Skip to content
Ads Advertisement

ချစ်ရသူတွေအတွက် စိတ်ပူရရင် ဘယ်လို ဂရုစိုက်ကြမလဲ…

နှစ်တစ်နှစ်ရဲ့ စက်တင်ဘာလကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စိတ်ကျန်းမာရေးအဖွဲ့အစည်းတွေက “မိမိကိုယ်ကို အန္တရာယ်ပြုမှု ကာကွယ်ရေး အသိပညာပေးလ” အဖြစ် သတ်မှတ်ထားသလို စက်တင်ဘာ ၁၀ ရက်ဟာလည်း “ကမ္ဘာလုံးဆိုင်ရာ မိမိကိုယ်ကို အန္တရာယ်ပြုမှု ကာကွယ်ရေးနေ့ – World Suicide Prevention Day” ဖြစ်ပါတယ်။

ခက်ခဲလွန်းတဲ့ စိတ်ခံစားမှုတွေနဲ့ ဘဝကို ဖြတ်သန်းနေရသူအများစုဟာ တခြားသူတွေကို ပေါ်ပေါ်ထင်ထင်ကြီး အကူအညီတောင်းလေ့ မရှိကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ အပြုအမူနဲ့ စကားလုံးတွေကနေတစ်ဆင့် သတိပြုမိနိုင်တဲ့ အချက်တွေ ရှိပါတယ်။ ဒါကြောင့် မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ခင်ရသူတွေအနေနဲ့ ဒီလိုလက္ခဏာတွေကို သိရှိနားလည်ထားမယ်ဆိုရင် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်တဲ့အထိ အရေးပါပါတယ်။ ဒီဆောင်းပါးမှာတော့ သတိထားကြည့်ရမယ့် လက္ခဏာတွေ၊ ကိုယ်ချစ်ခင်ရသူကို ဘယ်လိုချဉ်းကပ်ပြောဆိုရမလဲဆိုတာနဲ့ အရေးပေါ်အခြေအနေတွေမှာ ဘာဆက်လုပ်ရမလဲဆိုတာကို လက်တွေ့ကျကျ မျှဝေပေးသွားပါမယ်။

၁။ စကားလုံးတွေကနေတစ်ဆင့် သတိထားနိုင်တဲ့ လက္ခဏာများ

စိတ်ဖိစီးမှု အလွန်အကျွံ ခံစားနေရသူတွေဟာ ပွင့်ပွင့်လင်းလင်း မပြောကြပဲ သူတို့သုံးနှုန်းတဲ့ စကားလုံးတွေကနေသာ ခံစားချက်ကို ဖော်ပြလေ့ရှိပါတယ်။ အောက်ပါအချက်တွေကို သတိထားမိရင် လျစ်လျူမရှုသင့်ပါဘူး။

  • “ဘဝမှာ အဓိပ္ပာယ်မရှိတော့ဘူး” လို့ ခံစားရကြောင်းနဲ့ “ရှေ့ဆက်ရမယ့်လမ်း မမြင်တော့ဘူး” လို့ ထပ်ခါထပ်ခါ ပြောလာတာ
  • သူတို့ဘာသာ သူတို့ အခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတယ်လို့ ပြောဆိုတာ
  • “ငါ မရှိတော့ရင် ပိုကောင်းမယ်” ဒါမှမဟုတ် “ဒီလောက်ဆိုရင် လုံလောက်ပြီ” စတဲ့ သဘောမျိုးဆောင်တဲ့ စကားတွေ ပြောလာတာ
  • ပုံမှန် နှုတ်ဆက်နေကြပုံစံမျိုး မဟုတ်ဘဲ နောက်ဆုံးအကြိမ် တွေ့ဆုံရသလိုမျိုး နှုတ်ဆက်တဲ့ စကားလုံးတွေ သုံးနှုန်းလာတာ
  • အထီးကျန်တာ၊ စာနာပေးမယ့်သူ မရှိဘဲ တစ်ယောက်တည်း ဖြစ်နေတယ်လို့ ခန့်မှန်းရတဲ့ စကားတွေ ခိုင်ခိုင်မာမာ ပြောလာတာ

၂။ အပြုအမူ ပြောင်းလဲလာမှုများ

တစ်ခါတစ်လေမှာ စကားလုံးတွေထက် အပြုအမူ ပြောင်းလဲမှုတွေက ပိုပြီး သတိပြုမိလွယ်ပါတယ်။

  • သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ ပုံမှန်လုပ်နေကျ သူတို့စိတ်ဝင်စားတဲ့ အရာတွေဆီကနေ ရုတ်တရက် ရှောင်ထွက်သွားတာ
  • သူတို့တန်ဖိုးထားတဲ့ ပစ္စည်းတွေကို သူများကို လိုက်ပေးတာ၊ ကိစ္စအဝဝကို အပြီးသတ် စီစဉ်နေသလိုမျိုး ပြုမူလာတာ
  • အလွန် စိတ်ညစ်နေရာကနေ ရုတ်တရက် တည်ငြိမ်အေးဆေးသွားတာ (ဒါဟာ စိတ်သက်သာရာ ရသွားတာ မဟုတ်ဘဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဆိုတဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာ ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ရပါမယ်)
  • အရက်၊ ဆေးလိပ် သို့မဟုတ် မူးယစ်ဆေးဝါးတွေကို ပုံမှန်ထက် ပိုမိုသုံးစွဲလာတာ
  • အိပ်စက်မှုပုံစံ (အလွန်အိပ်တာ သို့မဟုတ် အိပ်မပျော်တာ) နဲ့ အစားအသောက်ပုံစံ ရုတ်တရက် ပြောင်းလဲသွားတာ
  • အရင်က ဝါသနာပါခဲ့တဲ့ အလုပ်၊ ပညာရေးနဲ့ စိတ်ဝင်စားမှုတွေအပေါ် စိတ်ပါဝင်စားမှု လုံးဝပျောက်ဆုံးသွားတာ
  • တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ပုံမှန်နေထိုင်မှုပုံစံ လုံးဝပြောင်းလဲသွားတာ

၃။ စိတ်ခံစားချက်ဆိုင်ရာ လက္ခဏာများ

  • ကာလရှည်ကြာ စိတ်ဓာတ်ကျပြီး မပျော်မရွှင်ဖြစ်နေတာ၊ ဗလာနတ္ထိ ဖြစ်နေသလို ခံစားနေရတာ
  • စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တာ သို့မဟုတ် စိတ်အပြောင်းအလဲ အလွန်မြန်တာ
  • ပိတ်လှောင်ခံထားရသလို ခံစားရပြီး ပြဿနာတွေကို ဖြေရှင်းစရာ လမ်းစမရှိတော့ဘူးလို့ ယုံကြည်နေတာ
  • ပုံမှန်ထက် ပိုပြီး စိုးရိမ်ပူပန်နေတာ သို့မဟုတ် စိတ်လှုပ်ရှားမှု လွန်ကဲနေတာ
  • အပြစ်ရှိသလို သို့မဟုတ် အရှက်ရသလို ခံစားချက်တွေကို အလွန်အမင်း ထုတ်ဖော်ပြောဆိုတာ

၄။ ဘယ်လို ချဉ်းကပ် စကားပြောသင့်သလဲ

ကိုယ်ချစ်ခင်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရင် ကြောက်ပြီး ရှောင်မသွားဘဲ မေတ္တာ၊ စေတနာနဲ့ သူ့နေရာမှာ ဝင်ခံစားပေးပြီး စကားပြောဖို့ လိုအပ်ပါတယ်။

  • နှစ်ယောက်တည်း အေးအေးဆေးဆေး စကားပြောလို့ရမယ့် တိတ်ဆိတ်တဲ့ နေရာနဲ့ အချိန်ကို ရွေးပါ
  • ကိုယ် သတိထားမိတဲ့ အပြောင်းအလဲတွေကို ရိုးရိုးရှင်းရှင်းနဲ့ စေတနာနဲ့ စိုးရိမ်တာဆိုတာကို မြင်သာပါစေ (ဥပမာ – “မကြာသေးခင်က မင်းကြည့်ရတာ ပုံမှန်နဲ့ မတူဘူးလို့ ငါသတိထားမိတယ်၊ မင်းအတွက် စိုးရိမ်လို့ပါ”)
  • သူ့ရဲ့ ပြဿနာအတွက် မေးခွန်းတွေကို တည့်တည့်မေးဖို့ မတွန့်ဆုတ်ပါနဲ့ (အသက်ရှင်ချင်စိတ် ရှိမရှိ မေးမြန်းတာဟာ အန္တရာယ်ကို ပိုမိုတိုးစေတာ မဟုတ်ဘဲ ကူညီဖို့ တံခါးဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်)
  • ဝေဖန်တာ၊ ဆုံးမတာ၊ ပြဿနာကို ချက်ချင်း ဖြေရှင်းပေးဖို့ ကြိုးစားတာတွေ မလုပ်ဘဲ ဂရုတစိုက် နားထောင်ပေးပါ
  • “စိတ်မကောင်း မဖြစ်ပါနဲ့”၊ “အကုန် အဆင်ပြေသွားမှာပါ” စတဲ့ လွယ်လွယ်ကူကူ သက်သာစေမယ့် စကားတွေကို ရှောင်ပါ (သူ့ရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးတာက ပိုအရေးကြီးပါတယ်)
  • ကျွမ်းကျင်သူများ (ဆရာဝန်၊ စိတ်ပညာရှင်) ထံ အကူအညီတောင်းဖို့ အားပေးပါ၊ ဖြစ်နိုင်ရင် အကူအညီတောင်းတဲ့နေရာမှာလည်း ဝင်ပြီး ကူညီပေးပါ
  • စကားပြောပြီးရင်လည်း တစ်ကြိမ်တည်းနဲ့ မရပ်လိုက်ဘဲ အမြဲ ဆက်သွယ်ပေးပြီး ဘေးမှာ ရှိနေကြောင်း အသိပေးပါ

၅။ ချက်ချင်း အရေးယူ ဆောင်ရွက်ရမယ့် အချိန်

ချစ်ခင်ရသူက သေဆုံးချင်တဲ့ အကြောင်းနဲ့ အကြံအစည်ကို တိတိကျကျ ပြောလာရင်၊ လုပ်ဆောင်ဖို့ အစီအစဉ်ရှိနေရင် သို့မဟုတ် ချက်ချင်း အန္တရာယ်ရှိနေပြီလို့ ခံစားရရင် အောက်ပါအတိုင်း ချက်ချင်း ဆောင်ရွက်ပါ။

  • ထိုသူကို လုံးဝ တစ်ယောက်တည်း မထားခဲ့ပါနဲ့၊ ဘေးမှာ အဖော်လုပ်ပေးထားပါ
  • အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ဘေးကနေ ခေတ္တ ဖယ်ရှားပေးပါ
  • သက်ဆိုင်ရာ Suicide (သေကြောင်းကြံစည်မှု) ကာကွယ်ရေးဖုန်းလိုင်းတွေကို အတူတကွ ဆက်သွယ်ပေးပါ

၆။ အကူအညီ ရယူနိုင်သည့် နေရာများ

အောက်ပါ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအတွင်း လျှို့ဝှက်ချက် ထိန်းသိမ်းပေးပြီး အခမဲ့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

  • နားထောင်ပေးမယ်နော် (We Are All Ears Helpline) — ဖုန်း – 09 777 206 035 (Facebook Messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်)
  • Jue Jue’s Safe Space — Facebook Messenger ကတစ်ဆင့် ၂၄ နာရီ အခမဲ့ ဆက်သွယ်နိုင်ပါတယ် (juejuessafespace.org)
  • Suicide Prevention Myanmar
  • အနီးဆုံး ဆေးရုံ၊ ကျန်းမာရေးဌာန သို့မဟုတ် စိတ်ကျန်းမာရေး အထူးကုဆရာဝန်နဲ့ ချိတ်ဆက် ဆက်သွယ်ပေးပါ

မှတ်ချက် ။ ။ ဒီဆောင်းပါးဟာ အသိပညာပေးဖို့နဲ့ သတိပေးဖို့အတွက်သာ ရည်ရွယ်တာဖြစ်ပြီး ရောဂါအတည်ပြုချက်အဖြစ် အသုံးမပြုသင့်ပါဘူး။ လက္ခဏာတွေကို သတိထားမိရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ ဒီဆောင်းပါးကို ဖတ်ရင်း သင်ကိုယ်တိုင် ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေရတယ်လို့ ခံစားရရင် ဖော်ပြပါ အကူအညီလိုင်းတွေကို ဆက်သွယ်ပါ — အကူအညီတောင်းခံတာဟာ သတ္တိရှိတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Ref:

https://www.nimh.nih.gov/…/pub…/warning-signs-of-suicide
https://afsp.org/risk-factors-protective-factors-and…
https://www.nimh.nih.gov/health/topics/suicide-prevention
https://www.mayoclinic.org/…/symptoms-causes/syc-20378048

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement