Skip to content
Ads Advertisement

ဘုန်ကြီးကျောင်းကဒက်ဆာ နဲ့ ကျောင်းမုန့်ဈေးတန်းက သကြားတု

ဘုန်းကြီးကျောင်းအမည်ခံ၍ မှတ်ပုံတင်မရှိဘဲ အနောက်တိုင်းဆေးများ ရောစပ်ထားသည့် တိုင်းရင်း ဆေး အတုများ ဖြန့်ချိခြင်းနှင့် ကင်ဆာဖြစ်စေနိုင်သည့် စံမညီ ဓာတုပစ္စည်းများ လွန်ကဲစွာ ပါဝင်နေသော စားသောက်ကုန်များကို ကလေးသူငယ်စားသောက်ကုန်စျေးကွက်အတွင်း တာဝန်မဲ့ရောင်းချနေခြင်း သည် ပြည်သူတို့၏ အသက်အိုးအိမ်နှင့် ကျန်းမာရေးကို တိတ်တဆိတ် ခြိမ်းခြောက်နေသည့် ကြီးလေး သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ရာဇဝတ်မှုကြီးများပင် ဖြစ်ပေသည်။

အဘယ့်ကြောင့်ဆိုသော်​ကျန်းမာရေဝန်ကြီးဌာန၏ ထုတ်ပြန်ချက်(FDA စစ်ဆေးတွေ့ရှိချက်အရ)အရ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်းရှိ ဘုန်းကြီးကျောင်းတိုက်မှ “အောင်ပန်းဆရာတော်သောက် သည့်ဆေး”အမည်ရှိဆေးတောင့်များသည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် လိုင်စင် မရှိသည့်အပြင် အစာအိမ်နှင့် အူလမ်းကြောင်းအနာဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်စေသည့် အကိုက်အခဲ ပျောက်ဆေး Diclofenac နှင့် ကိုယ်ခံအားကျဆင်းခြင်း၊ ဆီးချိုနှင့် အရိုးပွခြင်းတို့ကို ဖြစ်စေသည့် ပြင်း ထန်စတီရွိုက်ဆေး Dexamethasone တို့ကို ရောနှောထားကြောင်း တွေ့ရှိရ၍ဖြစ်သည်။

​ထို့အပြင် FDA ၏ စစ်ဆေးချက်အရ ကျောင်းမုန့်ဈေးတန်းမှစ၍ Ocean Super Center ကဲ့သို့သော နေရာများထိ ရောင်းချနေသည့် Veve စတော်ဘယ်ရီနို့၊ ဒီဒီနို့ဒိန်ချဉ်နှင့် အော်ရိုရာ မက်မန်းသီးချိုချဉ် တို့တွင် ခွင့်ပြုချက်ထက် ကျော်လွန်နေသော တာရှည်ခံဆေးနှင့် ချိုတုဓာတုပစ္စည်းများဖြစ်သည့် Sodium Cyclamate နှင့် Sodium Benzoate တို့ ပါဝင်နေကြောင်း စိုးရိမ်ဖွယ် တွေ့ရှိရပေသည်။

ဆိုဒီယမ် ဆိုက်ကလမိတ် (Sodiumcyclamate) မှာ သကြားထက် အဆ ၃၀ ကနေ ၅၀ မက ပိုချိုစေ ရန်သုံးစွဲသည့် ဓာတုသကြားတု (Artificial Sweetener) တစ်မျိုး ဖြစ်ပါသည်။ Sodium cyclamateကို ပမာဏအများကြီး စားသုံးမိပါက ပမာဏအများကြီး စားသုံးမိရင် ဝမ်းလျှောခြင်း ဗိုက်မအီမသာ ဖြစ် ခြင်းများ ကြုံရနိုင်ပါသည်။ အရေပြား ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ အရေပြားရောင်ရမ်းခြင်းနှင့် ဖော ရောင်ခြင်းတို့လည်း ဖြစ်တတ်သည့်အပြင် နေရောင်ခြည် ဒဏ်မခံနိုင်သည့် အရေပြား ပြဿနာမျိုးပါ ဖြစ်စေနိုင်ပါသည်။ ရေရှည် သို့မဟုတ် အလွန်အကျွံ စားသုံးခြင်းကြောင့်ခန္ဓာကိုယ်အတွင်း အဆိပ် အတောက် ဖြစ်စေနိုင်ပါသည်။ အဆိုပါဓာတုပစ္စည်းကို စားသုံးလိုက်သည့်အခါ အူလမ်းကြောင်းထဲရှိ ဘက်တီးရီးယားများက Cyclohexylamine လို့ခေါ်သော ဒြပ်ပေါင်းတစ်မျိုးအဖြစ် ပြောင်းလဲပစ် ပါသည်။ ယင်းဒြပ်ပေါင်းသည် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ပိုဖြစ်စေပြီး သားသမီးရတနာ ထွန်းကားနိုင်စွမ်း (မျိုးပွားစနစ်) နှင့်ဆဲလ်ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း တိရစ္ဆာန်များနှင့် စမ်းသပ် သည့် လေ့လာမှုများအရ သိရပါသည်။ထို့ပြင် ကျောက်ကပ်နှင့်အသည်းကို ဝန်ပိစေနိုင်ကြောင်း လေ့ လာမှုအချို့က ဆိုပါသည်။ထို့ကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကဲ့သို့ အဖွဲ့အစည်းကြီးများက နေ့စဉ်စားသုံးရန် သင့်တော်သည့် ကန့်သတ်ပမာဏ (ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၁၁ မီလီဂရမ်) သတ်မှတ် သုံးစွဲခွင့်ပြုထားသော်လည်း၊ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကမူ ကြွက်များတွင် ဆီးအိမ်ကင်ဆာ ဖြစ်စေနိုင်သည့် သံသယကြောင့် ၎င်းကို အစားအသောက် များတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝပိတ်ပင်ထားဆဲ ဖြစ်ပါသည်။

Sodium benzoate (ဆိုဒီယမ် ဘန်ဇိုအိတ်) ကို စားသောက်ကုန်တွေ တာရှည်ခံအောင် သုံးလေ့ရှိပြီး အလွန်အကျွံ စားသုံးမိခြင်း သို့မဟုတ် အချို့သော ဓာတ်ပစ္စည်းများနှင့် တွဲဖက်မိခြင်းတို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဆိုးကျိုးများ ရှိပါသည်။၎င်း၏ အဓိက ဆိုးကျိုးများမှာ-ကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိခြင်းဖြစ်ပါသည်။

ဆိုဒီယမ် ဘန်ဇိုအိတ်သည် ဗီတာမင်စီ (Ascorbic Acid) ပါဝင်သော အစားအစာ သို့မဟုတ် အဖျော် ယမကာများနှင့် ဓာတ်ပြုမိပါက ‘ဘန်ဇင်း’ (Benzene) ဟုခေါ်သော ကင်ဆာဖြစ်စေနိုင်သည့် ဓာတ် ပစ္စည်းတစ်မျိုးအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။

ထို့ပြင်အချို့သော သူများတွင် ဆိုဒီယမ် ဘန်ဇိုအိတ်နှင့် ဓာတ်မတည့်ဘဲ အရေပြားပေါ်တွင် အင်ပျဉ် ထွက်ခြင်း၊ ယားယံခြင်းနှင့် ခန္ဓာကိုယ် ရောင်ရမ်းခြင်း စသည့် ဝေဒနာများကို ခံစားရနိုင် ပါသည်။ အချို့သော သုတေသနပြုချက်များအရ ဆိုဒီယမ် ဘန်ဇိုအိတ်ကို ဓာတုဆိုးဆေးများနှင့် တွဲဖက် စားသုံး မိပါက ကလေးငယ်များတွင် အာရုံစူးစိုက်မှု အားနည်းခြင်းနှင့် အလွန်အမင်း ဂဏှာမငြိမ်ဖြစ်ခြင်း (ADHD) တို့ကို ပိုမိုဆိုးရွားစေနိုင်ကြောင်း တွေ့ရှိရပါသည်။ခန္ဓာကိုယ်အတွင်း ဆိုဒီယမ် ဘန်ဇိုအိတ် ပမာဏ အလွန်အမင်း များပြားလာပါက အဆိပ်အတောက်များကို ဖယ်ရှားပေးရသည့် အသည်းနှင့် ကျောက်ကပ်တို့အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ရေရှည်တွင် ၎င်းအင်္ဂါအစိတ်အပိုင်းများကို ပျက်စီး စေနိုင်ပြီး အချို့သော လေ့လာမှုများအရ ဆိုဒီယမ် ဘန်ဇိုအိတ်သည် လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များ၏ DNA ကို ထိခိုက်စေနိုင်ကာ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကျဆင်းစေနိုင်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် FAO တို့ ပူးပေါင်းဖွဲ့စည်းထားသော အစားအသောက် အပိုပစ္စည်း များဆိုင်ရာ ကျွမ်းကျင်သူများကော်မတီ (JECFA) ၏ သတ်မှတ်ချက်အရ ဆိုဒီယမ် ဘန်ဇိုအိတ် (Sodium Benzoate) ကို တနေ့တာ ဘေးကင်းစွာ စားသုံးနိုင်သော အမြင့်ဆုံးပမာဏ (Acceptable Daily Intake – ADI) မှာ ခန္ဓာကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၂၀ မီလီဂရမ် (20 mg/kg body weight) ဖြစ်ပါသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်အလေးချိန်အလိုက် တစ်နေ့တာအတွင်း ဘေးကင်းစွာ စားသုံးနိုင်သည့် စုစုပေါင်းပမာဏကို အောက်ပါအတိုင်း တွက်ချက်နိုင်ပါသည်။

ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ် (ပေါင် ၁၁၀ ခန့်) ရှိသူအတွက် – တစ်နေ့လျှင် ၁,၀၀၀ မီလီဂရမ် (၁ ဂရမ်) အထိ ဘေးကင်းနိုင်ပါသည်။

ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ် (ပေါင် ၁၃၀ ခန့်) ရှိသူအတွက် – တစ်နေ့လျှင် ၁,၂၀၀ မီလီဂရမ် (၁.၂ ဂရမ်) အထိ ဘေးကင်းနိုင်ပါသည်။

သို့ဖြစ်ရာစက်ရုံထုတ် အစားအသောက်များ လျှော့စားရန် – ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ အစားအသောက် ၁ ကီလိုဂရမ် သို့မဟုတ် ၁ လီတာလျှင် ဆိုဒီယမ် ဘန်ဇိုအိတ် ၃၀၀ မီလီဂရမ်မှ ၃,၀၀၀ မီလီဂရမ်အထိ ပါဝင်ခွင့်ပြုထားသောကြောင့် စက်ရုံထုတ် မုန့်များ၊ အချိုရည်များနှင့် ပြုပြင် ထားသော အစားအစာများကို တစ်နေ့တည်းတွင် အလွန်အကျွံ စားသုံးပါက သတ်မှတ်ပမာဏထက် ကျော်လွန်သွားနိုင်ပါသည်။

အထူးဂရုပြုရမည့်အချက်မှာ ကလေးငယ်များသည် ခန္ဓာကိုယ်အလေးချိန် ပေါ့ပါးသောကြောင့် ၎င်းတို့ အတွက် ဘေးကင်းသည့် ပမာဏမှာ လူကြီးများထက် များစွာနည်းပါသည်။ ထို့ကြောင့် ကလေး များကို ဆိုဒီယမ် ဘန်ဇိုအိတ်နှင့် ဓာတုဆိုးဆေးများ ပါဝင်သော မုန့်များနှင့် အချိုရည်များ အလွန်အကျွံ မစားမိ စေရန် အထူးဂရုစိုက်သင့်ပါသည်။

​

ထိုင်းနိုင်ငံ (Thai FDA) နှင့် စင်ကာပူနိုင်ငံ (HSA) ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများတွင် ယခုကဲ့သို့ စားသောက်ကုန်နှင့် ဆေးဝါးဥပဒေ ချိုးဖောက်မှုများအတွက် ဈေးကွက်မှ ချက်ချင်း ပြန်လည်ရုပ်သိမ်းစေပြီး ထောင်ဒဏ်၊ ငွေဒဏ်အပြင် လုပ်ငန်းလိုင်စင်ပါ ရဲရဲဝံ့ဝံ့ ရုပ်သိမ်းကာ ပြည်သူ့ လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိသည်ကိုတွေ့ရပါသည်။

​

စီးပွားရေး အမြတ်အစွန်း လောဘကြီးမားသူများအနေဖြင့် တားမြစ်ဓာတုပစ္စည်းများနှင့် စတီးရွိုက် ဆေးများကို ရောနှောထုတ်လုပ်ခြင်းသည် ကုန်ကျစရိတ် သက်သာပြီး အလွန်အမင်း အမြတ်ထွက် စေသောကြောင့် ​ဥပဒေစိုးမိုးမှုနှင့် ပြစ်ဒဏ်အားနည်းခြင်းတို့ရှိပါက နိုင်ငံ့အနာဂတ်ကလေးငယ်များ ကိုပါထိခိုက်မည်ကိုသိရှိနေသည့်တိုင် ကျန်းမာရေးဆိုင်ရာရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေကြမည်မှာ‌ သေချာပါသည်။

FDA နှင့် စီးပွားကူးသန်းတို့၏ ပုံမှန်နှင့် ရှောင်တခင် စစ်ဆေးမှု ကွန်ရက်သည် တစ်နိုင်ငံလုံး အတိုင်း အတာအတွက် လုံလောက်မှု မရှိသေးသည့်အတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး သတင်း အချက်အလက်နှင့် မှန်ကန်သော ပညာပေးမှုများရရှိနိုင်မည့် MyanHealth အပါအဝင် ပရော်ဖက် ရှင်နယ်မီဒီယာများအားကောင်းရေးကို ဖတ်မှတ်၊ကြည့်ရှု၊ မျှဝေရေးကို အားစိုက်ပေးကြရန် တိုက်တွန်း လိုပါသည်။

(အယ်ဒီတာ)

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement