Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (October First Week)

• တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ ရေကြီးပြီးတဲ့နောက် ဖြစ်လာတဲ့ အညစ်အကြေးတွေကြောင့် သန့်ရှင်းစိတ်ချရတဲ့ ရေနဲ့ အစားအစာကိုသာ အသုံးပြုဖို့၊ လိုအပ်ရင် ရေကို ကြိုချက်သောက်သုံးဖို့နဲ့ ဖျားနာတာ၊ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ အမြန်ဆုံးကုသမှု ခံယူကြဖို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

• စက်တင်ဘာ ၁၈ ကနေ ၂၆ ရက်အထိ တိုင်းနဲ့ ပြည်နယ် ငါးခုမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဗဟိုအဆင့် ဆေးရုံ၊တိုင်းနဲ့ ပြည်နယ် ကုသရေး ဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသရသူ ၈၃ ဦးအထိ ရှိယတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဖြစ်ပွားသူ အများစုဟာ ရန်ကုန်တိုင်းက ဖြစ်ပြီး သာမန်အဆင့် ၃၀ ဦးနဲ့ ပြင်းထန်အဆင့် ၃၅ အထိ ရှိပြီး ရခိုင်မှာ ပြင်းထန် ငါးဦး၊ မွန်မှာ သာမန်အဆင့် ခြောက်ဦးနဲ့ ပြင်းထန် နှစ်ဦး၊ မကွေးမှာ သာမန်အဆင့် နှစ်ဦးနဲ့ ပြင်းထန် တစ်ဦး၊ ကရင်ပြည်နယ်မှာ သာမန်အဆင့် ဖြစ်ပွားသူ နှစ်ဦးတို့ ဖြစ်ပါတယ်။

• အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ လုပ်ငန်းခွင်ထဲ အထည်ဖြတ်စက်နဲ့ ထိခိုက်မိလို့ ဘယ်ဘက်လက်ညှိုး ပြတ်သွားတာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နဂိုအတိုင်း ပြန်ဆက်ပေးနိုင်ခဲ့ပြီး ခွဲစိတ်ပြီး ၂၉ ရက်အကြာ စက်တင်ဘာ ၉ ရက်ကတည်းက ဆေးရုံဆင်းခွင့် ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ လက်ဖျံ၊ လက်မောင်း၊ လက်မ၊ လက်ဖဝါးနဲ့ လက်ညှိုးထိခိုက်လို့ ခွဲစိတ်ပြီး ပြန်ဆက်ကုသပေးခဲ့ရသူ ခုနစ်ဦးအထိ ရှိပါတယ်။

• လေးပါးရာဇာ သွေးတိုးပျောက်ဆေးကြီး၊ ဆရာကြီး ဦးတင်အေးရဲ့ ကချင် သွေးတိုးကျလေနှင်ဆေး၊ ရှင်း သွေးတိုးကျဆေးနဲ့ ရွှေမင်းသားတံဆိပ် အားတိုးဆေးမှုန့် စတဲ့ ဆေးတွေဟာ မှတ်ပုံမတင်ထားတဲ့ တိုင်းရင်းဆေးတွေ ဖြစ်လို့ မသုံးစွဲသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

• အနောက်တိုင်းဆေး (ပါရာစီတာမော) တွေ ရောထားပြီး မှတ်ပုံတင်နဲ့ ဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် မရှိတဲ့ အာရှရွှေကြယ်တ့ဆိပ် ချောင်းဆိုးရင်ကျပ်သောက်ဆေး ဆေးမှုန့်နဲ့ အထုပ်၊ ရတနာဖြိုးတံဆိပ် အဆစ်ရောင်ရောဂါသောက်ဆေး ဆေးမှုန့်နဲ့ ဆေးထုပ်၊ ဆေးတံဆိပ် မပါတ့ ဆေးမှုန့်နဲ့ ဆေးထုပ်တွေကို သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရပ်ကွက်ထဲက နေအိမ်တစ်အိမ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးရှာဖွေ ရာကနေ တွေ့ါရှိခဲ့တယ်လို့ တိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

• လူကြီးတွေ ဖြစ်လေ့ရှိတဲ့ ပါကင်ဆန် (Parkinson’s) ရောဂါကို ကုသနိုင်မယ့် AbbVie ကုမ္ပဏီထုတ် ဆေးဝါးသစ်ကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က အတည်ပြုပေးလိုက်ပြီးလို့ Reuters သတင်းက ရေးသားထားပါတယ်။

• ထိုင်းနိုင်ငံမှာ မိုးသည်းထန်ပြီး ရေကြီးမှုဖြစ်နေစဉ်အတွင်း ရေထဲကနေတဆင့် ကူးစက်တဲ့ လေးတိုးစပိုင်းရိုးဆစ် (Leptospirosis) ကြွက်ဆီးရောဂါ ကူးစက်ခံရသူ ၃,၃၀၃ ဦးနဲ့ သေဆုံးသူ ၄၆ ဦးအထိ ရှိလာတာကြောင့် အထူးသတိပြုဖို့ လိုတယ်ဆိုပြီး ထိုင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က သတိပေးထားပါတယ်။

• အမေရိကန်၊ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ဒီနှစ်အတွင်း မြန်မြန်ဆန်ဆန် ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါကြောင့် သေဆုံးသူ ငါးဦး ရှိလာပြီး ၁,၀၀၀ နီးပါးဟာလည်း ရောဂါကူးစက်ခံထားရပြီး လန်ကန်စတာကောင်စီမှာ သေဆုံးခဲ့သူဟာ ကာကွယ်ဆေးမထိုးထားသူ ဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေး ဌာနက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ထားပြီး သေဆုံးမှုကိုလည်း အမေရိကန် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ (CDC) ကိုလည်း အကြောင်းကြားထားပါတယ်။ ခရိုင် ၃၉ ခုရှိတဲ့ ပြည်နယ် ထဲမှာ ၂၀၂၆ ခုနှစ်အတွင်း ဝက်သက်ရောဂါ အတည်ပြုလူနာ ၉၄၃ ဦး ရှိပြီး စက်တင်ဘာ ၂၈ ရက် နောက်ပိုင်းမှာ လူနာသစ် ၄၀ ဦး ထပ်မံတွေ့ရှိခဲ့ရပြီး ဒီထဲက အနည်းဆုံး ၁၇၆ ဦးမှာ ဆေးရုံတက် ကုသနေကြရပါတယ်။ အမေရိကန်မှာ ၁၉၉၁ ခုနှစ်နောက်ပိုင်း ဝက်သက်ရောဂါ ဖြစ်ပွားမှုကို အဆိုးဝါးဆုံး ပြန်လည်ရင်ဆိုင်လာရတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကလည်း ဒီရောဂါနဲ့ ဆက်စပ်ပြီး သေဆုံးမှု အများအပြားဖြစ်ပွားခဲ့ပါသေးတယ်။

• ခန္ဓာကိုယ်အလေးချိန် ကျဖို့အတွက် ဆေးထိုးကုသမှုပုံစံကနေ နေ့စဉ်သောက်သုံးရတဲ့ Wegovy ဆေးပြား ပြောင်းသောက်တဲ့ လူနာတွေမှာ ကိုယ်အလေးချိန် ဆက်လက်ကျဆင်းခဲ့တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ ဆေးဘက်ဆိုင်ရာ အစည်းအဝေးတွေကို အခြေခံပြီး Reuters သတင်းက ရေး သားထားပါတယ်။ ဒီဆေးပြားကို ဒိန်းမတ်ဆေးကုမ္ပဏီ Novo Nordisk က ထုတ်လုပ်တာဖြစ်ပြီး လေ့လာမှုမှာ ပါဝင်ခဲ့သူတွေဟာ Wegovy နဲ့ Ozempic မှာ အသုံးပြုတဲ့ semaglutide ကို ဆေးပြားအနေနဲ့ ပြောင်းလဲသောက်သုံးစေခဲ့ပြီး သုံးလအတွင်း ပျမ်းမျှကိုယ်အလေးချိန်ရဲ့ ၄ ဒသမ ၁ ရာခိုင်နှုန်း ဆက်လက်လျော့ကျတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

• ကိုယ်ပိုင်စမက်ဖုန်း ရှိတဲ့ ၁၂ နှစ်အရွယ် ကလေးတွေဟာ ဖုန်းမရှိတဲ့ ကလေးတွေထက် အစားအ သောက်ဆိုင်ရာ ရောဂါလက္ခဏာဖြစ်လာနိုင်ခြေ ပိုများတယ်လို့ အမေရိကန်နိုင်ငံက ဆယ်ကျော်သက် ၉,၀၀၀ နီးပါးကို စစ်တမ်းကောက်ယူထားတဲ့ လေ့လာမှုကို ကိုးကားပြီး ဆေးဘက်ဆိုင်ရာဂျာနယ် JAMA Network Open မှာ ဖော်ပြထားပါတယ်။ ကလေးငယ်တွေတွက် စမက်ဖုန်းဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်၊ အပြုအမူတွေကို ဖြစ်ပေါ်စေတဲ့ ပုံနဲ့ မက်ဆော့ချ်တွေကို ထိတွေ့စေနိုင်ပြီး မိဘတွေအနေနဲ့လည်း ဒါကို သတိထားဖို့ လိုတယ်လို့ လေ့လာမှုကို ဦးဆောင်သူ ဒေါက်တာ ဂျေဆန် နာဂါတာက ဆိုပါတယ်။

• ကလေးတွေမှာ စခရင် Screen ကြည့်တဲ့အချိန်နဲ့ သူတို့ရဲ့ ဖွံ့ဖြိုးမှုအကြား ဆက်စပ်မှုရှိပြီး ကြည့်ချိန်ပိုများတဲ့ ကလေးတွေဟာ သင်ယူနိုင်စွမ်း၊ စကားပြောနိုင်စွမ်းနဲ့ စိတ်ခံစားချက် ထိန်းချုပ်နိုင်စွမ်းမှာ ပိုပြီး အားနည်းတယ်လို့ CNN သတင်းက ရေးသားထားပါတယ်။ နိုင်ငံပေါင်း ၆၄ နိုင်ငံက အသက် ၁၈ နှစ်နဲ့ အောက် ကလေး သုံးသန်းနီးပါးကို နှစ်ပေါင်းများစွာ လေ့လာပြီး တွေ့ရှိခဲ့တဲ့ ဆန်းစစ်ချက်တွေအရ စခရင်ကြည့်ချိန် ပိုများတဲ့ ကလေးတွေဟာ စဉ်းစားနိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ အပြုအမူနဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း စတဲ့ ဖွံ့ဖြိုးမှုနယ်ပယ်တိုင်းမှာ ရလဒ်အားနည်းတာကို တွေ့ရှိထားတယ်လို့ လေ့လာမှုမှာ ပါဝင်တဲ့ ကနေဒါနိုင်ငံ၊ ကယ်လ်ဂါရီတက္ကသိုလ် စိတ်ပညာပါမောက္ခနှင့် လေ့လာမှုပြုလုပ်ရာမှာတွေ့ရှိချက်တွေကို အဓိက ရေးသားခဲ့သူ ရှယ်ရီ မက်ဒီဂန်ကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement