အလေးချိန်များနေသူတွေအတွက် ကိုယ်အလေးချိန် အနည်းငယ်လျှော့ချနိုင်တာကတောင် ဒူးနဲ့ တင်ပါးဆုံအဆစ်လို ကိုယ်အလေးချိန်ကို ထမ်းထားရတဲ့ အဆစ်တွေပေါ် ကျရောက်တဲ့ ဝန်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်းနဲ့ အာဟာရမျှတစွာ စားသောက်ခြင်းတို့ဟာ Osteoarthritis ကို ထိန်းချုပ်ရာမှာ အရေးကြီးပါတယ်။
ဆေးဝါးနှင့်ကုထုံးများ
အဆစ်နာတဲ့နေရာနဲ့ ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး လိမ်းဆေး သို့မဟုတ် သောက်ဆေးအမျိုးအစား အကိုက်အခဲပျောက်ဆေးတွေ၊ Physiotherapy၊ လမ်းလျှောက်အထောက်အကူပြုပစ္စည်းတွေနဲ့ အဆစ်အတွင်း ဆေးထိုးကုသခြင်း စတာတွေကို အသုံးပြုနိုင်ပါတယ်။ Osteoarthritis အလွန်ပြင်းထန်ပြီး တခြားကုသမှုတွေနဲ့ မသက်သာတော့ဘဲ နေ့စဉ်ဘဝကို သိသိသာသာ ထိခိုက်လာရင် အဆစ်အစားထိုး ခွဲစိတ်ကုသခြင်းကို စဉ်းစားနိုင်ပါတယ်။
အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတချို့နဲ့ ရောင်ရမ်းမှုလျော့စေတဲ့ဆေးတွေကို မကြာခဏ သောက်သုံးရင် အစာအိမ်၊ ကျောက်ကပ်နဲ့ နှလုံး စတာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ အချိန်ကြာကြာ ဆက်တိုက်သောက်နေမယ့်အစား ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကုသမှုကို ရွေးချယ်တာက ပိုသင့်တော်ပါတယ်။
အဆစ်နာတာ ကြာရှည်နေခြင်း၊ ပိုဆိုးလာခြင်း ဒါမှမဟုတ် နေ့စဉ်လှုပ်ရှားမှုတွေကို ထိခိုက်လာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အဆစ်တစ်ခု ရုတ်တရက် အလွန်နာလာတာ၊ ပူနီရောင်ရမ်းလာတာ၊ အဖျားပါလာတာ ဆိုရင်တော့ အမြန်ဆုံး ဆေးကုသမှုခံယူသင့်ပါတယ်။
Osteoarthritis ဖြစ်တယ်ဆိုတာနဲ့ပဲ အဆစ်ကို မလှုပ်ဘဲ အနားပေးထားရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အခြေအနေနဲ့ သင့်တော်တဲ့ လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေကို ဆက်လုပ်ပေးတာက ကုသမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ကို သင့်တင့်အောင် ထိန်းခြင်းနဲ့ လိုအပ်တဲ့ကုသမှု ခံယူခြင်းတို့က နာကျင်မှုကို လျော့နည်းစေပြီး နေ့စဉ်ဘဝမှာ ဆက်လက်တက်ကြွလှုပ်ရှားနိုင်အောင် ကူညီပေးနိုင်ပါတယ်။
References
- National Institute for Health and Care Excellence (NICE). Osteoarthritis in over 16s: diagnosis and management (NG226). 2022; updated 2025.
- American College of Rheumatology/Arthritis Foundation. 2019 Guideline for the Management of Osteoarthritis of the Hand, Hip, and Knee. Arthritis Care & Research. 2020;72(2):149–162.
- World Health Organization. Osteoarthritis. Fact sheet. 2023.
- American Academy of Orthopaedic Surgeons. Management of Osteoarthritis of the Knee (Non-Arthroplasty), Third Edition. Clinical Practice Guideline. 2021.