Skip to content
Ads Advertisement

အတွေ့အကြုံက လာတဲ့ ခံစားချက်အသံစစ်တွေကို နားဆင်ပြီး အစစ်အမှန် ပြောင်းလဲကြရအောင်

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) ကို နှစ်စဉ် အောက်တိုဘာ ၁၀ ရက်မှာ ကမ္ဘာတစ်ဝန်း ကျင်းပကြပါတယ်။ ၂၀၂၆ ခုနှစ်အတွက် ခေါင်းစဉ်ကို ကမ္ဘာ့စိတ်ကျန်းမာရေးအဖွဲ့ချုပ် (World Federation for Mental Health – WFMH) က “Lived experiences heard: real voices, real change” လို့ ကြေညာခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ၎င်းရဲ့ campaign စာမျက်နှာမှာ ဒီခေါင်းစဉ်ကို အသုံးပြုထားပါတယ်။ မြန်မာလိုဆိုရင် “အတွေ့အကြုံတွေက စီးဆင်းလာတဲ့ ခံစားချက်အသံစစ်တွေကို နားဆင်ပါ။ ပြီးတော့ အစစ်အမှန် ပြောင်းလဲပစ်ပါ” လို့ ဘာသာပြန်နိုင်ပါတယ်။

ဒါဆိုရင် ဒီခေါင်းစဉ်က ဘာကို ဆိုလိုတာလဲ။

စိတ်ကျန်းမာရေး ပြဿနာတွေကို ကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းခဲ့သူတွေ၊ ကုသမှု ခံယူခဲ့ဖူးသူတွေ၊ ပြုစုစောင့်ရှောက်ခဲ့သူတွေရဲ့ အသံတွေကို နားထောင်ကြည့်ဖို့ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးပညာရှင်တွေရဲ့ အသိပညာနဲ့ ကိုယ်တိုင်ကြုံခဲ့သူတွေရဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဝန်ဆောင်မှုတွေ၊ မူဝါဒတွေကို ပိုကောင်းအောင် ပြုလုပ်ဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အများစုက ဘာလို့ ပြောမလဲ၊ ဘာလို့ မျှဝေမလဲ ဆိုတဲ့ ကြောက်ရွံ့မှုတွေ ရှိနေတုန်းပါ။ “ရူးသွားပြီ”၊ “အရူး” ဆိုတဲ့ စကားလုံးတွေ၊ မိသားစုအချင်းချင်းကြားထဲမှာတောင် ဖုံးကွယ်ထားရတဲ့ အလေ့အကျင့်တွေ၊ တစ်ခုခုဆို Judge လုပ်ပြီး ကဲ့ရဲ့တတ်တဲ့ ပတ်ဝန်းကျင်တွေကြောင့် စိတ်ဒဏ်ရာတွေရဲ့အသံတွေကို တိတ်ဆိတ်နေစေပါတယ်။ ဒါပေမဲ့ အဲဒီ တိတ်ဆိတ်မှုက ပြဿနာကို သက်သာမသွားစေဘဲ ပိုပြီး ကြီးထွားလာစေပါတယ်။

အတွေ့အကြုံကလာတဲ့ ခံစားချက်အသံစစ်တွေကို နားထောင်ရင် ဘာတွေ ပြောင်းလဲနိုင်မလဲ။

လူမှုအသိုင်းအဝိုင်းထဲ ခွဲခြားဆက်ဆံမှု လျော့နည်းလာပါလိမ့်မယ်။ တစ်ယောက်ယောက်က “ငါလည်း ဒီလို ခံစားခဲ့ဖူးတယ်၊ အခုတော့ ကောင်းလာပြီ” လို့ ရဲရဲဝံ့ဝံ့ ထုတ်ပြောလိုက်တယ်။ တခြား စိတ်ဒဏ်ရာတွေကြောင့် အကြပ်အတည်းကြုံနေရတဲ့သူတစ်ယောက်က အဲဒါကို ကြားလိုက်တဲ့အခါ သူဟာ မျှော်လင့်ချက်ကို ခံစားရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေက အကန့်အသတ် ရှိသေးပါတယ်။ ရန်ကုန်လို မြို့ပြကြီးမှာတောင် အရေအတွက် နည်းပြီး ကျေးလက်ဒေသတွေမှာတော့ ပိုပြီး ရှားပါးပါတယ်။ ဒါကြောင့် လူတွေက မိသားစု၊ သူငယ်ချင်းလို ကိုယ်ယုံကြည်ရသူတွေကို အားကိုးကြရပါတယ်။ အဲဒီအချိန်မှာ တကယ်တမ်း နားထောင်ပေးနိုင်တဲ့သူ ရှိဖို့က အလွန် အရေးကြီးပါတယ်။ ကိုယ်ခံစားချက်တွေကို နားထောင်ပေးမယ့်သူရှိနေတာက ကုသခြင်းရဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်ဦးချင်းစီ ဘာလုပ်နိုင်မလဲ။

နံပါတ်တစ် – ကိုယ့်အနားက လူတစ်ယောက် စိတ်ညစ်နေရင်၊ စိတ်ရှုပ်နေရင် ဒါမှမဟုတ် ခံစားနေရရင် ချက်ချင်း ဟိုလိုဒီလို ဆိုပြီး အကြံပေးမယ့်အစား ငြိမ်ငြိမ်လေး နားထောင်ပေးပါ။ “ဘာခံစားနေလဲ” ဆိုပြီး ဂရုတစိုက် မေးကြည့်ပါ။

နောက်တစ်ခုက ကိုယ်တိုင် စိတ်ကျန်းမာရေး ပြဿနာ ရှိခဲ့ဖူးရင် သို့မဟုတ် ရှိနေရင် ယုံကြည်ရတဲ့၊ ဘေးကင်းတဲ့ နေရာမှာ မျှဝေကြည့်ပါ။ သင်၏ ရဲရင့်မှုက အခြားသူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်ပါတယ်။

ဆောင်ရန်ရှောင်ရန်လေးတွေက စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ မှန်ကန်တဲ့ အချက်အလက်တွေကို မျှဝေပါ။ အတုအယောင် သတင်းတွေ၊ အထင်အမြင်လွဲမှားစေတဲ့ စကားတွေကို သတိထားရှောင်ရှားပါ။

ကိုယ်ချင်းစာစိတ်လေးနဲ့ စပါ – စိတ်ဒဏ်ရာ ခံစားနေရသူများကို အကဲဖြတ် စိစစ်တာ ဒါမှမဟုတ် အပြစ် တင်တာမျိုး မလုပ်ပါနဲ့။ “မင်း စိတ်ပျော့လို့ပါ” ဒါမှမဟုတ် “ဒီလိုပဲ ဖြစ်သွားတာပဲ” ဆိုတဲ့ စကားလုံးတွေဟာ အကူအညီမဖြစ်ပဲ သူတို့ကို တွင်းနက်ကြီးထဲ ပိုနှစ်ဝင်သွားစေပါတယ်။

နောက်ဆုံးကတော့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အကူအညီ တောင်းခံခြင်းကို ပုံမှန် ကိစ္စတစ်ခုအဖြစ် လက်ခံပေးပါ။ ကိုယ်မှာ ထိခိုက်ဒဏ်ရာရတဲ့အခါ နာကျင်သလိုပဲ စိတ်ပင်ပန်းနွမ်းနယ်ခြင်းကလည်း ပုံမှန်သဘာဝကျတဲ့ အရာတစ်ခုဖြစ်ကြောင်း နားလည်ပေးပါ။

စိတ်ကျန်းမာရေးကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ ကိုယ်ခန္ဓာ နေမကောင်းရင် ဆရာဝန်ပြသလို စိတ်နေမကောင်းရင်လည်း အကူအညီ တောင်းခံသင့်ပါတယ်။ စိတ်ကျန်းမာရေး စောင့် ရှောက်မှု ဆိုတာ ဆေးဝါး တစ်ခုတည်းတင် မကဘဲ နွေးထွေးတဲ့ စာနာနားလည်မှု၊ ဘေးကင်းတဲ့ ပတ်ဝန်း ကျင်နဲ့ အသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုတွေ ပါဝင်ပါတယ်။

ဒီနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ ကျွန်တော်တို့ အားလုံး တစ်ခုကို သတိရကြပါစို့။ အသံတွေကို နားထောင်ရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီအသံတွေကို အခြေခံပြီး တကယ့် ပြောင်းလဲမှုတွေ ဖန်တီးရပါမယ်။ ဆေးရုံတွေမှာ၊ မိသားစုထဲမှာ၊ လုပ်ငန်းခွင်မှာ၊ လူမှုကွန်ရက်မှာ အတွေ့အကြုံရှိသူတွေရဲ့ အသံကို နေရာပေးကြပါ။

သင်ရဲ့ အသံက အရေးပါတယ်။ သင်ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံက တန်ဖိုးရှိပါတယ်။ နားထောင်ပေးမယ့်သူတွေ ရှိပါတယ်။ ပြောင်းလဲမှုက စတင်နေပြီ။ အတူတူ နားထောင်ကြပါစို့။ အတူတူ ပြောင်းလဲကြပါစို့။

Ref; https://www.who.int/campaigns/world-mental-health-day/2026

https://wfmh.global/…/2026.26-08-11_world-mental-health…
https://www.emerald.com/…/JHR-02-2020-0029/full/html
https://www.helpage.org/…/tackling-perceptions-to…
https://frontiermyanmar.net/…/depression-sufferers-lack…

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement