Skip to content
Ads Advertisement

ခံတွင်းပူလောင်မှုဝေဒနာ

ရာသီဥတုတွေဖောက်ပြန်လာလို့ ပူပန်ရ၊ စီးပွားရေးတွေ ကမောက်ကမမို့ စိုးရိမ်ကြောင့်ကြနေရ နဲ့ စားသောက်နေထိုင်ရေးတွေ ခက်ခဲလာကြတဲ့အခါ ကမ္ဘာနဲ့အဝှမ်းမှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ပူပန်စရာတွေများနေကြတဲ့ ကာလအတွင်းမို့လား မသိပါဘူး။ ခံတွင်းပူလို့၊ ပါးစပ်ပူလို့ဆိုပြီး လာပြကြတဲ့လူနာတွေ ဒီနှစ်ပိုင်းထဲ နည်းနည်းများလာပါတယ်။ အရင်တုန်းက အဖြစ်နည်း/ လာပြကြတာနည်းပေမဲ့ အခုဘာကြောင့် များလာသလဲစဉ်းစားကြည့်ရင် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ စားသောက်နေထိုင်ပုံ၊ ဓာတုပစ္စည်းတွေ ထိတွေ့မှုနဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု တွေက အရင်တုန်းက လူတွေလိုမျိုးမဟုတ်တာတော့ အသေအချာပဲဗျ။

ခံတွင်းထဲမှာရှိတဲ့ အမြှေးပါးတွေမှာ ဖြစ်ဖြစ်၊ လျှာမှာဖြစ်ဖြစ် ပူသလို/ ကျဉ်သလိုခံစားနေရတယ်ဆိုပြီး ဆေးခန်းလာပြလို့ စစ်ဆေးကြည့်ရင် ခံတွင်းထဲမှာ ယောင်တာ၊ နာတာ၊ နီတာ စတဲ့လက္ခဏာတွေမရှိဘဲ ပုံမှန်ခံတွင်း အမြှေးပါးကိုပဲ တွေ့ရပါတယ်။ ခံတွင်းအမြှေးပါးနဲ့ လျှာရဲ့မျက်နှာပြင်မှာ ဘာမှမပြောင်းလဲပေမဲ့ အာရုံကြောဆိုင်ရာ ခံစားမှုအရ ပူလောင်မှုရှိနေတာမျိုးပါ။ ဆေးပညာအရ ဒီလိုခံတွင်းထဲမှာ ပူလောင်မှုခံစားရတာကို “Burning mouth Syndrome” လို့ခေါ်ပါတယ်။

ခံတွင်းထဲမှာ ဘာမှမတွေ့ရပေမဲ့ လူနာအနေနဲ့က ပူလောင်တဲ့ခံစားမှု ရှိနေတာ၊ ခံတွင်းထဲမှာ ထုံကျဉ်သလိုခံစားရတာ၊ အရသာခါးသလို ဒါမှမဟုတ် အရသာပြောင်းလာတာ စတဲ့စိတ်အခြေအနေ အဆင်မပြေဖြစ်လာတာကနေ တနေ့တနေ့ quality of life ကို မခံစားနိုင်တာမျိုးအထိ စိတ် အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒီလိုခံစားနေရတာက နေ့ပိုင်းတွေမှာ ပိုဖြစ်တတ်ပြီး ညနေပိုင်းမှာ ပိုဆိုးလာတတ်ပါတယ်။ အစာစားတာ ရေသောက်တာတွေပြုလုပ်တဲ့ ခဏတော့သက်သာသလို ခံစားရပြီး တချိန်လုံးခံတွင်းပူလောင်​နေသလိုဖြစ်နေတတ်ပါတယ်။

Burning sensation ကိုလျှာရဲ့ အရှေ့သုံးပုံနှစ်ပုံလောက်မှာ ပိုပြီးခံစားရတတ်သလို အာခေါင်၊ သွားဖုံးနဲ့ နှုတ်ခမ်းမှာလည်း ခံစားရတာ မျိုးတွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်ပင်ပန်း လူပင်ပန်းတဲ့အခါဖြစ်ဖြစ်၊ ပူစပ်တဲ့အစားအစာနဲ့ အက်စစ်ဓာတ်အထွက်များတဲ့ အစားအစာတွေစားမိရင်ဖြစ်ဖြစ် ပိုဆိုးလာတတ်ပါတယ်။

Burning sensation က အိပ်စက်ခြင်းကိုတော့ အနှောင့်အယှက်မရှိတတ်တာ တွေ့ရပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့ဆိုပါတယ်။ သို့ပါသော်လည်းဗျာ အခုကာလတွေမှာ လာပြကြ တဲ့အထဲ အမျိုးသားတွေလည်း ပါလာပါတယ်။

​အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့အခါ ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့အကြောင်းရင်း မှန်ကို တဆင့်ပြီးတဆင့် ခွဲခြမ်းစိတ်ဖြာပြီး ရှာဖွေရတဲ့အတွက် ဒီလိုလူနာလာပြီဆိုရင်တော့ ဆွေးနွေး တိုင်ပင်ရတာတွေများပါတယ်။

Burning sensation ကို ခံတွင်းထဲမှာဖြစ်တတ်တဲ့ ရောဂါတချို့ကြောင့် ခံစားနေရခြင်း၊ ဓာတ်မတည့်တဲ့ပစ္စည်းတမျိုးမျိုး သုံးမိလို့ ဖြစ်ခြင်း၊ အံကပ်ရေရှည်တပ်ထားလို့ ပူလောင် သလိုခံစားရခြင်း စတာတွေဆိုရင်တော့ ခံတွင်းထဲကဖြစ်နေတဲ့ ပြဿနာတွေ ကုသဖြေရှင်းလိုက်တာနဲ့ သက်သာသွားမှာဖြစ်ပေမဲ့ ခန္ဓာကိုယ်ရဲ့ တခြားရောဂါ/ ပြဿနာတွေကြောင့်ဆိုရင်တော့ တခြားထပ်မံ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။

​Burning sensation ကိုခံစားနေရတာ ခံတွင်းထဲက ဘယ်နေရာ ဘယ်အစိတ်အပိုင်းမှာလဲ၊ ဘယ်လောက်ကြာနေပြီလဲ၊ တခါတရံလား/ အမြဲခံစားနေရတာလား၊ သက်သာသွားတဲ့အချိန်ရှိလား/ ပိုဆိုးလာတဲ့ခံစားမှုတွေရှိလား စတဲ့အချက်တွေ ထည့်သွင်းစဉ်းစားရသလို ခံတွင်းခြောက်တာ၊ အရသာ ပြောင်းတာ၊ ဆေးအသစ်စသောက်တာ၊ သွားအံကပ်တပ်ဆင်တာ၊ သွားတိုက်ဆေး/ ပလုတ်ကျင်းဆေး ရည်အသုံးပြုတာ၊ အစာအိမ်စားချဉ့်ပြန်ရောဂါ (အစာအိမ်အက်စစ်အစာမျိုပြွန်ထဲ ပြန်တက်ခြင်းရောဂါ) ရှိ/မရှိ၊ စိတ်ဖိစီးပူပန်မှုနဲ့ ညအိပ်မပျော်တဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေ ရှိ/မရှိ၊ အစာရှောင်တာနဲ့ အာဟာရဆိုင်ရာ ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း ရှိ/မရှိ စတာတွေ မေးမြန်းစစ်ဆေးရပါတယ်။ အမျိုးသမီးများသွေးဆုံးချိန်အရွယ် ဟော်မုန်းအပြောင်းအလဲများကြောင့်ဖြစ်ခြင်း၊ ဆီးချိုသွေးချိုရှိခြင်း၊ သိုင်းရွိုက်ဟော်မုန်း မညီမျှခြင်း၊ ဆေးဝါးတချို့ ရေရှည်သောက်နေသူဖြစ်ခြင်း၊ တံတွေးအထွက်နည်း ရောဂါ/ အာခေါင်ခံတွင်းခြောက်ခြင်း၊ ဓာတ်မတည့်သောအခြေအနေရှိနေခြင်း၊ ကင်ဆာကုထုံးများထဲက ဓာတ်ရောင်ခြည်ကုသမှုခံယူထားခြင်း စတဲ့အခြေအနေတွေကိုလည်း တခုချင်းဆီမေးမြန်းအဖြေရှာ ရပါတယ်။

​ခံတွင်းထဲက အမြှေးပါးတွေမှာ တခြားရောဂါ ရှိ/မရှိ အရင်သေချာစွာစစ်ဆေးပြီး တံတွေးပုံမှန် ထွက်ရဲ့လား/ အထွက်နည်းသလား/ အာခြောက်တဲ့အဆင့်ဖြစ်နေပြီလား၊ ခံတွင်းထဲမှာ အံကပ်တပ်ထား ရင်အံကပ်ရဲ့ အခြေအနေနဲ့ အပေါ်အောက်သွားဖိဝါးတဲ့အနေအထား ပုံမှန်ဟုတ်/ မဟုတ်စစ်ဆေးရပါ တယ်။ ဒါမှမဟုတ် ခံတွင်းထဲမှာ ထိခိုက်ထားတာ၊ ပူလောင်မှုခံစားစေမဲ့ ခံတွင်းအမြှေးပါးတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ပစ္စည်းမျိုးနဲ့ အမြဲထိတွေ့မှုရှိနေသလားဆိုတာတွေကို အချိန်ပေးဆွေးနွေး ရပါတယ်။ တခါတရံမှာ ကြီးကြီးမားမားဘာရောဂါပြဿနာမှ မရှိပါဘဲ မေးမြန်းဆွေးနွေးပြီးချိန်မှ သွားတိုက်ဆေး အပြောင်းအလဲကြောင့် ခံစားနေရတယ်ဆိုတာမျိုး ပေါ်ပေါက်လာတဲ့အခါ အဲဒီ သွားတိုက်ဆေးသုံးတာ ရပ်လိုက်တာနဲ့ တခြားဘာကုသမှုမှ မလိုဘဲ ချက်ချင်းသက်သာအဆင်ပြေသွား ပါတယ်။ တချို့သွားတိုက်ဆေးတွေမှာ သွားတွေအတွက် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထပ်ပေါင်းထည့် ထားတဲ့ ဓာတုပစ္စည်းတချို့က သွားဖုံးနဲ့ ခံတွင်းအမြှေးပါးတွေအတွက်ကျတော့ အဆင်မပြေမှုဖြစ်စေ နိုင်တဲ့ ဓာတ်ပစ္စည်းတွေပါတတ်ပါတယ်။ သွားတိုက်ဆေးတွေမှာ အမြှုပ်ထွက်အားကောင်းအောင် ထည့်တဲ့ Sodium lauryl sulfate(SLS)၊ အနံ့အရသာကောင်းမွန်ဖို့ ထည့်ရတဲ့ Cinnamaldehyde နဲ့ Menthol ၊ သွားဖြူစေတဲ့ သွားတိုက်ဆေးအများစုမှာပါတဲ့ Carbamide peroxide ၊ hydrogen peroxide နဲ့ သွားမျက်နှာပြင်ပေါ်မှာ အစာအညှိတွေဖယ်ရှားဖို့ ဓာတ်ပစ္စည်းမဟုတ်ပေမဲ့ ပွတ်တိုက်ပစ္စည်း (arbrasive material) အဖြစ်သုံးတဲ့ hydrated silica စတာတွေက သွားအတွက် လိုအပ်တဲ့ ဖလိုရိုက်ဒ်ဓာတ်အပြင် သွားတိုက်ဆေးတွေမှာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ထပ်ပေါင်း ထည့်ထားတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒါတွေပါရင် မကောင်းဘူးလား မသုံးရဘူးလား ဆိုရင်တော့ အဲ့လိုဆိုလိုတာ လုံးဝမဟုတ်ပါဘူးဗျ။ သာမန်ခံတွင်းကျန်းမာတဲ့ လူတွေတိုင်း လိုအပ်ချက် အခြေအနေအရ အသုံးပြုနိုင်ဖို့ စီမံထုတ်လုပ်ထားကြတာ ဖြစ်ပါတယ်။ အခြေအနေအလိုက် သူ့ရည်ရွယ်ချက်နဲ့သူ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် သွားတိုက်ဆေး ဖော်စပ်တဲ့ formula ၊ ပါဝင်တဲ့ concentration ၊ လူတဦးချင်းစီရဲ့ ဒီပစ္စည်းတွေအပေါ်မှာ တုံ့ပြန်မှု၊ ထိတွေ့မှုကြာချိန်၊ ထိတွေ့တဲ့ အကြိမ်အရေအတွက် စတာတွေအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ ခံတွင်းထဲမှာ burning sensation ခံစားနေရသူဆိုရင်တော့ ဖလိုရိုက်ဒ်ဓာတ်ပါပြီး အနံ့အရသာ လုံးဝမပါတာ ဒါမှမဟုတ် နည်းနည်းပဲပါတဲ့ SLS-Free ဖြစ်တဲ့သွားတိုက်ဆေးမျိုး၊ peroxide တွေမပါတဲ့ သွားတိုက်ဆေး မျိုးပြောင်းသုံးဖို့ သွားဆရာဝန်အမျိုးစုက အကြံပြုကြပါတယ်။

​ဒီလိုအကြောင်းအရာအမျိုးမျိုးကြောင့် လူ့ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ တခုခုခံစားနေရပြီဆိုရင် social media ပေါ်ကနေ မေးမြန်းနေကြတာထက် လူကိုယ်တိုင် နီးစပ်ရာဆေးခန်းမှာ မျက်မြင်ပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်ကိုယ်တိုင်ကလည်း မျက်မြင်တွေ့ရှိ စစ်ဆေးနိုင်မှသာ ထိရောက်တဲ့ကုသမှုကို ပေးနိုင်မှာဖြစ်ပါတယ်ဗျ။ လူ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ရောဂါအခြေအနေကို ဆရာဝန်နဲ့လူနာတွေ့မှသာ ရောဂါအမှန်ရှာဖွေပေးနိုင်မှာ ဖြစ်သလို ခံတွင်းထဲက ပြဿနာဆိုရင်လည်း ကိုယ်တိုင်ခံစားနေရသူက သွားဆရာဝန်ဆီမှာ မျက်မြင်သွားပြပြီး မျက်စိနဲ့ စစ်ဆေးတာ၊ လက်နဲ့စမ်းသပ်တာ၊ နှုတ်နဲ့မေးမြန်း စုံစမ်းရတာတွေ အဆင့်ဆင့်လုပ်မှသာ အကြောင်းအရင်းအမှန်၊ ကုသမှုအမှန်ကို ရနိုင်ပါတယ်။ ဒီလို ပြောရင်း ဆေးခန်းမှာ တချို့လာစုံစမ်းမေးမြန်းကြတာကို သတိရမိပါတယ်။ “ဆရာ လူနာကတော့ မပါ လာဘူး(ဆေးခန်းအပေါက်ဝမှာ ပါးစပ်ကြီးဟ လက်နဲ့ထိုးပြပြီး) ဒီနေရာ၊ ဒီနေရာတွေမှာ ဘယ်လိုခံစား နေရတယ်/ အစာစားလို့မရဘူး၊ အဲ့ဒါသောက်ဆေးဖြစ်ဖြစ်၊ လိမ်းဆေးဖြစ်ဖြစ် ပေးလိုက်လို့ရလား” ဆို တာမျိုးပါ။ ဖြစ်နေတာက တယောက်၊ ရောက်လာပြီးမေးပေးတာက တယောက်ဆိုရင် ကျွန်တော်တို့က ရောက်လာတဲ့တယောက်ရဲ့ ခံတွင်းကိုကြည့်ပြီး တကယ်ဖြစ်နေတဲ့သူရဲ့ ခံတွင်းထဲကိုမြင်ရတာမှ မဟုတ် တာဗျာ။ ဘယ်လိုကုသမှုပေးလို့ရမလဲ၊ အဲလိုပါပဲဗျ Social media ကနေတဆင့် မေးကြတာမျိုးက အဖြေမှန် ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။

လူထုကို ကျန်းမာရေးအသိ/ သတိရှိစေချင်တာ၊ ကျန်းမာရေး ဗဟုသုတနဲ့ ပြည့်ဝစေချင်တာ၊ ရောဂါဖြစ်လာရင် မှန်ကန်စနစ်ကျတဲ့ ကုသမှုယူပြီး ကျန်းကျန်းမာမာ ရှိစေချင်လို့ Social media ပေါ်မှာ ကျန်းမာရေးအသိပညာပေးတွေ ရေးကြတာဖြစ်ပါတယ်ဗျ။ ပုံမှန် မဟုတ်တာ တခုခုခံစားရပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ သက်ဆိုင်ရာဆရာဝန် ဒါမှမဟုတ် နီးစပ်ရာ ဆေးခန်းမှာ သွားရောက်ပြသဖို့ တိုက်တွန်းပါတယ်။

​ပြောလိုရင်းအကြောင်းအရာကို ပြန်ဆက်ရအောင်ဗျာ။ အပေါ်မှာပြောခဲ့တဲ့အတိုင်း burning sensation ခံစားနေရတဲ့အကြောင်းရင်းမှန်ကို အရင်ရှာဖွေဖော်ထုတ်ရပါမယ်။ ပူစပ်တဲ့အစားအစာ၊ အက်စစ်ဓာတ်အထွက်များတဲ့ အစားအစာတွေရှောင်ပြီး ခံတွင်းထဲမှာ စိုစွတ်မှုရှိနေအောင် ရေခဏခဏ ငုံပေးတာ/ သောက်ပေးတာလုပ်ရပါမယ်။ တံတွေးအထွက်နည်းတာကြောင့် ခံတွင်း၊ အာခေါင်ခြောက် နေတဲ့သူဆိုရင်တော့ တံတွေးအစားထိုးဆေးဘူးလေးတွေ အသုံးပြုခိုင်းပါတယ်။ အရက်၊ ဆေးလိပ်၊ ကော်ဖီတွေ ရှောင်ရပါမယ်။ စိတ်ဖိစီးမှု၊ ပူပန်မှုတွေအတွက်လည်း relaxation technique တွေ အသုံးပြုပြီးနေထိုင်ကြည့်ဖို့ အကြံပြုရပါတယ်။ လိမ်းဆေး၊ ပလုတ်ကျင်းဆေးရည် လိုအပ်လို့ အသုံးပြုရတာမျိုးလည်းရှိပြီး ဆရာဝန်က ချိန်းဆိုတဲ့အတိုင်း ရက်ချိန်းမှန်မှန် ပြန်လည်ပြသဖို့လည်း လိုအပ်ပါတယ်။

​Burning sensation ရှိနေတာကြာနေရင်၊ အရသာပြောင်းလာရင်၊ ရေသောက်လည်း အာခြောက်တာက ပျောက်မသွားဘူး မသက်သာဘူးဆိုရင်၊ စားတာအိပ်တာ စကားပြောတာတွေမှာပါ ထိခိုက်လာပြီဆိုရင်တော့ ခံတွင်းထဲက အဆင်မပြေမှုတွေက တနေ့တာစားသောက်ပြောဆိုဆက်ဆံမှု တွေကိုပါ ထိခိုက်လာပြီး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေလည်း များလာနိုင်တာကြောင့် သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာပြသစစ်ဆေးကြစေလိုပါတယ်ခင်ဗျာ။ အရင်းစစ်ကြည့်လိုက်ရင် လူသားတွေပူပန်မှု၊ စိတ်ဖိစီးမှု၊ အာဟာရဆိုင်ရာ ပြဿနာ၊ ဓာတုပစ္စည်းတွေထိတွေ့မှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေနည်းပြီး ကောင်းမွန်ကျန်းမာတဲ့ ကမ္ဘာကြီးဖြစ်လာမယ်ဆိုရင်တော့ ဒီလိုဝေဒနာမျိုးကို တွေ့ရနည်းလာမယ်ထင် တာပဲဗျ။ ပူပန်မှုတွေကင်းပြီး စိတ်ချမ်းသာမှုများများရှိကြဖို့ တောင်းဆုပြုလိုက်ပါတယ်ခင်ဗျား။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement