“ငါမရှိရင် အားလုံးပိုကောင်းသွားမှာပါ”၊ “ဆက်အသက်ရှင်ဖို့ အကြောင်းမရှိတော့ဘူး” ဆိုတဲ့ စကားမျိုးတွေကို ဆယ်ကျော်သက်တစ်ယောက်က ပြောလာတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။ ဒီလိုမျိုး တွေးလာ၊ ပြောလာတဲ့အခါ မိဘတွေနဲ့ လူကြီးတွေက ဒီလိုစကားမျိုးတွေကို စိတ်ဆိုးလို့ ပြောတာ၊ အာရုံစိုက်ခံချင်လို့ ပြောတာ၊ ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ စိတ်ခံစား ချက် အပြောင်းအလဲတစ်ခုလို့ပဲ ယူဆလိုက်လို့ ရပါသလား။
လက်တွေ့မှာတော့ ဒီလိုပြောဆိုမှုတွေဟာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရပြီး အကူအညီ လိုအပ်နေကြောင်း ပြသတဲ့ အရေးကြီးတဲ့ သတိပေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ မိမိကိုယ်ကိုယ် သတ်သေခြင်း (Suicide) ဟာ လူငယ်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အရေးကြီးတဲ့ ပြည်သူ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၆ ခုနှစ် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း လူပေါင်း ၇၂၇,၀၀၀ ခန့်ဟာ မိမိကိုယ်ကိုယ် သတ်သေမှု ကြောင့် သေဆုံးခဲ့ကြပါတယ်။ အဲဒီထဲမှာ အသက် ၁၅ နှစ်ကနေ ၂၉ နှစ်အရွယ် လူငယ်တွေ သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းဟာ တတိယအများဆုံး အကြောင်းရင်း ဖြစ်ခဲ့ ပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ဆယ်ကျော်သက်တွေသာမက အသက် ၂၀ ကျော် လူငယ်တွေပါ ပါဝင်တဲ့ အသက်အုပ်စုအတွက် ဖြစ်ပေမယ့် ဆယ်ကျော်သက်အရွယ်ကတည်းက သတ်သေမှု အန္တရာယ်ကို သတိပြုမိပြီး ကြိုတင်ကာကွယ်ဖို့ အရေးကြီးကြောင်း ပြသနေပါတယ်။
-ဆယ်ကျော်သက်တွေ ဘာကြောင့် သတ်သေဖို့ စဉ်းစားလာနိုင်သလဲ-
မိမိကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားလာခြင်းဟာ အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်လာတာ မဟုတ် ပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများစွာ ပေါင်းစပ် သက်ရောက် နေတာ ဖြစ်ပါတယ်။
စိတ်ကျရောဂါအပါအဝင် အခြားစိတ်ကျန်းမာရေးပြဿနာတွေ၊ မိသားစုအတွင်း ပဋိပက္ခတွေ၊ သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်ခံရမှု (Bullying)၊ မိသားစုဝင် ဒါမှမဟုတ် ချစ်ခင်ရသူတစ်ယောက်ကို ဆုံးရှုံးရခြင်း၊ အလွန်အမင်း စိတ်ဖိစီးမှုနဲ့ မျှော်လင့်ချက်မဲ့သလို ခံစားရခြင်းတို့ဟာ သတ်သေမှုအန္တရာယ်နဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ ကိုယ်ထိလက်ရောက် ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရခြင်း၊ ချစ်ခင်ရသူတွေကို ဆုံးရှုံး ရခြင်းနဲ့ ပတ်ဝန်းကျင်ကနေ ဖယ်ကြဉ်ခံရပြီး အထီးကျန်နေသလို ခံစားရခြင်းတို့ဟာလည်း သတ်သေမှု အန္တရာယ်နဲ့ သိသိသာသာ ဆက်စပ်နေပါတယ်။
အထူးသဖြင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ဌာနေတိုင်းရင်းသားလူမျိုးစု တွေ၊ လိင်စိတ်တိမ်းညွတ်မှုနဲ့ ကျား၊ မဖြစ်တည်မှုကွဲပြားသူတွေ (LGBTI)၊ လူမှုရေးဖယ်ကြဉ်ခံရမှုနဲ့ အကူအညီရရှိဖို့ အခက်အခဲတွေ ကြုံတွေ့ရနိုင်တဲ့ လူမှု အုပ်စုတွေမှာလည်း သတ်သေမှုအန္တရာယ် ပိုမိုမြင့်မားနိုင်ပါတယ်။ ဒီလိုအန္တရာယ်မြင့်တက်မှုဟာ သူတို့ရဲ့ လူမှုအုပ်စုဝင်ဖြစ်မှုကြောင့် မဟုတ်ဘဲ ကြုံတွေ့ရတဲ့ ခွဲခြားဆက်ဆံမှုနဲ့ အခြားဆက်စပ်အခက်အခဲတွေ ကြောင့် ဖြစ်နိုင်တာကို နားလည်ထားဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် အရင်က သတ်သေဖို့ ကြိုးစားဖူးခြင်းဟာလည်း နောက်ထပ်သတ်သေမှုအန္တရာယ်အတွက် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အန္တရာယ်ရှိတဲ့ ပုံစံနဲ့ သုံးစွဲခြင်း ကလည်း အန္တရာယ်ကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။
-ဘယ်လိုသတိပေးလက္ခဏာတွေကို ဂရုစိုက်သင့်သလဲ-
သတ်သေဖို့ စဉ်းစားနေတဲ့ ဆယ်ကျော်သက်တိုင်းဟာ သူတို့ရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း မပြောပြတတ်ပါဘူး။ အရင်က ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကလေးက ရုတ်တရက် တိတ်ဆိတ် သွားတတ်တာမျိုး တချို့မှာတော့ အပြုအမူနဲ့ စိတ်ခံစားချက် တွေ သိသိသာသာ ပြောင်းလဲလာတာ မျိုးတွေ တွေ့ရနိုင်ပါတယ်။
အထူးသတိထားသင့်တဲ့ လက္ခဏာတွေကတော့—
– “ငါမရှိရင် အားလုံးပိုကောင်းသွားမှာပါ”၊ “ဆက်အသက်ရှင်ဖို့ အကြောင်းမရှိတော့ဘူး” စတဲ့ စကားမျိုးတွေ ပြောလာတာ
– မိမိကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားလာတာ၊ မျှော်လင့်ချက်မဲ့လာတာ
– မိသားစုနဲ့ သူငယ်ချင်းတွေဆီကနေ သိသိသာသာ ရှောင်ဖယ်လာတာ
– မိမိအတွက် အရေးပါတဲ့ ပစ္စည်းတွေကို အခြားသူတွေဆီ ပေးကမ်းလာတာ၊ နှုတ်ဆက်စကားတွေ ပြောလာတာ
– အိပ်စက်မှုပုံစံ၊ စားသောက်မှုပုံစံနဲ့ စိတ်ခံစားချက်တွေ သိသိသာသာ ပြောင်းလဲလာတာ
– မိမိကိုယ်ကိုယ် ထိခိုက်နာကျင်အောင် ပြုလုပ်တာ(Self-harm)
– သတ်သေဖို့ နည်းလမ်းရှာဖွေလာတာ၊ အစီအစဉ်ရှိကြောင်း ပြောဆိုလာတာတို့ ဖြစ်ပါတယ်။
ဒီလိုအချက်ပြလက္ခဏာတွေဟာ လူတိုင်းမှာတော့ မတွေ့ရနိုင်ပါဘူး။ တချို့သူတွေမှာဆိုရင် သိသာ ထင်ရှားတဲ့ လက္ခဏာတောင် မရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
မိမိကိုယ်ကိုယ် ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းတိုင်းဟာ သတ်သေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ် တာမျိုး မဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်နေကြောင်း ပြသတဲ့ အရေးကြီးတဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအပြုအမူတွေကို သတိထားမိတဲ့အခါ အာရုံစိုက်ခံချင်လို့ လုပ်နေ တာလို့ သတ်မှတ်ပြီး လျစ်လျူမရှုသင့်ပါဘူး။
-သတ်သေဖို့ စဉ်းစားနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ကို ဘယ်လိုကူညီပေးနိုင်မလဲ-
ဆယ်ကျော်သက်တစ်ယောက်က သတ်သေဖို့ စဉ်းစားနေကြောင်း မိဘတွေနဲ့ အနီး အနားက လူကြီးတွေ အနေနဲ့ အမှတ်မထင် ကြားမိတဲ့အခါ၊ သတိပြုမိတဲ့အခါ ဆူပူကြိမ်းမောင်းတာ၊ အပြစ်တင် တာ၊ သူ့ရဲ့ ခံစားချက် တွေကို လျှော့တွက်ပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။
“ဒီလောက်လေးနဲ့ သေချင်ရသလား”၊ “နင်တို့အရွယ်မှာ ဘာစိတ်ညစ်စရာရှိလို့လဲ” ဆိုတဲ့ စကားမျိုး တွေဟာ အကူအညီတောင်းခံဖို့ ကြိုးစားနေသူကို ပိုမိုတိတ်ဆိတ်သွားစေနိုင်ပါတယ်။
အဲဒီအစား သူတို့ရဲ့ ခံစားချက်တွေကို အပြစ်မတင်ဘဲ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးဖို့ လိုအပ်ပါတယ်။ သတ်သေဖို့ စဉ်းစားနေကြောင်း သိရှိရရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ အမြန်ဆုံး ချိတ်ဆက်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို လျှို့ဝှက်ထားပေးမယ်လို့ ကတိပေးတာထက် လုံခြုံရေး အတွက် လိုအပ်တဲ့ ယုံကြည်စိတ်ချရသူတွေ၊ ကျန်းမာရေးပညာရှင်တွေနဲ့ ချိတ်ဆက်ကူညီပေးဖို့ ပို အရေးကြီးပါတယ်။
အထူးသဖြင့် သတ်သေဖို့ လက်ရှိအစီအစဉ်ရှိနေခြင်း၊ မိမိကိုယ်ကိုယ် ထိခိုက်အောင် ပြုလုပ်ထားခြင်း ဒါမှမဟုတ် ချက်ချင်းအန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးမှာတော့ တစ်ယောက်တည်း မထားဘဲ အန္တရာယ် ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို ဘေးကင်းအောင်ထားပြီး အနီးဆုံး အရေးပေါ်ဆေးကုသမှုကို ချက်ချင်း ရယူ ပေးသင့်ပါတယ်။
မိသားစုအနေနဲ့ ဆယ်ကျော်သက်တွေ သူတို့ရဲ့ စိတ်ခံစားချက်တွေကို လွတ်လပ်စွာ ပြောပြနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်ပါတယ်။ ပြဿနာတွေကို တစ်ယောက်တည်း မဖြေရှင်းနိုင်တဲ့အခါ အကူအညီတောင်းခံခြင်းဟာ အားနည်းချက်မဟုတ်ကြောင်း သိရှိစေဖို့လည်း လိုအပ်ပါတယ်။
ကျောင်းတွေအနေနဲ့လည်း အနိုင်ကျင့်မှုတွေကို ကာကွယ်ပေးခြင်း၊ ကျောင်းသားတွေရဲ့ စိတ်ကျန်း မာရေးကို ဂရုစိုက်ပေးခြင်းနဲ့ အခက်အခဲရှိနေတဲ့ ကျောင်းသားတွေကို သင့်လျော်တဲ့ အကူအညီတွေနဲ့ ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ လူမှုဆက်ဆံရေး စွမ်းရည်တွေ ဖွံ့ဖြိုးလာအောင် ပံ့ပိုးပေးခြင်း ကလည်း အရေးကြီးပါတယ်။
စိတ်ကျန်းမာရေးပြဿနာရှိနေသူတွေကို အပြစ်တင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနဲ့ အားနည်းသူတွေလို့ သတ်မှတ်ခြင်းတွေကို ရှောင်ကြဉ်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအမြင်တွေကြောင့် အကူအညီ လိုအပ် နေသူတွေဟာ သူတို့ရဲ့ အခက်အခဲတွေကို ဖွင့်ဟပြောပြဖို့ ပိုမိုခက်ခဲသွားနိုင်ပါတယ်။
သတ်သေဖို့ စဉ်းစားနေသူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ အလွန်ခက်ခဲတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့နေရသူ ဖြစ်နိုင်ပြီး သင့်လျော်တဲ့ အကူအညီနဲ့ စောင့်ရှောက်မှုတွေ ရရှိတဲ့အခါ ပြန်လည် ကောင်းမွန် လာနိုင်ပါတယ်။
တစ်ခါတစ်ရံမှာ သူတို့ရဲ့ စကားကို အလေးအနက်ထား နားထောင်ပေးခြင်း၊ အကူအညီ လိုအပ်နေ ကြောင်း သတိပြုမိခြင်းနဲ့ ကျွမ်းကျင်သူတွေဆီ အချိန်မီ ချိတ်ဆက်ပေးခြင်းတို့ဟာ အသက်တစ်ချောင်း ကို ကယ်တင်နိုင်တဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဆယ်ကျော်သက်တစ်ယောက်က သေချင်တဲ့အကြောင်း ပြောဆိုလာတဲ့အခါ အာရုံစိုက် ခံချင်လို့ ပြောတာလို့ မယူဆဘဲ အလေးအနက်ထား နားထောင်ပေးဖို့ လိုအပ်ပါတယ်။
References
World Health Organization. (2026). Suicide: Fact Sheet.
World Health Organization. (2025). Suicide Worldwide in 2021: Global Health Estimates.
National Institute of Mental Health. Warning Signs of Suicide.
National Institute of Mental Health. Frequently Asked Questions About Suicide.
World Health Organization. Suicide Prevention.
World Health Organization. (2025). Mental health of adolescents.