စိတ်ဖိစီးမှုများတဲ့အချိန်တို့ ၊ အလုပ်များတဲ့အချိန်တို့ဆိုရင် ပါးစပ်ထဲမှာ အပူကကန်ချင်ပြီ။ စိတ်ကရှုပ်၊ ဘာမှက စားမရနဲ့၊ အတော့်ကို နေရခက်တာမျိုး။
Apthous ulcer ကို မြန်မာလိုတော့ အပူကန်တယ်လို့ ခေါ်ကြပါတယ်။ ပါးစောင်အတွင်းဖက်၊ နှုတ်ခမ်းအတွင်းဖက်၊ လျှာနဲ့ ခံတွင်းအတွင်းမှာ ပေါက်တတ်တဲ့ အင်မတန်ကို ခံရခက်တဲ့ အနာမျိုးပါ။ သေချာကြည့်မယ်ဆိုရင် အနာရဲ့ အလယ်မှာ အဖြူရောင် ဒါမှမဟုတ် အဝါဖျော့ရောင်ရှိပြီး အနာ ပတ်လည်မှာ နီရဲနေတတ်ပါတယ်။ တစ်ခါတစ်ရံ အနာကတစ်ခုထဲ ဖြစ်တတ်သလို တစ်ခါတစ်လေ ကျတော့လည်း တစ်ခုထက်မက ပေါက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ အနာတွေဟာ အရွယ်အစား သေးငယ်ပြီး အချင်း ၅ မီလီမီတာကနေ ၁၀ မီလီမီတာအောက် ရှိတတ် ပါတယ်။ အဝိုင်းပုံ ဒါမှမဟုတ် ဘဲဥပုံသဏ္ဍာန်ရှိပြီး ပုံမှန်အားဖြင့် ၁ ပတ်ကနေ ၂ ပတ်အတွင်း အမာရွတ် မကျန်ဘဲ သူ့အလိုလို ပျောက်ကင်း သွားတတ်ပါတယ်။
အပူကန်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အတိအကျမရှိပါဘူး။ စိတ်ဖိစီးမှုနဲ့ ပင်ပန်း နွမ်းနယ်ခြင်းတို့ကြောင့် အဖြစ်များပြီး တစ်ခြားအကြောင်းအရာတွေဖြစ်တဲ့ ခံတွင်းအတွင်း ထိခိုက် ဒဏ်ရာရတာ၊ အာဟာရဓာတ် ချို့တဲ့တာ၊ အမျိုးသမီးတွေမှာဆို ဟော်မုန်းပြောင်းလဲတာ စတာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Sodium Lauryl Sulfate (SLS) ပါဝင်တဲ့ သွားတိုက်ဆေး အချို့ကြောင့် လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Celiac Disease၊ Crohn’s Disease နဲ့ ulcerative colitis တို့လို ရောဂါရှိသူတွေမှာလည်း မကြာခဏ အပူကန်နိုင်ပါတယ်။
ဒီခံတွင်းအပူကန်တာတွေက ဘာဆေးမှ မသုံးရင်တောင် သူ့အလိုလို ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် နာတာက ခံရခက်တဲ့အတွက် ဝေဒနာကနေ သက်သာချင်ရင် Triamcinolone Acetonide ပါတဲ့ လိမ်းဆေးတွေကို လိမ်းလို့ရပါတယ်။ သူက စတီးရွိုက်ပါတဲ့အတွက် ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် Chlorhexidine Gluconate 0.2% ပါတဲ့ ပလုတ်ကျင်းဆေးရည် တွေနဲ့ ပလုတ်ကျင်းပေးတာမျိုး လုပ်လို့ရပါတယ်။
အပူကန်နေတဲ့အခါမှာ တိတိပပ ရှောင်ကြဉ်စရာတော့ မရှိပေမယ့် နာနေတုန်းမှာ အစပ်များတဲ့ အစားအစာတွေ၊ အငန်များတဲ့ အစားအစာတွေ၊ အချဉ်ဓာတ်များတဲ့ အစားအစာတွေနဲ့ ချွန်ထက် မာကျောတဲ့ အစားအစာတွေက အနာကို ဆွပေးနိုင်လို့ ခဏတာ ရှောင်သင့်ပါတယ်။
တစ်ခါတစ်လေ ပါးစပ်ရေယုန်တို့၊ ရေကျောက်တို့၊ Hand, foot and mouth disease (လက်၊ ခြေ၊ ပါးစပ်နာရောဂါ) တွေကလည်း ပါးစပ်မှာ အနာတွေ ပေါက်တတ်တဲ့အတွက် အပူကန်တာနဲ့ မှားတာမျိုး ဖြစ်နိုင်ပါတယ်။ ကွမ်းစားတဲ့ အလေ့အထရှိသူတွေမှာလည်း ခံတွင်းအတွင်း အနာတွေ ဖြစ်ပေါ်နိုင် ပါတယ်။ ကွမ်းသီး၊ ထုံးနဲ့ ကွမ်းယာမှာပါတဲ့ ပစ္စည်းတွေကြောင့် ခံတွင်းအတွင်းသားတွေ ထိခိုက်ပြီး အနာဖြစ်နိုင်သလို ကြာရှည်ကွမ်းစားခြင်းကြောင့် ခံတွင်းအတွင်းမှာ အဖြူကွက်၊ အနီကွက်တွေ ဖြစ်ပေါ် လာတာ၊ ပါးစောင် အတွင်းသားတွေ တင်းမာလာပြီး ပါးစပ်ဟရခက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကွမ်းစားခြင်းဟာ ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဆေးရွက်ကြီးမပါတဲ့ ကွမ်းယာကို စားရင်တောင် ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။ ခံတွင်းကင်ဆာရဲ့ အစောပိုင်း လက္ခဏာတစ်ချို့က သာမန်အပူကန်တာနဲ့ ဆင်တူနိုင်ပါတယ်။
အပူကန်တာဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး စိတ်ပူစရာ မရှိဘူးဆိုပေမယ့် အနာက ၂ ပတ်ကျော်အထိ မပျောက်ရင်၊ အနာအရွယ်အစားက ပုံမှန်ထက် ကြီးမားနေရင်၊ မကြာခဏ အပူကန်နေရင်၊ အနာကြောင့် အစာမစားနိုင်၊ ရေမသောက်နိုင် ဖြစ်နေရင်၊ အပူကန်တာအပြင် ဖျားတာ၊ ဗိုက်နာတာ စတာတွေ တွဲနေရင် ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကွမ်းစားတဲ့သူဆိုရင် အနာက ၂ ပတ်ကျော်တဲ့အထိ မသက်သာတာ၊ အနာက တဖြည်းဖြည်း ကြီးလာတာ၊ ခံတွင်းအတွင်း အဖြူကွက်၊ အနီကွက်တွေ ပေါ်လာတာ၊ ပါးစပ်ဟရခက်လာတာ စတဲ့ လက္ခဏာတွေရှိရင် သာမန်အပူကန်တာလို့ မတွေးဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
References
1. DermNet — Aphthous ulceration — Clinical presentation, triggers, and treatments.
2. NHS — Mouth ulcers — Self-care, treatment, and warning signs.
3. WHO/IARC — Betel quid and areca nut carcinogenicity — Evidence supporting the oral cancer risk.