Skip to content
Ads Advertisement

ကိုယ်ဝန်ဆောင်၊ မွေးဖွားရင် လိုက်နာတတ်ကြတဲ့ ဒုံးယိမ်းတို့ရဲ့ ရိုးရာဓလေ့

မြန်မာပြည်ရဲ့ အရှေ့ပိုင်းက ထုံးကျောက်တောင်တွေ ရှိပြီး သဘာဝလိုဏ်ဂူနဲ့ ရေတံခွန်ပေါတဲ့ ဒုံးယိမ်းမြေ ကရင်ပြည်နယ်မှာ ကရင် လူမျိုးစုပေါင်း ၁၁ စု တောင် ရှိကြပါတယ်။ အရှေ့ပိုး၊ စကော၊ ပလေချီး (ပလေကီး)၊ တလေပွာ (တလှေပွာ)၊ ပကူး၊ ဘွဲ၊ မောနေပွာ၊ ကရင်ဖြူ၊ အနောက်ပိုးနဲ့ ထိုကလိဘောင်ကရင်တို့ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ကုန်းမြင့်ဒေသ မွန်ဂိုလွိုက်မျိုးနွယ်စုက ဆင်းသက်လာပုံရတယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ထားတာလည်း ရှိပါတယ်။ တကယ်တော့ ကရင်တိုင်းရင်းသားမျိုးနွယ်စုတွေဟာ ကရင်ပြည် နယ် တစ်ခုတည်းမှာ နေထိုင်ကြတာတော့ မဟုတ်ပါဘူး။ မွန်ပြည်နယ်၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာလည်း အခြေချ နေထိုင်ကြတာ​ရှိသလို ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာလည်း နေထိုင်ကြတာတွေ ရှိပါတယ်။

ကရင်တိုင်းရင်းသားတွေဟာ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ် စသဖြင့် ယုံကြည်ရာကို ကိုးကွယ်ကြသလို ရိုးရာကိုးကွယ်မှုနဲ့ ဓလေ့တွေကလည်း လူမှုရေးနဲ့ ကျန်းမာရေးအပါအဝင် တခြားသော ကဏ္ဍတွေမှာ ပုံစံမျိုးစုံနဲ့ အမြစ်တွယ် ကျင့်သုံးနေကြဆဲပါ။ ကျန်းမာရေးအတွက်ဆိုရင် ခေတ်မီဆေးဝါးနဲ့ ကုသမှုနည်းနာတွေက ခေတ်အရ ဘယ်လိုပဲ တိုးတက်ပြောင်းလဲပါစေ…တချို့သော ရိုးရာဓလေ့နဲ့ အယူအဆတွေက ဒီကနေ့အချိန် အထိ ဒုံးယိမ်းမြေမှာ ရှင်ဆန်နေဆဲပါ။

ကရင်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့နဲ့ အယူအဆတွေဟာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီး ဖြစ်မှုအပေါ်မှာ မူတည်သလို ရပ်ရွာက ဝိုင်းဝန်းကြတဲ့ ပုံစံမျိုးလည်း​ ရှိပါတယ်။ ဒါပေမဲ့လည်း အထူးသဖြင့် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်တွေဆို လိုက်နာကြတဲ့၊ လုပ်လေ့လုပ်ထရှိတဲ့ ရိုးရာထုံးတမ်းတွေဟာ တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ကွဲပြားတတ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ကရင် တိုင်းရင်းသားအားလုံးလိုလို လက်ခံကြတဲ့ ဓလေ့ထုံးတမ်း​ရှိသလို မျိုးနွယ်စုကွဲတစ်ခုစီအလိုက် ကျင့်သုံးကြတဲ့ ထုံးတမ်းတွေလည်း​ ရှိပြန်ပါတယ်။

– ကိုယ်ဝန်ဆောင်ရင် –

ကရင်လူမျိုးတွေဟာ တခြားသော တိုင်းရင်းသားလူမျိုးတွေလိုပဲ ကိုယ်ဝန်ဆောင်မိခင်တွေကို အထူးဂရုစိုက် ကြလေ့​ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ရပ်ရွာထဲက ဆွေမျိုးနီးစပ်တော်တဲ့ ဒွေးတော်၊ မိကြီးတွေက ရှောင်သင့် ဆောင်သင့်တာကို အခါမလင့် သတိပေး ဆုံးမတတ်ကြသလို ကလေးအနေအထားမှန်ဖို့ ဝမ်းဗိုက် ပြင်ပေးတာ၊ ကိုယ်ဝန်သန္ဓေသားအပေါ် သက်ရောက်စေတဲ့ အစပ်/အပူ/အဖန်/အခါး၊ တက်စာ၊ အနွယ် အညွန့်နဲ့ မသင့်တဲ့ အစာအးစာတွေကို မစားစေဘဲ ရှောင်ကြဉ်ခိုင်းတာမျိုးကို ထုံးတမ်းဓလေ့အနေနဲ့ လုပ်ဆောင် လေ့​ရှိပါတယ်။

တောင်ပေါ် စဝှော်လို့ ခေါ်တဲ့ စကော ကရင်တွေကတော့ အမျိုုးသမီးဖြစ်သူ ကိုယ်ဝန်ဆောင်ရင် ရိုးရာနတ် ပူဇော်တာ၊ လိပ်ပြာခေါ်တာတွေကို ဓလေ့ထုံးတမ်းအရ လုပ်တာမျိုး ရှိသလို အားအင်ရှိနေဖို့အတွက် ကျောက်ပွင့်ပုံစံ အဝါရောင်ငှက်သိုက်တစ်မျိုး ရေစိမ် သောက်စေတတ်ပါတယ်။

ဒီအချက်အလက်ဟာ မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာဦးစီးဌာနက စုစည်းထားတဲ့ အချက်အလက်တွေဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတုန်းက “မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဆေးပညာ အစဉ်အလာနှင့် ဓလေ့များကို လျှပ်တပြတ်လေ့လာခြင်း” အမည်နဲ့ ထုတ်ထားတဲ့ စစ်တမ်းထဲ ပါတဲ့ အချက်အလက်တွေပါ။ စစ်တမ်းပါ ဓလေ့ထုံးတမ်းတွေအရ ကိုယ်ဝန်ဆောင်တွေဟာ နေဝင် မိုးချုပ် ရေချိုးရင် မကောင်းဆိုးဝါး ကပ် နိုင်တယ်လို့ အယူရှိသလို အိမ်ပြင်ထွက်တဲ့အခါမှာလည်း ဓား၊ ကွမ်းညှပ်၊ ကတ်ကြေးလို ထက်ရှတဲ့ လက်နက် ကို မကောင်းဆိုးဝါး ကာကွယ်နိုင်တယ်ဆိုတဲ့ အယူနဲ့ ဆောင်ယူသွားရလေ့ ရှိပါတယ်။ ကိုယ်ဝန်ဆောင် မိခင်ဟာ သတို့သား၊ သတို့သမီးကို မခိုက်အောင်အတွက် မင်္ဂလာဆောင်ကို ရှောင်ရသလို အသုဘအိမ်ကိုလည်း ရှောင်ရပါတယ်။

ရိုးရာအယူအရ ကိုယ်ဝန်ဆောင်တွေကို ခေါင်းအုံး မချုပ်ခိုင်းသလို မျောက်သားစားတာကိုလည်း ကန့်သတ် ထားပါတယ်။ နောက်ပြီး ခြံပေါက်၊ ဝင်ပေါက်တွေကို ပိတ်ဆို့ပြီး နေတာမျိုး မလုပ်ဖို့ တားမြစ်တတ်ကြသလို လငပုပ်ဖမ်းတာမျိုး ကြုံတဲ့အခါ မကြည့်ဖို့နဲ့ ကြည့်မိပြီး သွေးလန့်တာမျိုးဖြစ်ရင် မုဆိုးမခုနှစ်ဦးကို အိမ်ခေါ်ပြီး လိပ်ပြာ ပြန်ခေါ်စေတတ်ပါတယ်။ ကရင်တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ ရိုးရာနတ်မျိုးစုံ ရှိပြီး ဒီထဲမှာ ဒူဝေရိုးရာနတ်၊ အောင်ခွဲ (အန်ဃှိုင်း) ခေါ် လိပ်ပြာနတ်စားရိုးရာ၊ အောင်စောကလို (အင်ဇိုးကလပ်) ခေါ် ပန်းရိုးရာနတ် ဒါမှမဟုတ် ဖူးဖာဒို (ဖူ့ဖာဒိုဝ်) ခေါ် ဘိုးဘိုးကြီးနတ်နဲ့ ဒေသဆိုင်ရာနတ်လို့ ခေါ်တဲ့ ရုက္ခစိုးနတ်တွေလည်း ပါဝင်ပါတယ်။

ကရင့် ရိုးရာဓလေ့အရ အမျိုးသမီးတွေ လိုက်နာရတာ ရှိသလို အမျိုးသား အိမ်ထောင်သည်တွေ လိုက်နာရတာလည်း​ ရှိပြန်ပါတယ်။ အမျိုးသမီး ကိုယ်ဝန်ဆောင်တဲ့အခါ အမျိုးသားတွေဟာ သံ၊ စူး စတာတွေကို အိမ်မှာ ရိုက်တာ၊ စွဲတာမျိုး မလုပ်ကြရသလို ပေါက်ပြားရိုး၊ ပုဆိန်ရိုး တပ်တာ မလုပ်ရပါဘူး။ ဒီလို လုပ်ရင် အမျိုးသမီး မီးဖွားရ ခက်တယ်လို့ အယူရှိကြပါတယ်။

– မီးဖွားတဲ့အခါ –

ဖာပွန်နယ် တောင်ပေါ်ကရင်တွေကတော့ မီးဖွားတဲ့အခါ ချက်ကြိုးဖြတ်ရင် မီးသွေးခံပြီး ဝါးနှီးနဲ့ ဖြတ်ခဲ့ကြတဲ့ ဓလေ့​ရှိပါတယ်။ အချင်းကိုတော့ ဝါးကျည်တောက်ထဲ ထည့်၊ အိမ်လှေကားရင်းမှာ မြှုပ်တတ်ကြပေမယ့် ကလေးက ယောကျ်ားလေးဆိုရင်တော့ ကျည်တောက်ကို သစ်ပင်ပေါ် တင်ထားရကာ ဒါဟာ ကလေးက ကြီး လာရင် သစ်ပင်တက်တတ်အောင်အတွက်ဆိုတဲ့ ရိုးရာယုံကြည်မှုကြောင့်ပါ။ ကလေး အချင်းကို ကောင်း ကောင်း မမြှုပ်နှံရင် ကလေးမှာ ရောဂါ ထူထပ်တယ်လို့ ယုံကြည်ကြပြီး ရေမှာ အချင်းမျှောတာကိုတော့ လုံးဝ မလုပ်ကြပါဘူး။ ဒီလိုလုပ်ရင် ကလေးရေနစ်သေတတ်တယ်လို့ ယုံကြည်ကြလို့ပါ။

တောင်ပေါ် စကောကရင်တွေဟာ မီးဖွားချိန် သွေးမတက်ဖို့ တောငှက်ပျောစေ့ကို ပုတီးလုပ် ဆွဲထားတတ်ကြ သလို တချို့ကတော့ ဆေးဘီလားကောင်အခြောက်ကို ဆံထုံးထဲ ထည့်ထားတတ်ကြပါတယ်။ ဒီလိုလုပ်ရင် လျင်လျင်မြန်မြန်နဲ့ မွေးဖွားလွယ်တယ်လို့ အယူ ရှိပါတယ်။ ဆေးဘီလားကောင်ဆိုတာကတော့ ပင်လယ်ကမ်း စပ်မှာ တွေ့ရတတ်တဲ့ ရေသတ္တဝါတစ်မျိုးပါ။

ရှိုဆိုတဲ့ ပိုးကရင်အမျိုးသားတွေကတော့ မီးနေသည် သွေးတက်တာ၊ သွေးသွန်တာတွေ မဖြစ်ဖို့အတွက် မီးဖွားမယ့် အမျိုးသမီးခေါင်းမှာ အမျိုးသားရဲ့ လုံချည်ကို ပေါင်းထားစေလေ့ ရှိပါတယ်။ ဒီလို လုပ်တာဟာ သွေးမတက်နိုင်ဘူးလို့ ယုံကြည်ကြလို့ပါ။

ကရင်တိုင်းရင်းသားအများစုဟာ ကလေးငယ်ကို မိခင်နို့ရည်ကိုသာ တိုက်ကျွေးလေ့​ရှိပါတယ်။ ကလေးငယ် မွေးပြီး သန့်စင်ပြီးတာနဲ့ မိခင်နို့ကို စတိုက်ပါတယ်။ နို့မထွက်ရင်လည်း တိုက်ရပြီး နို့ထွက်ဖို့အတွက် မိဿလင်နဲ့ ငရုတ်ကောင်းရည်၊ ဒါမှမဟုတ် ရိုးရာရေမန်း တိုက်ကြပါတယ်။ ရေမန်းသောက်လို့မှ မိခင်က နို့မထွက်ဘူးဆိုရင်တော့ တခြားမိခင်တစ်ဦးရဲ့ နို့ရည်ကို တိုက်ကျွေးပြီး မွေးတဲ့ကလေးက ယောကျ်ားလေး ဖြစ်ရင် တော့ ယောက်ျားလေးမွေးထားတဲ့ တခြားမိခင်ရဲ့ နို့ရည်ကိုပဲ တိုက်ကျွေးရလေ့​ရှိပါတယ်။ အစဉ်အလာအား ဖြင့် မိခင်တွေဟာ နောက်ကလေး ကိုယ်ဝန်မရှိသရွှေ့ ကလေးကို နို့တိုက်ကျွေးလေ့​ရှိပြီး တချို့ဒေသတွေမှာဆိုရင် ငါးနှစ်၊ ခြောက်နှစ်အရွယ်အထိ ကလေးကို နို့တိုက်ကျွေးတတ်ကြပါတယ်။

မိခင်ဖြစ်လာသူဟာ ကလေးမွေးပြီးတာနဲ့ တစ်ကိုယ်လုံး နနွင်းလိမ်းပြီး ငါးရက်ဆက် မီးတွင်းအောင်း ချွေး ထုတ်ရပါတယ်။ ဒီလို ချွေးထုတ်တဲ့အခါ ထင်းအဖြစ် မြရာပင်ကိုသာ သုံးလေ့ ရှိပြီး ပျဉ်းကတိုးထင်းကို လုံးဝ မသုံးကြတဲ့ ဓလေ့​ရှိပါတယ်။ မီးတွင်းဝင်နေချိန် ထမင်းနဲ့ ဆားကို စားရပြီး သားငါး ရှောင်ရသလို အညှော်လည်း ရှောင်ရပါတယ်။ ဒါဟာ ဒီကနေ့ခေတ် ကိုယ်ဝန်ဆောင်မိခင်တွေ၊ မွေးဖွားပြီး မိခင်တွေ လိုက်နာရတဲ့ ခေတ်ပေါ်ဆေးဝါးကုသနည်းတွေနဲ့ ကွဲပြားပေမယ့်လည်း ခေတ်နဲ့ အလှမ်းဝေးနေဆဲ ဒေသတချို့မှာတော့ ဒီရိုး ရာထုံးတမ်းဓလေ့တွေက အသက်ဝင်နေဆဲပါ။

နတ်ကိုးကွယ်မှု ရှိဆဲ တချို့သော ကရင်တိုင်းရင်းသားတွေကြားမှာတော့ လူတွေရဲ့ ခန္ဓာကိုယ်မှာ စွဲကပ်တတ်တဲ့ ဝေဒနာ၊ ရောဂါတွေဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကြောင့် ဖြစ်တယ်ဆိုတာကို ယုံကြည်ခြင်းထက် ဒီလို ဖြစ်တာဟာ လိပ်ပြာလွင့်တာ၊ ဘီလူး/သရဲ ကပ်တာ၊ ရိုးရာနတ် ဖမ်းစားတာဆိုတဲ့ ယုံကြည်မှု ရှိကြဆဲပါ။ ဒီယုံ ကြည်မှုကြောင့်ပဲ ခေတ်မီဆေးဝါး တိုက်ကျွေးပြီး ခေတ်မီကုသနည်းသုံး ကုသတာထက် လိပ်ပြာခေါ် ကြိုးချည်တဲ့ ဓလေ့ ကျင့်သုံးသလို ရေမန်းတိုက်တာ၊ ခေါစာပစ်တာ၊ ကြက်ရိုးဗေဒင် မေးတာ၊ နတ်ဆရာနဲ့ ရိုးရာနတ် ပူဇော်တာ၊ ဂါထာမန္တရား ရွတ်တာ စတဲ့ နည်းလမ်းတွေကို ဆက်သုံးနေကြဆဲ ဖြစ်ပါတယ်။

တကယ်တော့ ဒုံယိမ်းမြေက ကရင်တိုင်းရင်းသားမိသားစုတွေဟာ မိသားစုဝင်တစ်ဦး ထပ်တိုးတော့မယ်ဆိုရင် မိခင်ကော၊ ဖခင်ဖြစ်သူကပါ ကလေးကိုယ်ဝန်ဆောင်စဉ်ကစလို့ မွေးဖွားချိန်အထိ လိုက်နာကြတဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေက အများကြီးပါ။ တချို့အရာတွေဟာ ဒီကနေ့ခေတ် အယူအဆနဲ့ ဆေးပညာရှုထောင့်က ကြည့်ရင် လက်သင့်မခံနိုင်စရာတွေ ရှိနေပေမယ့်လည်း ဒါတွေဟာ တကယ်ပဲ​ရှိခဲ့တဲ့ ရိုးရာဓလေ့၊ ယုံကြည်သက်ဝင် မှုဆိုတာကိုတော့ လက်ခံကြရမှာ ဖြစ်ပါတယ်။

#ကရင်

#ကိုယ်ဝန်ဆောင်

#ချက်ကြိုး

#ဒုံးယိမ်း

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement