“ဝိတ်ချနေတာလား…ပိန်သွားတယ်နော်” လို့ ပြောလို့ ပျော်ရမယ် ကြံကာမှ “မျက်နှာကြီးပါ ချောင်ကျသွားတယ်နော်” လို့ နောက်ဆက်တွဲလေး ပါလာလို့ အောင့်သက်သက် ခံစားရတာလေး ကြုံဖူးကြမယ်ထင်တယ်နော်… ဝိတ်ကျလာတဲ့အခါ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အချိုးအစားရှုထောင့် ကတော့ ပိုကောင်းလာပေမဲ့ မျက်နှာပိန်ကျသွားတာ၊ ပါးချောင်သွားတာ ဒါမှမဟုတ် ပိုရင့်သွားသလို ခံစားရတာမျိုးက လူတော်တော်များများ မလိုချင်ကြတဲ့ထဲ ပါပါတယ်။ ခန္ဓာကိုယ်ကအဆီတွေပဲ ကျသွားပြီး မျက်နှာအဆီ (facial fat) ကို သီးသန့် ချန်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။
သုတေသနစာတမ်းတွေမှာ ဖော်ပြချက်တွေအရ အချိန်တိုအတွင်း ဝိတ်အလွန်အမင်းချလိုက်တဲ့အခါ မျက်နှာအောက်ပိုင်းထက် ပါးပြင်အလယ်ပိုင်း (midface) အဆီလျော့နည်းသွားတာနဲ့ လည်ပင်း အရေပြား လျော့တွဲလာတာ (platysma band formation) တို့ကို အဓိက တွေ့ရှိရတယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်တွေထဲမှာ Ozempic လိုမျိုး GLP-1 ဆေးသောက်သုံးသူတွေရဲ့ မျက်နှာ ကို တိုင်းတာရာမှာ နားထင်အဆီလွှာ (temporal fat pad) ၄၁.၈% အထိ နဲ့ ပါးပြင်အဆီလွှာ (cheek fat pad) ၆၉.၉% အထိ အသီးသီး လျော့နည်းကျဆင်းသွားတာကိုလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အရေပြား ကျုံ့ဆန့်နိုင်စွမ်း (skin elasticity) နည်းသူတွေမှာ ဝိတ်ကျသွားပြီးနောက် တခြား အသက်ရွယ်တူသူတွေထက်စာရင် ၅ နှစ်ခန့် ပိုပြီးရင့်ရော်သွားသယောင်ထင်ရစေတယ်လို့ ဖော်ပြထား ပါတယ်။
နောက်ထပ် တွေ့ရှိချက်တွေ အနေနဲ့ GLP-1 agonists ဆေးသောက်သုံးသူ အယောက်၂၀ရဲ့ CT နဲ့ MRI Radiographic တိုင်းတာချက်တွေအရ ခန္ဓာကိုယ်အလေးချိန် ၁၀ ကီလိုဂရမ် (၂၂ ပေါင်) ကျသွား တိုင်း မျက်နှာအလယ်ပိုင်း အဆီထုထည် ၇% ခန့် လျော့နည်းသွားလေ့ ရှိတယ်လို့ ဖော်ပြထား ပါတယ်။ အထူးသဖြင့် အရေပြားအောက် အပြင်လွှာအဆီ (Superficial fat pad) တွေက ၁၁% အထိ သိသိ သာသာ ကျဆင်းသွားပြီး အတွင်းပိုင်းအဆီ (Deep fat pad) ထက် ပိုပြီးလျော့နည်းသွားတာကြောင့် ပါးပြင်နေရာ ချိုင့်ဝင်သွားတာ၊ နားထင်နေရာ ချောင်ကျသွားတာ နဲ့ ပါးစပ်ဘေး အရေးအကြောင်း (nasolabial folds) တွေ ပိုမိုထင်ရှားလာရခြင်း ဖြစ်ပါတယ်။ အသက်အရွယ် အိုမင်းလာခြင်းနဲ့ နေလောင်ဒဏ်တွေကြောင့် အရေပြားအတွင်းလွှာတွေမှာ ရှိတဲ့ Collagen နဲ့ Elastin မျှင်တွေ လျော့နည်းနေချိန်မှာ မျက်နှာအဆီလွှာကပါလျော့ကျသွားတာကြောင့် အရေပြား လျော့တွဲမှု (skin laxity) ကပိုပြီးသိသာလာရခြင်း ဖြစ်ပါတယ်။
ဒီလိုမျိုး ဝိတ်ချနေချိန်မှာ မျက်နှာအဆီကျပြီး ရင့်သွားသလိုဖြစ်လာတာကို လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ပထမဆုံးအချက်အနေနဲ့ ကိုယ့်ရဲ့ ဝိတ်ချနှုန်းကို ထိန်းပေးရပါမယ်။ အရမ်းမြန်မြန် ဝိတ်ချနည်းတွေကို ရှောင်ပေးပါ။ ဆေးထိုး၊ ဆေးသောက်နဲ့ ဝိတ်ချနေတယ် ဆိုရင်လည်း ဆရာဝန် ညွှန်ကြားတဲ့ ဆေးပမာဏအတိုင်းသာ စနစ်တကျ သောက်ပေးဖို့ လိုအပ်ပါတယ်။ နောက်တချက်အနေနဲ့ ပရိုတင်းဓာတ်ရတဲ့ အစားအစာတွေကို လုံလုံလောက်လောက် စားပေးရပါမယ်။ The European Association for the Study of Obesity တို့ရဲ့ လမ်းညွှန်ချက်အတိုင်း ကြွက်သားထု မဆုံးရှုံးစေဖို့ တစ်နေ့မှာ ပရိုတင်း ၆၀ ဂရမ် မှ ၁.၅ ဂရမ်/ကီလိုဂရမ် အထိ စားသုံးပေးဖို့ လိုပါတယ်။ နောက်တချက်ကတေ့ Resistance Exercise တွေဖြစ်တဲ့ အလေးမလေ့ကျင့်ခန်းတွေ နဲ့ ကြွက်သား ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို တွဲဖက်လုပ်ဆောင်ပြီး ကြွက်သားထုကို ထိန်းထားရပါမယ်။ ပြီးရင် နေ့စဉ်လိုအပ်တဲ့ အာဟာရတွေကို မျှမျှတတ စားပေးရပါမယ်။ မျက်နှာအဆီလျော့တာကို သီးသန့် ကာကွယ်ပေးနိုင်တဲ့ ဖြည့်စွက်စာ ဆိုပြီး မရှိသေးတာကြောင့် အစားအရမ်းရှောင်တာမျိုး မလုပ်သင့် ပါဘူး။ နောက်ဆုံးအချက်အနေနဲ့ကတော့ Skincare ဂရုစိုက်သုံးပေးဖို့ပါ။ နေ့စဉ် Sunscreen ၊ Moisturizer နဲ့ ဆရာဝန်ညွှန်ကြားထားတဲ့ Topical Retinoids (Tretinoin) တွေလိမ်းပြီး အရေပြား ကျန်းမာရေးကို ထိန်းသိမ်းပေးရပါမယ်။
ကုသမှုနည်းလမ်းတွေကလည်း ဖြစ်ပေါ်လာတဲ့ ပြဿနာပေါ်မူတည်ပြီး တစ်ယောက် နဲ့ တစ်ယောက် ကွာခြားနိုင်တာကြောင့် တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။ အဆီထုထည် လျော့နည်းသွားတဲ့ ( volume loss ) လိုအခြေအနေမျိုးမှာဆို Dermal fillers လိုမျိုး ကုသမှုနဲ့ မျက်နှာအချိုးအစား ပြန်လည်ပြည့်ဖြိုးလာအောင် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ ထိုးဆေးတွေနဲ့လည်းကုသနိုင်ပါတယ်။ မျက်နှာအဆီကသိပ်မလျော့ဘဲ အရေပြား လျော့တွဲနေတဲ့ အခြေအနေမျိုးမှာတော့ Energy-based devices လိုမျိုး စွမ်းအင်သုံးစက်ပစ္စည်းတွေနဲ့ ကုသမှု ခံယူဖို့ ဆရာဝန်များက အကြံပေးပါလိမ့်မယ်။ နောက်ဆုံး ကုသမှု နည်းလမ်းတစ်မျိုးကတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ကိုယ်ပိုင်အဆီကို လျော့တွဲချိုင့် နေတဲ့နေရာတွေမှာ ပြန်လည်ဖြည့်ထိုးပြီး ကုသတဲ့ Autologous fat grafting လို့ ခေါ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီးမှသာ ကုသမှုယူသင့်ပါတယ်။
ခန္ဓာကိုယ်ကအဆီတွေ လျော့နည်းသွားတာနဲ့အတူ မျက်နှာပေါ်က အဆီထု ကလည်း အနည်းနှင့်အမျှ လျော့ကျသွားတာကတော့ ပုံမှန်ပါပဲ။ ဒါကို ရာနှုန်းပြည့် အမြဲတမ်း တားဆီးထားဖို့ဆိုတာကလည်း မဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ…
References:
· Soft tissue facial changes following massive weight loss secondary to medical and surgical bariatric interventions: A systematic review. Aesthetic Surgery Journal Open Forum, 6, ojae069. https://doi.org/10.1093/asjof/ojae069
· Radiographic midfacial volume changes in patients on GLP-1 agonists. Otolaryngology–Head and Neck Surgery, 173(2), 360–366. https://doi.org/10.1002/ohn.1209
· Nutritional, functional, and psychological considerations for incretin-based therapies in adults—An EASO, EFAD, and ECPO consensus statement. The Lancet Diabetes & Endocrinology, 14(9), 754–777. https://doi.org/10.1016/S2213-8587(26)00122-1