Skip to content
Ads Advertisement

အခမဲ့ဆေးခန်းတွေကို စိန်ခေါ်နေတဲ့ ဆေးဝါးဈေးနှုန်း

“ဆေးတွေ ပြန်ဖြည့်ဖို့ အရင်ကထက်စာရင် ပိုက်ဆံသုံးရတာ သုံးဆလောက်အထိ ပိုကုန်လာတယ်”။ ဒီစကားကို ဆိုသူက မန္တလေးမြို့မှာ အခမဲ့ဆေးခန်း ဖွင့်ပြီး ဒေသခံတွေအတွက် ကျန်းမာရေးကူညီစောင့် ရှောက်ပေးနေသူတစ်ဦးပါ။

​အရင်ကာလတွေတုန်းကတော့ အခမဲ့ဆေးခန်းတစ်ခု ထူထောင်မယ်ဆို ကျပ်သိန်း ၃၀ နဲ့ ၅၀ လောက် သုံးတယ်ဆိုရင် အဆင်ပြေပေမယ့် အခုချိန်မှာတော့ ဒီ့ထက် နှစ်ဆကျော်၊ သုံးဆလောက်အထိ ကုန်ကျပါတယ်။

​“အရင်ကဆို သိန်း ၂၀၊ ၃၀ လောက်သုံးလိုက်ရင် ဆေးခန်းအတွက် တော်တော်လေး အဆင်ပြေတာ ကိုး။ အခုက ဆေးခန်းကို သုံးတဲ့ပစ္စည်း မပါသေးဘူးပေါ့။ ဆေးချည်းပဲ သိန်း ၁၀၀ ကျော်ဖိုးလောက် သုံးရတယ်။ ဒါက ထူထောင်တဲ့အချိန်မှာပေါ့။ ပြီးတော့မှ တစ်ပတ်စာအတွက် ဆေးဖိုးက ဘယ်လောက်ဆိုပြီး ပြန်ဖြည့်ရတာပေါ့။ အရင်က တစ်ပတ်ကို ဆေးဖိုး ငါးသိန်းလောက်ကျရင် အခုဆို တစ်ပတ်ကို ၁၀ သိန်းနဲ့ ၁၅ သိန်းကြားလောက် ပြန်ဖြည့်ရတယ်။ ဆေးဈေးတွေကတော့ တက်နေတာကိုး” လို့ သူက ဆိုပါတယ်။

​မြန်မာနိုင်ငံမှာ ကျန်းမာရေးစရိတ်အတွက် ငွေကြေးသုံးစွဲရတာများလာတဲ့အချိန်မှာ အခြေခံလူတန်း စားတွေက အခမဲ့ဆေးခန်းတွေကိုပဲ အားကိုးတကြီး သွားရောက်ပြသနေရတာပါ။ လက်ရှိမှာတော့ အခမဲ့ဆေးခန်းကို တစ်ပတ်ကို တစ်ရက်လောက်ပဲ ဖွင့်နိုင်ပြီးတော့ လာရောက်ကုသတဲ့သူတွေကလည်း ပိုများလာတာနဲ့ ဆက်စပ်ပြီး “လာကုတဲ့သူက များလာတာပေါ့။ ခုနက ပြောသလို ဆေးဈေးတက်တာရော၊ နောက်ပြီးတော့ အခမဲ့ဆေးခန်းတချို့ ပိတ်လိုက်ရတဲ့ဟာတွေရှိတော့ ကျွန်တော်တို့နားတစ်ဝိုက်မှာဆိုရင် အခမဲ့ဆေးခန်းက ကျွန်တော်တို့ပဲရှိတော့တာဆိုတော့ လာကုတဲ့သူတွေကလည်း ဒီလိုမျိုးဆေးခန်းလေးပဲ အားကိုးပြီး လာကုကြ တာပေါ့” လို့ သူကပြောပါတယ်။

​ရန်ကုန်မြို့အပါအဝင် မြို့ကြီးတော်တော်များများမှာ အခြေခံလူတန်းစားတွေအတွက် ပရဟိတ အခမဲ့ ဆေးခန်းတွေ ရှိကြပါတယ်။ ကျန်းမာရေးအတွက် အခကြေးငွေ မတတ်နိုင်တဲ့သူတွေအတွက်ကတော့ အခမဲ့ ဆေးခန်းတွေက အားထားရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။

​“ဆေးခန်းတော်တော်များများက ဆေးတွေပါ အခမဲ့ပေးတယ်။ ကုသစရိတ်လည်း မကုန်တော့ အဲဒီမှာပဲ သွားပြ ဖြစ်တယ်” လို့ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦးက MyanHealth ကို ပြောပြပါတယ်။

လက်ရှိမှာ ဖျားနာလို့ ဆေးခန်းသွားပြသမယ်ဆိုရင် အနည်းဆုံး ကျပ်တစ်သောင်းနဲ့အထက် ကုန်ကျလို့ အခုလို အခမဲ့ဆေးခန်းမှာ သွားရောက်ပြသတာဟာ မိသားစုစားဝတ်နေရေးအတွက်ပါ အထောက်အကူပြုတယ်လို့ သူမက အခုလို ဆိုပါတယ်။

​“ဆေးခန်းကို သွားပြလိုက်ရင် မိသားစုအတွက် တစ်နပ်စာလောက် ကုန်တယ်။ အခမဲ့ဆေးခန်းက ဆေးလည်းအလကားပေးတော့ အဆင်ပြေတယ်။ အိမ်စရိတ်ကာမိတယ်”

​မြန်မာနိုင်ငံမှာ အိမ်သုံးနဲ့ နာတာရှည် ဆေးဝါးတွေကို အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကနေ အများဆုံးတင်သွင်းပြီးတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေဘက်ကလည်း တင်သွင်းကြပါတယ်။ ပြီးခဲ့တဲ့ မတ်လလောက်က စပြီး အိမ်သုံးနဲ့ နာတာရှည်ဆေးတွေဟာ ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင် နှုန်းလောက်အကြား စျေးတွေ တက်ကုန်ပြီး လက်ရှိမှာ တချို့ဆေးဝါးတွေဟာ စျေးကွက်ထဲ ပစ္စည်းပြတ်သွားတဲ့အထိ ဖြစ်နေတယ်လို့ ဆေးဝါးစျေးကွက်အတွင်းက သိရပါတယ်။

​ဆေးဝါးစျေးနှုန်း တက်တာဟာ အခမဲ့ဆေးခန်းတွေအတွက် ရက်တိုးဖွင့်လှစ်ဖို့ဆိုတာထက် ပုံမှန် ဖွင့်လှစ်နိုင်ရေးကိုတောင် ခက်ခဲလာစေပြီး အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ပဲ တတ်နိုင်သမျှ ရပ်တည်ရတဲ့ အခြေ အနေကို ဆိုက်ရောက်စေပါတယ်။ ​

​“အခု တစ်ပတ်ကို တစ်ရက်ပဲ ဖွင့်နိုင်တယ်။ ထပ်တိုးဖွင့်ဖို့ဆိုတာထက် အခုလို ပုံမှန်အတိုင်း သွားဖို့ကို အလှူရှင်တွေနဲ့ ရပ်တည်နေရတာ။ ထပ်တိုးဖွင့်လှစ်ဖို့ဆိုတာက မလွယ်သေးဘူး” လို့ မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်းတစ်ခုက ဆိုပါတယ်။

​အလှူရှင်အထောက်အပံ့ အားကောင်းတဲ့ အခမဲ့ဆေးခန်းတွေအနေနဲ့ကတော့ ရပ်တည်ရတာ ခက်ခဲမှုမရှိသေးပေမယ့် ဆေးဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက်ကြောင့် သုံးစွဲရတဲ့ ငွေကြေးကတော့ အရင်ထက်ပိုများလာနေပါတယ်။

​တနင်္သာရီတိုင်း၊ မြိတ်မြို့က လူသိများတဲ့ “မြိတ်အခမဲ့ဆေးခန်း” တာဝန်ခံဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာ တင်စိုးမိုးက “ဆေးအတွက် ကုန်ကျစရိတ်ကတော့ နှစ်ဆ၊ သုံးဆလောက်တော့ တက်သွားတာပေါ့။ ခါတိုင်းဆို သိန်း ၂၀၀ လောက်ကနေ သိန်း ၄၀၀ လောက်အထိ တက်သွားတာပေါ့။ အဲဒီလို အခြေ အနေတော့ ဖြစ်လာတာပေါ့” လို့ ပြောပါတယ်။

​မြိတ်အခမဲ့ဆေးခန်းကို တစ်ပတ် သုံးရက် ဖွင့်လှစ်ထားပြီးတော့ လာရောက်ကုသတဲ့သူဦးရေဟာ အရင်တုန်းကဆို တစ်လကို အနည်းဆုံး ၁,၃၀၀ ကျော်အထိ ရှိခဲ့ပြီးတော့ အခုနောက်ပိုင်း လာရောက်ပြသတဲ့လူနာတွေက ပိုများ၊ ပိုတိုးလာနေပါတယ်။ ဆေးခန်းမှာ လာပြတဲ့သူတွေအတွက် ဖြစ်တဲ့ရောဂါအလိုက် ဆေးနှစ်ပတ်စာကို အခမဲ့ပေးတဲ့အတွက် အခုလို များလာ၊ တိုးလာတာလည်း ဖြစ်ပါတယ်။

“လာပြတဲ့သူက အခုနောက်ပိုင်း တော်တော်များလာတယ်။ ကျွန်တော်တို့ Plan အနေနဲ့ကတော့ နိုင်သလောက် တိုးချဲ့ပေးသွားမှာပေါ့နော်။ ကျွန်တော်တို့ကတော့ အခုလောလောဆယ် အလှူရှင်တွေရဲ့ အလှူငွေနဲ့ပဲ ရပ်တည်နေတာပေါ့။ ကျွန်တော်တို့လည်း တကယ်လည်း အလုပ်လုပ်နေတာဆိုတော့ အလှူရှင်တွေကလည်း မနေကြပါဘူး။ တကယ်တမ်း မှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်နေကြတော့လေ။ အခုဆို လူနာတွေရဲ့ အားကိုးမှုကလည်း များလာတယ်။ အလှူရှင်တွေကလည်း များလာပါတယ်။ ကျွန်တော်တို့ကတော့ အလှူငွေနဲ့ပဲ ရပ် တည်တာပေါ့။ လတ်တလော အခြေအနေမှာတော့ ပြေပါတယ်။ ကျွန်တော်တို့လည်း နိုင်သလောက် ကြိုးစားပြီးတော့ ရပ်တည်နေတာပေါ့။ လက်ရှိအခြေအနေကတော့ ပြေပါတယ်။ ရေရှည်အတွက် ကျွန်တော်တို့ ချိန်ထားတာကတော့ နောက်ပိုင်းမှာ ဆေးပဒေသာပင် လုပ်မယ်။ နောက်ပိုင်းမှာ ဖောင်ဒေးရှင်း တစ်ခုထောင်ပြီးတော့ ဆက်သွားဖို့လည်း ရည်မှန်းထားတယ်” လို့ ဒေါက်တာ တင်စိုးမိုးက ပြောပါတယ်။

​မြင့်တက်လာတဲ့ ဆေးဝါးစျေးနှုန်းတွေဟာ အလှူရှင် အထောက်အပံ့နဲ့ ရပ်တည်နေရတဲ့ အခမဲ့ ဆေးခန်းတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လို့ နေပါပြီ။ ဆေးခန်းတွေအနေနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းတဲ့အနေနဲ့ ကုသရက်ထပ်တိုးရေး ဆိုတာထက် လက်ရှိပေးနေတဲ့ ကုသရက်ကို ပုံမှန်အတိုင်း ဆက်သွားနိုင်ရေးကိုသာ အာရုံစိုက်နေကြရတဲ့ အခြေအနေပါ။

​“ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိကုသမှုပေးနေတဲ့ ရက်ကိုတော့ မပျက်မကွက် ပေးနိုင်အောင် သွားဖို့ အရေးကြီးတယ်။ ဆေးဈေးတွေ မြင့်တယ်ဆိုပေမယ့်လည်း လူနာတွေကိုတော့ ရသလောက်လုပ်ပေးရမှာပဲ” လို့ မန္တလေးမြို့မှာရှိတဲ့ အခမဲ့ဆေးခန်းတစ်ခုက ပြောပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement