Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (October Third Week)

ဝိဇ္ဇာနည်းနဲ့ ဆေးကုသပေးနေတဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ (၄၂) ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းမ၊ မဟာဂန္ဓာရုံ ဘုန်းကြီးကျောင်းက ‘ပရဟိတ နေလင်းအောင်’ ဆေးကုခန်းကို အောက်တိုဘာ ၁၁ ရက်မှာ စစ်တပ်က ပိတ်လိုက်တယ်လို့ မြို့ခံတွေကို ကိုးကားပြီး DVB သတင်းဌာနက ရေးသားထားပါတယ်။

ဆေးကုသတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် နာမည်ကြီးနေတဲ့ ဦးထူးခန့်ကျော်၊ ဦးနေလင်းအောင်၊ ရွှေလက်ပိုင်ရှင် ဒေါ်ခင်စန်းရီတို့ကို စစ်ဆေးဖို့ အောက်တိုဘာ ၁၃ ရက်မှာ လုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ဆွေးနွေးခဲ့ပါတယ်။

လူ့သက်တမ်း မျှော်မှန်းချက်ကို နှစ် (၇၀) ကျော်အထိ တိုးမြှင့်နိုင်ရေး ရည်ရွယ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပံ့ပိုးပေးနေတယ်လို့ အောက်တိုဘာ ၁၃ ရက်က ရန်ကုန်မြို့မှာ လုပ်တဲ့ ဆရာဝန် မောင်မယ်သစ်လွင်များအား ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်လွှဲပြောင်းတဲ့ပွဲမှာ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

တိုင်းအတွင်း အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်တာမျိုး မဖြစ်စေဖို့ မြို့နယ်၊ ကျေးရွာအလိုက် လိုအပ်တဲ့ အပူရှောင်စခန်းတွေကို သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဦးစီးဌာန၊ မီးသတ်၊ ကြက်ခြေနီနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းဖွင့်လှစ်သွားမယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

အယ်နီညို အမြင့်ဆုံးအခြေအနေဟာ လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကျရောက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၁၁ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းအတွင်း အပူဒဏ်ကြောင့် သက်ကြီးပိုင်းသေဆုံးမှုတွေ ရှိလာနေတယ်။ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက သန်လျင်မြို့မဈေးအနီး အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦး လမ်းလျှောက်နေရင်း ရုတ်တရက် လဲကျသေဆုံးခဲ့သလို အောက်တိုဘာ ၁၂ ရက်ကလည်း ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦး အပူဒဏ်ကြောင့် မူးလဲခဲ့ပြီး ကူညီသူတွေ ရောက်ရှိလာချိန်မှာ သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းကလည်း မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကားပစ္စည်းဝင်းအတွင်း အသက် (၆၀) အရွယ် အမျိုးသားတစ်ဦး အပူရှပ်လေဖြတ်ခဲ့ပေမယ့် ပရဟိတ လူမှုကူညီရေးအဖွဲ့တွေက အင်းစိန်ပြည်သူ့ဆေးရုံကြီးကို အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၁၀ ရက်မှာပဲ ကျောက်တံတားမြို့နယ်အတွင်း သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး အပူဒဏ်ကြောင့် မူးမေ့လဲတာမျိုး ဖြစ်ခဲ့ပြီး ပြန်သတိရလာတာကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ နေအိမ်ကို ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အပူချိန်လွန်ကဲမှုတွေ ဆက်ဖြစ်နေတာမို့ အထူးသဖြင့် သက်ကြီးပိုင်းနဲ့ ရောဂါအခံရှိသူတွေဟာ ပိုပြီးသတိထားဖို့ လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလျက်ရှိပါတယ်။

မွန်ပြည်နယ်မှာ ပြင်းထန် စူပါအယ်လ်နီညိုကြောင့် အပူလျှပ် (Heat Stroke) နဲ့ သေဆုံးသူဟာ အောက်တိုဘာလအတွင်းမှာကို ငါးဦးအထိ ရှိလာပြီလို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အောက်တိုဘာ ပထမနှစ်ပတ်တာအတွင်း ဘီးလင်းမှာ လေးဦးနဲ့ သထုံက တစ်ဦးတို့ ဖြစ်ပြီး သေဆုံးသူထဲမှာ အရက်သေစာ သောက်စားထားသူတွေ ပါသလို လမ်းသွားရင်း လဲကျသေဆုံးသူတွေလည်း ပါဝင်ပါတယ်။

ဈေးကွက်ထဲရှိနေပေမယ့် စံချိန်စံညွှန်းမမီတာကြောင့် ကျားနဂါး (မြိတ်ငံပြာရည်) နဲ့ ကင်းမွန် (အဆင့်မြင့်ပဲငံပြာရည်) ကို ဈေးကွက်ကနေ ပြန်သိမ်းဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတိပေးထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၄ ရက်ကလည်း Green Circle ကုမ္ပဏီထုတ် “Ve Ve” တံဆိပ် စတော်ဘယ်ရီအရသာ နို့ဘူးတွေမှာ Sodium Cyclamate ပါဝင်နှုန်းက သတ်မှတ်ချက်ထက် ကျော်လွန်နေလို့ ဈေးကွက်က ပြန်သိမ်းဖို့ ထပ်ပြီး ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို အနားပေးပြီး သူ့နေရာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကို ပြောင်းလဲတာဝန်ပေးတယ်လို့ အောက်တိုဘာ ၉ ရက်မှာ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

အလွန်ပြင်းထန်တဲ့ မုန်သုန်ရာသီဒဏ်ကို ထိခိုက်ခံစားရတဲ့ မြန်မာ့လူမှုအသိုက်အဝန်းအတွက် ဆေးဝါးနဲ့ အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း (၄၆) တန်ကို ပို့ဆောင်ထားတယ်လို့ ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်၊ ဖရူဆိုအနောက်ဘက်ခြမ်း ဖွံဘော်ခွတ်မြို့နယ်၊ ဒေလကြိုကျေးရွာအုပ်စုမှာ တစ်နှစ်ကျော်တဲ့အထိ အရေပြားရောဂါ ဖြစ်ပွားမှု မရပ်တန့်သေးတဲ့အပြင် ပါးချိတ်ရောင်ရမ်းမှုတွေကိုပါ ကလေးငယ်တွေ ကြုံနေရတာမို့ ဆေးဝါးအကူအညီတွေ လိုအပ်တယ်လို့ မြို့နယ်ကျန်းမာရေးအရာရှိ ဆရာမ ဂျူးလစ်ကို ကိုးကားပြီး ဒေသတွင်း မီဒီယာတွေက ရေးသားထားပါတယ်။ အောက်တိုဘာလအတွင်း ပါးချိတ်ရောင်ရမ်းသူ ကလေးငယ် ၁၅ ဦးအထိ ရှိလာနေပြီး တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ ကုသရေး လက်လှမ်းမမီတာနဲ့ လုံလောက်တဲ့ လိမ်းဆေးမရှိတာကြောင့်လည်း အရေပြားရောဂါတွေက ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုက မွေးရာပါ စအိုပေါက်မပါတဲ့ အသက်ခြောက်လအရွယ် ကလေးငယ်အတွက် ဆေးဝါးနဲ့ နို့မှုန့်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ ထွန်းမြန်မာ Donation က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ ပြန်လည်သန်စွမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကနေ မသန်စွမ်းသူတွေအတွက် ခြေတု၊ လက်တုနဲ့ ကိုယ်ခန္ဓာအထောက်အကူပြုပစ္စည်းတွေ ပံ့ပိုးကူညီနေတယ်လို့ ဆွစ်ဇာလန်သံရုံးက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ စစ်သုံးလက်ကျန်ပစ္စည်းတွေကြောင့် လူသေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာ အများအပြားဖြစ်နေဆဲဖြစ်ကာ ဒါဟာ အရပ်သားဘေးကင်းလုံခြုံရေး၊ သက်မွေးဝမ်းကြောင်းနဲ့ ဘဝပြန်လည်ထူထောင်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုလို့လည်း ဆိုထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ထိုင်းနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကျန်းမာရေးစောင့်ရှောက်မှု ပိုရနိုင်ဖို့အတွက် မဲဆောက်ဆေးရုံနဲ့ IOM, EF, DLP, BHF အဖွဲ့တွေ ပူးပေါင်းပြီး TAK-CARE စီမံကိန်းအနေနဲ့ ဆောင်ရွက်မယ်လို့ M-Fund က ထုတ်ပြန်ထားပါတယ်။

ကုသမှုနဲ့ မသက်သာတဲ့ စိတ်ကျရောဂါရှိသူတွေကို ဦးနှောက်တွင်း လျှပ်စစ်ပို့လွှတ်ကုသတဲ့ Deep Brain Stimulation (DBS) နည်းသုံးတာဟာ ဦးနှောက်ချိတ်ဆက်မှုတချို့ကို သီးသန့်လှုံ့ဆော်ပေးသလို ဖြစ်တာမို့ ရေရှည်တိုးတက်မှုနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန်၊ နယူးယောက်မြို့ အခြေစိုက် Mount Sinai (ဆေးရုံနှင့် ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့) သုတေသီတွေက သူတို့ရဲ့ သုတေသနစာတမ်းမှာ ရေးသားထားပါတယ်။

ကင်ညာနိုင်ငံမှာ ဒုတိယမြောက် အီဘိုလာရောဂါ ကူးစက်ခံရသူအဖြစ် အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို အတည်ပြုထားကာ သူဟာ ပထမဆုံး ကူးစက်ခံခဲ့ရသူနဲ့ ဆွေမျိုးတော်စပ်ပြီး ကူးစက်မှုဟာ နယ်စပ်ဖြတ်ကျော် ပြန့်ပွားလာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားနေကြပါတယ်။

ယီမင်နိုင်ငံမှာ ပြီးခဲ့တဲ့ သုံးပတ်အတွင်း ကာလဝမ်းရောဂါ သံသယရှိသူအရေအတွက်ဟာ သုံးဆအထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပြီး တိုက်ပွဲတွေ ပြန်ပြီးပြင်းထန်လာတာမို့ အရပ်သားတွေဟာ နေရပ်စွန့်ခွာရပြီး မသန့်ရှင်းတဲ့ ယာယီစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုထားပါတယ်။

ခေါင်းကိုက်၊ တုပ်ကွေး၊ ဝမ်းလျှော၊ ကြွက်သားရောင်ရမ်း၊ အစာအိမ်အက်ဆစ်များတာ၊ အက်ဆစ်များပြီး အစာပြွန်ထဲ ပြန်တက်တဲ့ ရောဂါ ခြောက်မျိုးအတွက် တစ်ဦးချင်းအာမခံစည်းမျဉ်းတွေကို ထိုင်းနိုင်ငံ အာမခံကော်မရှင်ရုံး (OIC) က ပြောင်းလဲသတ်မှတ်လိုက်ပြီး ဒီအတွက် ဆေးကုသစရိတ် တောင်းခံတာဟာ သုံးကြိမ်နှင့်အထက်ရှိပြီး ကုန်ကျစရိတ်ဟာ နှစ်စဉ်အာမခံကြေးရဲ့ ၂၀၀ ရာခိုင်နှုန်းကျော်ခဲ့တယ်ဆိုရင် နောက်နှစ်တွေမှာ ကုသစရိတ်ရဲ့ (၃၀) ရာခိုင်နှုန်းကို ကိုယ်တိုင်ကျခံရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထွေထွေရောဂါနဲ့ ဆေးကုသစရိတ် တောင်းခံတာဟာ သုံးကြိမ်နဲ့အထက်ရှိပြီး နှစ်စဉ်အာမခံကြေးရဲ့ ၄၀၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ရင်လည်း ကုန်ကျစရိတ် (၃၀) ရာခိုင်နှုန်းကို ကိုယ်တိုင်ပေးဆောင်ရမှာဖြစ်ကာ ပြောင်းလဲလိုက်တဲ့ ရောဂါခြောက်မျိုးအတွက် သတ်မှတ်ချက်နဲ့ပါ ကိုက်ညီနေတယ်ဆိုရင် (၅၀) ရာခိုင်နှုန်းအထိ ကိုယ်တိုင်ကျခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်နှစ်တွေမှာ သတ်မှတ်ချက် နှစ်ခုစလုံးနဲ့ မကိုက်ညီတော့ရင်တော့ ပူးတွဲပေးချေစေတဲ့ သတ်မှတ်ချက်ကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement