အကိုက်အခဲပျောက်ဆေးဆိုတာ ခေါင်းကိုက်လဲသောက်၊ ကြွက်သားနာလဲသောက်၊ ကိုယ်လက် ကိုက်ခဲလဲသောက်၊ ခါးနာလဲသောက်နေကြတော့ ဗိုက်နာရင်ကော သောက်လို့ရလား၊ သောက်သင့် လား ဆိုတာ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ တစ်ချို့က ဘာလာလာ အကိုက်အခဲပျောက် ဆေး သောက်ကြသူတွေ ရှိပါတယ်။ အရပ်ထဲမှာ အသုံးများကြတဲ့ အကိုက်အခဲပျောက်ဆေးတွေ အများစု က Diclofenac, Aceclofenac, Ibuprofen စတဲ့ NSAID တွေ ဖြစ်ပါတယ်။ ဒါ့အပြင် Dexamethasone လို စတီးရွိုက်ဆေးဝါးတွေကို သုံးကြသူတွေတောင် ရှိပါတယ်။
ဗိုက်နာတဲ့အခါ အရင်ဆုံး အိမ်မှာရှိတဲ့ဆေးတစ်မျိုးသောက်ကြည့်တာ၊ ဆေးဆိုင်က ကိုယ်သိပြီးသား ဆေးဝယ်သောက်တာ၊ အရင်တုန်းက သောက်ဖူးပြီး သက်သာခဲ့တဲ့ဆေးကို ပြန်သောက်တာတွေ ကလည်း မဆန်းပါဘူး။ ဆေးဝယ်ရတာလွယ်နိုင်တယ်၊ ဆေးခန်းသွားဖို့ အချိန်ကုန်နိုင်တယ်၊ ခရီးသွား ရနိုင်တယ်၊ အလုပ်ပျက်နိုင်တယ်၊ ကုန်ကျစရိတ်ရှိနိုင်တယ်ဆိုတော့ ဒီလိုလုပ်ကြတာကို နားလည်လို့ ရပါတယ်။ ဒါပေမယ့် ဒီအပြုအမူက မှန်ကန်ပါရဲ့လား။
ဗိုက်နာတာက အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အစာမကြေတာ၊ လေပွတာလို သာမန် အခြေအနေတွေကြောင့် ဖြစ်နိုင်သလို အူအတက်ရောင်တာ၊ သည်းခြေအိတ်ရောင်တာ၊ ကျောက်ကပ်ကျောက်၊ အစာအိမ်အနာ၊ အူပိတ်တာ စတဲ့ ဆေးကုသမှုလိုအပ်တဲ့ ရောဂါတွေကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကြောင်းရင်းမသိသေးတဲ့ ဗိုက်နာခြင်းကို အကိုက်အခဲပျောက် ဆေးတစ်မျိုးပြီးတစ်မျိုး ကိုယ့်ဘာသာ စမ်းသောက်နေတာမျိုး မဖြစ်သင့်သလို လုပ်လဲ မလုပ်သင့် ပါဘူး။
အထူးသဖြင့် ibuprofen၊ diclofenac၊ naproxen၊ aspirin စတဲ့ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကို ထိခိုက်စေနိုင်ပြီး အစာအိမ်အနာနဲ့ သွေးယိုခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ပုံမှန်အားဖြင့် အစာအိမ်မှာ အစာချေဖို့ အက်စစ်ဓာတ်ရှိသလို ဒီအက်စစ်ဒဏ်ကနေ အစာအိမ်နံရံကို ကာကွယ်ပေး ထားတဲ့ အလွှာလည်း ရှိပါတယ်။ အထက်ပါ အကိုက်အခဲပျောက်ဆေးတွေက ဒီကာကွယ်မှုကို လျော့နည်းစေနိုင်တာကြောင့် အစာအိမ်နံရံက အက်စစ်ဒဏ်ကို ပိုခံရပြီး ရောင်ရမ်းတာ၊ အနာဖြစ် တာနဲ့ သွေးယိုတာအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဗိုက်နာနေချိန်မှာ အကြောင်းရင်းမသိဘဲ ဒီဆေးတွေကို ကိုယ့်ဘာသာ သောက်တာက တချို့အခြေအနေတွေမှာ ဗိုက်နာတာကို ပိုဆိုးစေနိုင် ပါတယ်။ ကျောက်ကပ် ပြဿနာရှိသူ၊ ရေဓာတ်ခမ်းခြောက်နေသူတွေအတွက်လည်း ဒီအကိုက်အခဲ ပျောက်ဆေးတွေက မသင့်တော်နိုင်ပါဘူး။ တစ်ချို့ တရားမဝင် တိုင်းရင်းဆေးတွေမှာ အကိုက်အခဲ ပျောက်ဆေးတွေကို ရောနှောထားတတ်တာကြောင့် ဗိုက်နာတိုင်း တိုင်းရင်းဆေး သောက်တတ်သူ တွေမှာ ဒီအချက်ကို သတိထားသင့်ပါတယ်။
အရေးကြီးတဲ့နောက်အချက်က အစာအိမ်နာတာမဟုတ်ဘဲ အခြားအကြောင်းရင်းကြောင့် ဗိုက်နာ နေတယ်ဆိုရင်တောင် ဆေးသောက်ပြီး နာတာသက်သာသွားတာနဲ့ ဗိုက်နာစေတဲ့ရောဂါ ပျောက်သွား တာ မတူဘူးဆိုတာ သိထားရပါမယ်။ နာကျင်မှုသက်သာသွားပေမယ့် ရောဂါအကြောင်းရင်းက ရှိနေဆဲ ဖြစ်နိုင်ပါတယ်။
ဗိုက်နာတဲ့အခါ ဗိုက်ရုတ်တရက် အရမ်းနာလာတာ၊ ပိုပိုနာလာတာ၊ ဗိုက်တင်းတောင့်လာတာ၊ ဆက်တိုက်အန်တာ၊ သွေးအန်တာ၊ ဝမ်းမည်းမည်းသွားတာ သို့မဟုတ် ဝမ်းထဲသွေးပါတာ၊ ဗိုက်ဖောင်းပြီး ဝမ်းမသွား လေမထွက်တာ၊ မူးလဲတာ၊ အားအလွန်နည်းတာတွေ ဖြစ်လာရင် အမြန်ဆုံး ဆေးကုသမှုခံယူသင့်ပါတယ်။ ကိုယ်ဝန်ရှိသူ သို့မဟုတ် ကိုယ်ဝန်ဖြစ်နိုင်သူမှာ ဗိုက်နာ ခြင်းနဲ့အတူ သွေးဆင်းတာ၊ မူးဝေတာ၊ မူးလဲတာတွေ ဖြစ်လာရင်လည်း အရေးပေါ် စစ်ဆေးဖို့ လိုပါတယ်။
အကိုက်အခဲပျောက်ဆေးက နာကျင်မှုကို သက်သာစေနိုင်ပေမယ့် ဗိုက်နာရတဲ့ အကြောင်းရင်း ကိုတော့ မကုသနိုင်ပါဘူး။ ဒါ့အပြင် အစာအိမ်နာလိုမျိုးမှာဆိုရင် အကိုက်အခဲပျောက်ဆေးကြောင့် ဗိုက်ပိုနာလာတာ၊ ရောဂါပိုဆိုးတာ ဖြစ်နိုင်ပါတယ်။ ဗိုက်နာတာ မသက်သာဘဲ ဆက်ဖြစ်နေတာ၊ ပြန်ပြန်ဖြစ်တာ ဒါမှမဟုတ် ပိုဆိုးလာတာဆိုရင် ဆေးတစ်မျိုးပြီးတစ်မျိုး စမ်းသောက်မယ့်အစား စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
References
1. Manterola C, Vial M, Moraga J, Astudillo P. Analgesia in patients with acute abdominal pain. Cochrane Database Syst Rev. 2022;3:CD005660.
2. Royal College of Emergency Medicine. Management of Acute Pain in Adults in the Emergency Department. 2024.
3. NHS. Appendicitis.