Skip to content
Ads Advertisement

“ဟိုင်းခန်း” နောက်က စိတ်ကြွဆေးနဲ့ ထိခိုက်မှု ကြီးတဲ့ ကျန်းမာရေး

မန္တလေးမှာ နေတဲ့ ဇာတ်လမ်းတွဲမင်းသမီးတစ်ဦး ကလေးမွေးခါနီး ဟိုင်းခန်း​ရောက်နေတဲ့ ရွှေတွင်းသူဌေး အမျိုးသားကို ဆေးရုံလိုက်လာဖို့ လှမ်းခေါ်မရတဲ့ကိစ္စကို လူမှုကွန်ရက်ပေါ် တက်ရေးရာကနေ “ဟိုင်းခန်း” ဆိုတဲ့ အသုံးအနှုန်းကို လူတွေ ပိုသတိထားမိလာကြပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပါအဝင် နယ်စပ်ဒေသတွေက အပျော်အပါး အမှောင်လောကမှာ “Hi ခန်း – ဟိုင်းခန်း” လို့ ခေါ်တဲ့ နေရာတွေဟာ အခုနောက်ပိုင်း လူတွေကြား ပိုလို့တောင် ရေပန်းစားလာနေပါတယ်။ မြို့ပြညချမ်းတွေမှာ ကခုန် ပျော်ပါးလို့ ရတဲ့ ကလပ် (Club) နဲ့ ပါတီပွဲတွေဟာ ဟိုင်းခန်းတွေဟာ ငွေပေါတဲ့ လူကြီး၊လူရွယ်တွေအတွက် စိတ်အပန်းဖြေစရာနေရာအဖြစ် နေရာယူနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုနေရာတွေရဲ့ အဓိကဖော်ဖြေရေးအစိတ်အပိုင်းအဖြစ် K လို့ခေါ်တဲ့ Ketamine ၊ E လို့ခေါ်တဲ့ Ecstasy နဲ့ Happy Water လို မူးယစ်ဆေးတွေက နေရာဦးယူထားလို့ပါ။ ခဏတာ စိတ်ကြွရုံအတွက် ဒီမူးယစ်ဆေးဝါးတွေက အသုံးတော်ခံနေလို့ပါ။ ဒီလို နေရာတွေမှာ လွန်လွန်ကဲကဲ မူးယစ်ဆေးသုံးမှု (overdose) ဖြစ်ရပ်တွေကလည်း မကြာခဏဆိုသလို ကြား နေရပြီး အရေးပေါ်ဌာနတွေဆီ သတိလစ် မေ့မြောတာ၊ မျက်စိသူငယ်အိမ် ကျယ်တာနဲ့ တက်တာ​(Seizures)စတဲ့ လက္ခဏာတွေနဲ့ ရောက်လာသူတွေ ရှိတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေက MyanHealth ကိုပြောပြပါတယ်။

ဒီလို ရောက်လာတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်ချက်က သူတို့ ဘယ်လိုဆေးဝါးတွေ သုံးထားသလဲ၊ ဒီဆေးဝါးထဲမှာ ဘယ်လိုဓာတုပစ္စည်းတွေ ဘယ်လောက်ပါတယ်ဆိုတာကို တိတိကျကျ မသိရတာပါ။ ဥပမာ – Happy Water လို ပစ္စည်းမှာဆိုရင် သူ့ကို ကုသနိုင်တဲ့ သီးသန့်ဖြေဆေး (Antidote) မရှိတဲ့အပြင် ရောစပ်ထားတဲ့ ပါဝင်ပစ္စည်းတွေကလည်း အမျိုးစုံလင်တာမို့ ပြတတ်တဲ့ လက္ခဏာတွေ ရှုပ်ထွေးနေတတ်ပါတယ်။ ဒါကြောင့် ဒီလိုဆေးဝါး Overdose ဖြစ်လို့ ရောက်လာပြီဆိုရင် ရောဂါလက္ခဏာအလိုက် ထိန်းသိမ်းကုသနည်း (Supportive Care) ကိုပဲ အဓိကနည်းအနေနဲ့ သုံးပြီး ကုသမှုတွေ ပေးနေရပါတယ်။

“ကလပ် (Club)၊ ကေတီဗွီ (KTV) တွေသွားရင် DJ စည်းချက်နဲ့အတူ ကလို့ခုန်လို့ကောင်းအောင် ဆေးသုံး ကြတာ များတယ်။ K လား ၊ E လား ၊ Happy Water လား အကုန်ရတယ်။ Limitနဲ့ သုံးဖို့လိုတာ ပေါ့နော်။ ဆေး On တာ များသွားရင်တော့ အသက်အန္တရာယ် ရှိတယ်” လို့ Night Life မှာ ပျော်တတ်သူ ကိုညီညီ (အမည်လွှဲ) က ဆိုပါတယ်။

ညဘက် ပါတီပွဲတွေနဲ့ ဟိုင်းခန်းတွေမှာ အသုံးများတဲ့ မူးယစ်ဆေးဝါးတွေက ပုံစံမျိုးစုံ၊ နာမည်မျိုးစုံနဲ့ပါ။ ကျောက်ချဉ်ခဲလို Ice လို့ ခေါ်တဲ့ Crystal Meth – မက်သ်အဖက်တမင်းကတော့ အပြင်းဆုံး စိတ်ကြွဆေးထဲမှာပါပြီး အငွေ့ရှူတာ ဒါမှမဟုတ် ထိုးဆေးအဖြစ် သုံးတာ ရှိပါတယ်။ သူက လူကို အလွန်အမင်း တက်ကြွစေပြီး မအိပ်နိုင်ဘဲ စကားတွေ အများကြီး ပြောလာမယ်၊ ဆေးရှိန်တက်ရင် လိင်စိတ်ပြင်းထန်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာမျိုးအထိ အဆင်အခြင်မဲ့သွားစေနိုင်ပါတယ်။ Ice ကို ရေရှည်သုံးတဲ့အခါ သွားတွေ ကျိုးပဲ့ကုန်တာ (Meth Mouth) ၊ အရေပြား ယားယံတာနဲ့ စိတ်ဖောက်ပြန်တာတွေအထိ ဖြစ်တတ်ပါတယ်။

နောက်တစ်ခုကတော့ K လို့ အတိုကောက်ခေါ်တဲ့ တိရစ္ဆာန်သုံး မေ့ဆေးအမျိုးအစား Ketamine ပါ။ သူ့ကို တော့ အမှုန့်ပုံစံနဲ့ အများဆုံးတွေ့ရလေ့ ရှိပြီး သုံးတဲ့သူဟာ ပတ်ဝန်းကျင်နဲ့ ကင်းကွာသလို ခံစားရပြီး အာရုံ ခြောက်ခြားမှုတွေကို ကြုံတွေ့ရစေပါတယ်။ အလွန်အကျွံသုံးမိရင်တော့ ခန္ဓာကိုယ် လှုပ်လို့ မရတော့တဲ့ “K-Hole” အခြေအနေကို ရောက်စေပါတယ်။

အချစ်ဆေး – စိတ်ကြွေဆေးလို့ ခေါ်ကြတဲ့ နောက်တစ်မျိုးကတော့ E လို့ ခေါ်တဲ့ Ecstasy/MDMA ပါ။ သူ့ကို သုံးစွဲမိတယ်ဆိုရင် အလွန်အမင်း တက်ကြွစိတ် ဖြစ်လာစေပြီး တစ်ဖက်လူအပေါ် ရင်းနှီးလိုစိတ်တွေ ဖြစ်လာစေပြီး ဒါဟာ လိင်ပိုင်းဆိုင်ရာကိစ္စတွေအထိ ဆွဲခေါ်သွားတတ်ပါတယ်။ နောက်တစ်ခုကတော့ Happy Water ဖြစ်ပြီး လက်ရှိမှာ အန္တရာယ်အရှိဆုံး မူးယစ်ဆေးတစ်မျိုးလို့ သုံးနှုန်းတာတောင် ရှိပါတယ်။ ဒီထဲမှာ K တွေ၊ E တွေ ပါသလို Caffeine နဲ့ Diazepam လို တခြားစိတ်ကြွဆေးအမျိုးအစားတွေကိုပါ ရောနှောထားလို့ပါ။​ သူ့ကိုတော့ အချိုရည်ထဲ ထည့်သောက်ကြလေ့ရှိပြီး ဘယ်ဆေးအမျိုးအစားတွေ ဘယ်လောက်တောင် ရောထားသလဲဆိုတာ မသိနိုင်တဲ့အတွက် နှလုံးရပ်ပြီး ချက်ချင်းသေဆုံးနိုင်ခြေပါ အတော့်ကို မြင့်မားပါတယ်။

“ကျွန်မသမီးလေးဆို အသက် (၂၁) နှစ်ပဲ ရှိသေးတယ်။ မိဘနဲ့ စကားများပြီး အိမ်ပေါ်က ဆင်းသွားတာ။ သူငယ်ချင်းတွေနဲ့ သွားနေပြီး ကလပ်တွေတက်၊ ဆေးတွေ သုံးတာ။ ဆေးအသုံးလွန်ပြီး သတိလစ်သွားလို့ ဆေးရုံ တင်လိုက်ရတယ်။ သတိပြန်မလည်လာတော့ဘဲ နှစ်ရက်လောက်နေတော့ ဆုံးသွားတာပါပဲ” လို့ သာကေတမြို့နယ်မှာ နေတဲ့ မအေး (အမည်လွှဲ) က သူမရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို‌ MyanHealth ကို ပြောပြပါတယ်။

ခန္ဓာကိုယ်ကို ဖျက်ဆီးစေတဲ့ သက်ရောက်မှုဆိုး

ICE လို စိတ်ကြွဆေး သုံးတဲ့အခါ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ အတင်းအကျပ် လှုံ့ဆော်မှု (Overdrive) ဖြစ်လာပြီး ဦးနှောက်ထဲ ပျော်ရွှင်မှုကို ထုတ်လွှတ်ပေးတဲ့ Dopamine ဓာတ်ကို ပုံမှန်ထက် အဆပေါင်းများစွာ ထုတ်ပေးလိုက်တာကြောင့် ယာယီအားဖြင့် စွမ်းအားတွေ ပြည့်လာတယ်လို့ ခံစားရစေပါတယ်။ ရေရှည်မှာတော့ ဒါဟာ နှလုံးခုန်နှုန်း အရမ်းမြန်တာ၊ ကိုယ်အပူချိန် စောင့်တက်တာ၊ ဦးနှောက်ဆဲလ် သေဆုံးတာနဲ့ စိတ်ဖောက် ပြန်တာ (Paranoia) ကို ဖြစ်စေတဲ့အပြင် သွားနဲ့ ခံတွင်း ပုပ်ရိ ပျက်စီးတာ (Meth Mouth) နဲ့ အသားအရေခြောက်ပြီး အနာဖုတွေ ထွက်တာကိုပါ ကြုံတွေ့ရစေနိုင်ပါတယ်။

ဒီ့ထက် ဆိုးဝါးစေတာက စိတ်ကြွဆေးတွေ ရောထားတဲ့ Happy Water ပါ။ ဆန့်ကျင်ဘက် သဘောရှိတဲ့ ဓာတုပစ္စည်းတွေ ခန္ဓာကိုယ်ထဲ တပြိုင်နက်တည်း ရောက်စေပြီး မြူးကြွတာနဲ့ ငြိမ်စေတာ နှစ်မျိုးစလုံးကို ခံစား ရစေတဲ့အခါ နှလုံးဟာ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘဲ ရပ်သွားတာ (Cardiac Arrest) မျိုး ဖြစ်နိုင်ခြေ ကို မြင့်မားသွားစေပါတယ်။ နောက်ပြီး ဒီထဲ ပါတဲ့ Katamine ဟာ ပမာဏများသွားရင် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာနဲ့ အချိန်မီ မကုသနိုင်ရင် အသက်အန္တရာယ်ကိုပါ ဆုံးရှုံးနိုင်စေပါတယ်။

ကလပ်နဲ့ ဖျော်ဖြေခန်းတွေမှာ ဒီမူးယစ်ဆေးဝါးတွေရဲ့ ဆိုးကျိုးကို မခံရဖို့၊ Overdose မဖြစ်ဖို့ဆိုရင် ဘယ် လောက်သုံးသင့်သလဲဆိုတာ တချို့က မေးစမ်းတတ်ကြပါတယ်။ အကောင်းဆုံးနဲ့ တစ်ခုတည်းသော ဘေးကင်း ရေးနည်းလမ်းကတော့ လုံးဝ မသုံးစွဲတာပဲလို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

ကူးစက်ရောဂါနဲ့ Night Life မူးယစ်အန္တရာယ်

လူငယ်တွေအကြား ရေပန်းစားတဲ့ Night Life မှာ စိတ်ကြွမူးယစ်ဆေး သုံးတာဟာ HIV/AIDS လို ရောဂါတွေအပြင် တခြား ကူးစက်ရောဂါတွေကိုပါ ဖိတ်ခေါ်နေတယ်ဆိုတာပါ။​ မူးယစ်ဆေး သုံးတဲ့အခါ အသိစိတ်လွတ်ခြင်း (Loss of Judgement) ဖြစ်သွားပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းဖြစ်တဲ့ အသိကော၊ သတိကိုပါ ဆုံးရှုံးသွားစေပါတယ်။ နောက်ပြီး ချစ်ခြင်း၊ မုန်းခြင်းတွေကတဆင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာ၊ Happy Water သုံးထားသူတွေဆိုရင် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တဲ့ အခြေအနေမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့် ခံရတာတွေ ရှိတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ ရောဂါပိုး ကူးစက်ခံရနိုင်ခြေ အမြင့်ဆုံး အခြေအနေကို ဖြစ်လာစေပြီး တချို့ သွေးကြောထဲ ထိုးသွင်းရတဲ့ မူးယစ်ဆေးဝါးတွေကို အပ်တစ်ချောင်းတည်းနဲ့ အတူသုံး မိရကနေ HIV ကိုသာမက အသည်းရောင်အသားဝါ ဘီ၊ စီ ပိုးတွေကိုပါ ကူးစက်စေနိုင်ပါတယ်။

​Hidden Epidemic လား၊ Silent Transmission လား

လက်ရှိမှာ စိတ်ကြွမူးယစ်ဆေး (K, E, Happy Water) တွေကြောင့် “Hidden Epidemic” လို့ ခေါ်တဲ့ မသိ မသာ ကူးစက်မှုတွေ ပိုများလာသလို အသိမဲ့လိင်ဆက်ဆံမှုကို အားပေးသလို ဖြစ်စေပြီး လူငယ်တွေ ကြားမှာ Silent Transmission ဆိုတဲ့ မသိမသာ ကူးစက်ပြန့်ပွားမှုကို မြန်ဆန်စေနိုင်ပါတယ်။ Community Partners International (CPI) ရဲ့ ဖော်ပြချက်အရဆိုရင် မြန်မာနိုင်ငံမှာ HIV ပိုးနှင့်အတူ ရှင်သန်နေထိုင်သူ (PLHIV) ပေါင်း ၂၈၀,၀၀၀ ခန့် ရှိပြီး ဒါဟာ လူ ၂၀၀ မှာ တစ်ယောက်နှုန်း ဖြစ်ပါတယ်။ နောက်ပြီး HIV/AIDS နဲ့ ဆက်နွှယ်ပြီး နှစ်စဉ် လူပေါင်း ၆,၄၀၀ သေဆုံးနေသည်ဟု ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ HIV ကူးစက်မှုဟာ အရင်ကလို လိင်လုပ်သားတွေဆီကတင် မဟုတ်တော့ဘဲ Social Circle လို့ ခေါ်တဲ့ မိတ်ဆွေအပေါင်း အသင်းတွေကြား ကူးစက်တာမျိုးက ပိုများလာပါတယ်။ အထူးသဖြင့် ညဘက် ပါတီတက်ရင်း ဆေးသုံးစွဲမိတဲ့လူငယ်တွေဟာ အန္တရာယ်အရှိဆုံး အုပ်စုထဲ ရောက်နေပါတယ်။ HIV ကူးစက်မှုအသစ်တွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၁၅ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်တွေ ဖြစ်နေတယ်လို့ စစ်တမ်းအချို့ကလည်း ဖော်ပြနေကြပါတယ်။

ဒါတင်လား မဟုတ်ပါဘူး။ စိတ်ကြွမူးယစ်ဆေး သုံးလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ ကိုယ့်ရဲ့ လူမှုဘဝအပေါ်မှာ ဆိုးကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိတယ်ဆိုတာပါ။ ဆေးသုံးဖို့ ငွေကြေးကုန်ကျသလို ဆေးဆွဲလို့ ငွေမရှိရင် ဘဝပေးဆပ်ရတာ၊ ဒီ့ထက်ဆိုးပြီး ရောဂါတစ်ခုခု ဖြစ်လာပြီဆိုရင် ကုသရတဲ့ စရိတ်တွေ ကြီးမြင့်တာဟာ ဘဝကို Domino Effect လို ဆင့်ကဲ ဆင့်ကဲ ပြိုလဲသွားစေနိုင်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေး သုံးစွဲသူအဖြစ် မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှု ပျောက်ဆုံးတာ၊ HIV လို လူကြားထဲ နာမည်တပ်မပြော ရဲတဲ့ ကူးစက်ခံရမှုမျိုး ကြုံလာခဲ့ရင် လူမှုရေးအရ ဖယ်ကြဉ်ခံရတာ (Stigma) တွေကိုပါ တပါတည်း ရင်ဆိုင် ရစေနိုင်ပါတယ်။​

လူတိုင်းဟာ Night Light မှာပဲ ဖြစ်ဖြစ်၊ ကလပ်မှာပဲ ဖြစ်ဖြစ်၊ ပါတီမှာပဲ ဖြစ်ဖြစ် ပျော်ခွင့်၊ မြူးခွင့် ရှိကြပါတယ်။ ဒီကနေ့ခေတ်မှာ သက်ငယ်ပိုင်းတွေတင် မက သက်လက်ပိုင်းနဲ့ သက်ကြီးပိုင်းတချို့တောင် ပျော်ကြ၊ မြူးကြတာတွေ ရှိနေပါပြီ။ ပျော်ခွင့်၊ မြူးခွင့်ကို ကိုယ်ပိုင်အခွင့်အရေးဆိုပေမယ့်လို့ ဒီပျော်ခွင့်၊ မြူးခွင့်ကို Booster တင်ဖို့ စိတ်ကြွမူးယစ်ဆေးသုံးတာက တစ်ကိုယ်ရေ လွတ်လပ်ခွင့်ဆိုပေမယ့် ဒါကို သုံးမိလိုက်လို့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာရင်ဖြင့် ဒါဟာ ကိုယ်တစ်ဦးတည်းနဲ့ သက်ဆိုင်တာ မဟုတ်တော့ဘူးဆိုတာ ကို သတိချပ်ကြဖို့ပါ။ ဆေးကြောင့် ဖြစ်ဖြစ်၊ ဆေးသုံးမိလို့ အဆင်ခြင်မဲ့ သတိလက်လွတ်မှုတွေကတဆင့် ထပ်ဖြစ်လာတဲ့ ကျန်းမာရေးနဲ့ လူမှုရေးပြဿနာ ဖြစ်ဖြစ်၊ ဒါတွေဟာ သုံးစွဲမိသူရဲ့ ဘဝအတွက် ဆိုးကျိုးတွေချည်း ကိုတင် ဖန်တီးပေးရုံမက ကိုယ့်ချစ်ရတဲ့ မိသားစုဝင်တွေ၊ အသိုင်းအဝိုင်းကိုပါ ထိခိုက်စေတယ်ဆိုတာကို နား လည်ထားကြဖို့ပါ။ မြန်မာ့စကားတစ်ခု​ ရှိပါတယ်။ အပျော်အပါးလား၊ အပျော်အပျက်လားတဲ့။ ပျော်ပါ ပါးပါ။ ပျော်ပြီးရင် ပျက်တာမျိုးကတော့ ဘဝပါ ထိခိုက်စေတာမို့ သတိပြုစေလိုပါကြောင်း။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement