Skip to content
Ads Advertisement

သူလိုလူ မရှားဘူး၊ ရှိတယ်

“ဆရာမရေ… ဒီလူတစ်ယောက်ကလေ စကားပြောရလည်း ခက်တယ်။ ကိုယ်ပြောတာကို ပြန်မပြော၊ နားမထောင်နဲ့။ ကျမပြောတာ နားလည်လား၊ နားမလည်လားလည်း မသိဘူး။ သူ့စကားပြောတာလည်း နားထောင်သလိုလိုနဲ့။ ဒေါသကလည်း ကြီးသေးတယ်။ သူများနဲ့လည်း မနေဘူး။”

“ဆရာမရေ… သူနဲ့ အလုပ်တွဲလုပ်ဖို့ မဖြစ်နိုင်ဘူး။ သူ့ကို ကျွန်တော့်အဖွဲ့ထဲ မထည့်နဲ့နော်။”

“ဆရာမ… ဒီလူက မရဘူး။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့။ သူ့ကို လူတိုင်းကြောက်တယ်။ မလိုချင်ကြဘူးနော်။ ဘယ်သူနဲ့မှလည်း အဆင်မပြေဘူး။ ဆိုင်ကိုကြီးနော်။”

အို… ဘယ်လိုဖြစ်တာလဲ။

ဒီလူတစ်ယောက်တည်းကို လူတိုင်းက အလုပ်အတူတွဲလုပ်ဖို့ ငြင်းနေကြတော့ ကျမ တော်တော် အံ့သြမိသွားတယ်။ ကျမက လူထုအခြေပြု ကျန်းမာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် လုပ်ကိုင်ပေးနေသူ တစ်ယောက်အနေနဲ့ “လူတိုင်းပါဝင်နိုင်ရေး” ကို အမြဲဦးစားပေး အလုပ်လုပ်နေသူပါ။ လူတိုင်းပါဝင်နိုင်ရေးဆိုတာကို ကြွေးကြော်နေတဲ့ ကျမတို့ကနေ လူတစ်ယောက်တည်းကိုတော့ “မပါဝင်စေနဲ့” လို့ လူတိုင်းက ပြောလာတဲ့အခါ စိတ်ထဲမှာ တော်တော်လေး တစ်မျိုးဖြစ်သွားတယ်။ ဘာလဲ။ ဘာကြောင့်လဲ။

ကျမ ဒီလူကို ပထမဆုံးမြင်ဖူးတာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကပါ။ အဲဒီအချိန်က သင်တန်းတစ်ခုမှာ ကျမ အချိန်ပိုင်းစာသင်ပေးရင်း သူနဲ့တွေ့ခဲ့တာပါ။ သူ့မျက်နှာကို ပထမဆုံး မြင်လိုက်တဲ့အချိန်မှာ ကျမ တွေးမိတာက “ဒီလူက လူတော်တစ်ယောက်ဖြစ်မယ်။ အနေအေးတယ်။ မျက်လုံးချင်း စကားပြောဖို့ ခက်တယ်။ သူ့ဘဝမှာ တစ်ခုခုတော့ ခံစားနေရတာရှိလိမ့်မယ်။”

ဒါပေမယ့် အဲဒီအချိန်ကတည်းက သူ့အတွေးနဲ့ အပြုအမူတွေမှာ တခြားသူတွေ သတိမထားမိသေးတဲ့ အခက်အခဲတချို့ ရှိနေတာကိုတော့ ကျမ သတိထားမိခဲ့တယ်။ သူ့မှာ အရက်သောက်တဲ့ ပြဿနာလည်း ရှိနေတယ်။ သင်တန်းပြီးတဲ့နောက် သူနဲ့ မတွေ့ဖြစ်တော့ဘူး။ တစ်နှစ်ခွဲလောက် ကြာသွားတယ်။ သူကလည်း ကျမအောက်မှာ တိုက်ရိုက်အလုပ်လုပ်တဲ့သူ မဟုတ်တော့ သူနဲ့လည်း မရင်းနှီးခဲ့ပါဘူး။ ဒါပေမယ့် သူ့အကြောင်းကို ရိပ်မိထားတာကြောင့် သူ့အထက်ဆရာကိုတော့ အခါအားလျော်စွာ မေးဖြစ်တယ်။

“သူ့ကို စကားပြောပေးပါ။ သူ အရက်သောက်တာကို တတ်နိုင်သလောက် ထိန်းပေးပါ” လို့လည်း ပြောဖြစ်တယ်။

အခု ပြန်တွေ့တဲ့အချိန်မှာတော့ လူတိုင်းက သူ့ကို မလိုချင်ကြတော့ဘူး။

“သူနဲ့ အလုပ်မတွဲချင်ဘူး။”

“သူ့ကို အဖွဲ့ထဲမထည့်နဲ့။”

“သူ့ကို လူတိုင်းကြောက်တယ်။”

“ဘယ်သူနဲ့မှ အဆင်မပြေဘူး။”

ဆိုတဲ့စကားတွေကို တစ်ယောက်ပြီးတစ်ယောက် ကြားလာရတယ်။

ဒါနဲ့ ကျမလည်း မေးမိတယ်။

ဘာကြောင့် သူနဲ့ ဆက်ဆံရခက်တာလဲ။ ဘာကြောင့် သူက “လူ့ခွစာကြီး” လို့ ခဏခဏ အပြောခံနေရတာလဲ။ ဘာကြောင့် “လူတစ်မျိုးပဲ” ဆိုပြီး လူတွေက သူ့ကို ရှောင်ကြတာလဲ။

နောက်ကြောင်းကို လိုက်ကြည့်တဲ့အခါမှ ကျမ သိလာရတယ်။ သူက အခုမှ ဒီလိုဆက်ဆံခံနေရတာ မဟုတ်ဘူး။ ငယ်ငယ်လေးကတည်းက ဒီလိုပါပဲ။ အိမ်မှာ မိဘတွေ၊ အမျိုးတွေကြားမှာလည်း သူက “နင့်ညီလေးဆို ဘယ်လို၊ မင်းက ဘယ်လို” ဆိုပြီး အမြဲအပြောခံခဲ့ရတယ်။ ကျောင်းရောက်တော့လည်း ဒီလိုပဲ။ သူ့ကို နားလည်ပေးမယ့်သူ မရှိဘူး။ သူ့အပြုအမူက ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတာ စဉ်းစားပေးမယ့်သူ မရှိဘူး။

သူ့ကို ပြောင်းလဲဖို့ပဲ ပြောကြတယ်။ သူ့ကို ပြင်ဖို့ပဲ ပြောကြတယ်။ သူ့ကို လက်ခံဖို့ထက် သူ့ကို ရှောင်ဖို့က ပိုလွယ်ခဲ့ကြတယ်။

ဒီလိုနဲ့ နှစ်တွေ၊ လတွေ ကြာလာတယ်။ ကလေးဘဝကနေ လူငယ်ဘဝ၊ လူကြီးဘဝအထိ…

အိမ်မှာလည်း မပြေလည်၊ ကျောင်းမှာလည်း မပြေလည်၊ အိမ်ထောင်ကျတဲ့အရွယ် ရောက်တော့ အိမ်ထောင်ရေးမှာလည်း မပြေလည်၊ အလုပ်ခွင်ရောက်တော့လည်း မပြေလည်။ တစ်နေရာပြီး တစ်နေရာမှာ “သူနဲ့ အဆင်မပြေဘူး” ဆိုတဲ့စကားတွေက သူ့နောက်ကို လိုက်နေခဲ့တယ်။ နားလည်ပေးမယ့်သူ တစ်ယောက်မှ မရှိတဲ့ကြားမှာ ဒီကလေးတစ်ယောက်က ဘယ်လိုစိတ်တွေနဲ့ ကြီးပြင်းလာခဲ့မလဲ။ သူ့ကို အမြဲတမ်း “ပြဿနာရှိတဲ့လူ” လို့ပဲ မြင်ခံရတဲ့အခါ သူ့ကိုယ်သူ သူဘယ်လိုမြင်လာခဲ့မလဲ။ သူ့ဘက်က ပြောချင်တာတွေကို ဘယ်သူက နားထောင်ပေးခဲ့လဲ။ သူ့အတွက် “မင်းဘာဖြစ်နေတာလဲ” လို့ မေးပေးခဲ့တဲ့သူ ဘယ်နှယောက်ရှိခဲ့လဲ။

တွေးကြည့်ရင်တောင် ရင်ထဲမကောင်းဘူး။

နောက်ဆုံး ကျမ သူ့ကို ပြန်တွေ့တဲ့အချိန်မှာတော့…

သူ့စိတ်ပိုင်းဆိုင်ရာမှာ အကြီးကြီး ထိခိုက်နေခဲ့ပါပြီ။

ဒီနေရာမှာ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ “သူက တကယ်ပဲ လူဆိုးတစ်ယောက်လား။ ဒါမှမဟုတ် ကျမတို့ နားမလည်ခဲ့တဲ့ အခက်အခဲတစ်ခုခုနဲ့ ကြီးပြင်းလာခဲ့တဲ့သူလား?” ဒီမေးခွန်းကို ကျမတို့ လူတော်တော်များက ဘာကြောင့် မတွေးကြတာလဲ။ လူတစ်ဦး အူဝဲ အူဝဲဆို မွေးလာတာနဲ့ ဒီလူသားက ယောက်ျားလေး ဘာဖြစ်ရမယ်၊ ဒီလူသားက မိန်းကလေး ဘယ်လိုဖြစ်ရမယ်၊ လူ့ဘောင်သတ်မှတ်ချက်တွေအောက်မှာ မေးခွန်းတွေ၊ လက်တွဲဖေးမမှုတွေ အတော်လျော့ကုန်လာတယ်လို့ မြင်မိပါတယ်။

ကဲ ကျမတို့ တွေးကြည့်ရအောင်။ အဲဒီအချိန်မှာ ကျမ Autism အကြောင်းကို ပြန်စဉ်းစားမိတယ်။

“Autism” Autism ရှိတဲ့သူတိုင်းလည်း တစ်ပုံစံတည်း မဟုတ်ပါဘူး။

  • တချို့က စကားပြောနိုင်တယ်။
  • တချို့က စကားပြောဖို့ အခက်အခဲရှိတယ်။
  • တချို့က လူတွေနဲ့ ဆက်ဆံရတာ အဆင်ပြေတယ်။
  • တချို့က လူမှုဆက်ဆံရေးမှာ ပိုပြီး အခက်အခဲရှိတယ်။
  • တချို့မှာ အသံ၊ အလင်း၊ ထိတွေ့မှုလို အာရုံခံစားမှုတွေကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတတ်တယ်။

အရေးကြီးတာက Autism ရှိတဲ့သူတစ်ယောက်ဟာ “မကောင်းတဲ့လူ” မဟုတ်ဘူး။ သူ့ရဲ့ ဦးနှောက်က သတင်းအချက်အလက်တွေကို လက်ခံ၊ နားလည်၊ တုံ့ပြန်တဲ့ပုံစံက ကျမတို့နဲ့ မတူနိုင်တာပါ။ ဒါကြောင့် ကျမတို့အနေနဲ့ “သူက ဘာလို့ ဒီလိုဖြစ်နေတာလဲ” ဆိုတာထက် “သူ့အတွက် ဘာတွေက ခက်ခဲနေတာလဲ” လို့ မေးကြည့်ဖို့ လိုမယ်ထင်တယ်။ သူတို့ကို လူတစ်မျိုးလို့ အထင်အမြင်ပေးနဲ့အစား၊ သူက ကျမတို့နဲ့ မတူတာကို အပြစ်တင်မယ့်အစား၊ သူနဲ့ ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုခု ရှိမရှိ စဉ်းစားပေးဖို့ လိုမယ်။ သူ့ကို အဖွဲ့ထဲကနေ ဖယ်ထုတ်ဖို့ထက် သူပါဝင်နိုင်အောင် ဘယ်လိုပတ်ဝန်းကျင်မျိုး ဖန်တီးပေးရမလဲဆိုတာ စဉ်းစားဖို့ လိုမယ်။

တကယ်တော့ ကျမတို့ပြောနေတဲ့ “လူတိုင်းပါဝင်နိုင်ရေး” ဆိုတာ ဒီနေရာမှာ စတင်စမ်းသပ်ခံရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျမတို့နဲ့ အဆင်ပြေတဲ့သူတွေကို ပါဝင်ခွင့်ပေးတာက လွယ်ပါတယ်။ ဒါပေမယ့် ကျမတို့ နားမလည်နိုင်တဲ့သူ၊ ကျမတို့နဲ့ ဆက်ဆံရခက်တဲ့သူ၊ လူအများက မလိုချင်တဲ့သူကိုပါ ဘယ်လိုပါဝင်ခွင့်ပေးမလဲ။ အဲဒီမေးခွန်းကို ဖြေနိုင်တဲ့အခါမှ “လူတိုင်းပါဝင်နိုင်ရေး” ဆိုတဲ့စကားက တကယ့်အဓိပ္ပာယ် ရှိလာမယ် ထင်တယ်။

ဒီအဖြစ်အပျက်ကနေ ကျမ Autism အကြောင်းကို ပိုပြီး စဉ်းစားမိလာတယ်။ ဒါပေမယ့် အရင်ဆုံး ပြောချင်တာတစ်ခုရှိတယ်။ ဒီလူမှာ Autism ရှိတယ်လို့ ကျမ မပြောလိုပါဘူး။ သူ့ကို ကျမအနေနဲ့ Autism အတွက် တရားဝင်အကဲဖြတ်ထားတာလည်း မရှိပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ အပြုအမူတချို့က Autism ရှိသူတွေမှာ တွေ့ရနိုင်ပေမယ့် အဲဒီလက္ခဏာတစ်ခုချင်းစီနဲ့ Autism ရှိတယ်လို့ သတ်မှတ်လို့ မရပါဘူး။

ဒါပေမယ့် သူ့အကြောင်းကို ပြန်စဉ်းစားရင်း “Autism ဆိုတာ တကယ်ဘာလဲ” ဆိုတဲ့ မေးခွန်းကိုတော့ ကျမတို့ အားလုံး သိထားသင့်တယ်လို့ ထင်မိတယ်။ Autism ကို ဆေးပညာအရ Autism Spectrum Disorder (ASD) လို့ ခေါ်ပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဆက်စပ်တဲ့ neurodevelopmental condition တစ်ခုဖြစ်ပြီး လူမှုဆက်ဆံရေးနဲ့ ဆက်သွယ်ပြောဆိုမှုမှာ အခက်အခဲတွေ၊ ထပ်ခါတလဲလဲဖြစ်တတ်တဲ့ အပြုအမူတွေ၊ စိတ်ဝင်စားမှု ဒါမှမဟုတ် လှုပ်ရှားမှုပုံစံတွေ ရှိလာနိုင်ပါတယ်။ အာရုံခံစားမှုနဲ့ သတင်းအချက်အလက်တွေကို လက်ခံတုံ့ပြန်တဲ့ပုံစံမှာလည်း တခြားသူတွေနဲ့ မတူနိုင်ပါတယ်။ “Spectrum” လို့ ခေါ်တာက အရေးကြီးပါတယ်။ Autism ရှိတဲ့သူတိုင်းဟာ တစ်ပုံစံတည်း မဟုတ်ပါဘူး။

  • တချို့က စကားပြောနိုင်ပြီး လူတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲနည်းနိုင်တယ်။
  • တချို့က စကားပြောဆိုဆက်သွယ်ရာမှာ အခက်အခဲပိုရှိနိုင်တယ်။
  • တချို့မှာ အသံ၊ အလင်း၊ အနံ့၊ ထိတွေ့မှုတွေကို ပုံမှန်ထက် ပိုမိုပြင်းထန်စွာ ခံစားရနိုင်တယ်။
  • တချို့က အပြောင်းအလဲတွေကို လက်ခံဖို့ ခက်ခဲနိုင်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်ကို ပိုမိုနှစ်သက်တတ်ကြတယ်။

ဒါကြောင့် Autism ကို “သူများနဲ့ မတူတဲ့လူ” ဆိုပြီး အလွယ်တကူ သတ်မှတ်လို့မရပါဘူး။ Autism ရှိတဲ့သူတစ်ယောက်ရဲ့ ကမ္ဘာကို နားလည်ဖို့ဆိုရင် “သူက ဘာလို့ ဒီလိုလုပ်တာလဲ” ဆိုတဲ့ မေးခွန်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

“သူက ကမ္ဘာကြီးကို ဘယ်လိုခံစားနေရတာလဲ။”

“သူ့အတွက် ဘာက ခက်ခဲနေတာလဲ။”

“သူနဲ့ ဆက်သွယ်ဖို့ ကျမတို့က ဘာတွေပြောင်းလဲပေးနိုင်မလဲ” ဆိုတာတွေကိုပါ မေးကြည့်ဖို့ လိုပါတယ်။

တစ်ခါတလေ ကျမတို့ဟာ လူတစ်ယောက်ရဲ့ အပြုအမူကိုပဲ မြင်ပြီး အကြောင်းရင်းကို မမြင်မိကြပါဘူး။

“ခက်တယ်”၊ “အဆင်မပြေဘူး”၊ “လူတစ်မျိုးပဲ” ဆိုတဲ့ စကားတွေနဲ့ အလွယ်တကူ သတ်မှတ်လိုက်ကြပါတယ်။ ဒါပေမယ့် အဲဒီအပြုအမူတွေရဲ့နောက်မှာ ဘယ်လိုအတွေ့အကြုံတွေ ရှိခဲ့သလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲ၊ ဘယ်လောက်ကြာကြာ နားလည်ပေးမယ့်သူကို စောင့်ခဲ့ရသလဲ ဆိုတာတော့ ကျမတို့ မသိနိုင်ပါဘူး။

Autism အကြောင်း သိထားဖို့ဆိုတာ Autism ရှိသူတွေကို သတ်မှတ်ဖို့ မဟုတ်ပါဘူး။ လူတစ်ယောက်ကို အမြန်ဆုံးဖြတ်မချဘဲ နားလည်ဖို့၊ လိုအပ်ချက်ကို မြင်ဖို့နဲ့ ကူညီနိုင်မယ့်နည်းလမ်းကို ရှာဖို့ ဖြစ်ပါတယ်။ ကျမတို့ ပြောနေတဲ့ “လူတိုင်းပါဝင်နိုင်ရေး” ဆိုတာလည်း ကိုယ်နဲ့ အဆင်ပြေတဲ့သူတွေ၊ နားလည်ရလွယ်တဲ့သူတွေအတွက်ပဲ မဟုတ်ပါဘူး။ နားလည်ရခက်တဲ့သူ၊ ဆက်သွယ်ရခက်တဲ့သူ၊ လူအများက ရှောင်ဖယ်ချင်တဲ့သူတွေအတွက်ပါ ပါဝင်နိုင်ခွင့်ရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်မှသာ တကယ့်ပြည့်စုံယဉ်ကျေးတဲ့ လူ့ပတ်ဝန်းကျင် ဖြစ်မယ်လို့ ကျမထင်ပါတယ်။

အဆုံးမှာတော့ မေးခွန်းက “သူက ဘာလို့ ဒီလိုဖြစ်နေတာလဲ” ဆိုတာထက် “သူ့ကို နားလည်ဖို့ ကျမတို့ ဘာတွေ ပိုလုပ်နိုင်မလဲ” ဆိုတာ ဖြစ်လာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “သူလိုလူ မရှားဘူး၊ ရှိတယ်။ ဒါပေမယ့် သူတို့ကို နားလည်ပေးမယ့်သူတွေ များလာဖို့တော့ လိုပါတယ်။”

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement