Skip to content
Ads Advertisement

လူပြောများတဲ့ ဆံပင်ကျွတ်သက်သာစေတယ်ဆိုတဲ့ Haircare Products တွေက တကယ်ရော ထိရောက်ရဲ့လား

ဆံပင်ကျွတ် သက်သာစေတယ်ဆိုတဲ့ Shampoo တွေ၊ Scalp Serum တွေနဲ့ ဆံပင်အားဖြည့်ဆေးတွေက ဆံပင်ကျွတ်ပြီးပါးလာတဲ့သူတွေကြားမှာ အတော်လေး ရေပန်းစားပါတယ်။ ဆံပင်ကို ပိုထူလာစေမယ်၊ ကျွတ်တာ သက်သာစေမယ်လို့ ကြော်ငြာကြတဲ့ပစ္စည်းတွေထဲကမှ လူကြိုက်များတဲ့ နည်းလမ်း (၅) ခုနဲ့ ပတ်သက်ပြီး ဆေးသုတေသန စမ်းသပ်ချက်တွေက ဘာပြောထားလဲဆိုတာ ဒီဆောင်းပါးလေးကတဆင့် လေ့လာကြည့်ကြရအောင်။

ပထမဆုံးတစ်ခုကတော့ Caffeine ပါဝင်တဲ့ Shampoo နဲ့ Serum တွေပါ။ Caffeine ဟာ မွေးညင်းပေါက်တွေကို လှုံ့ဆော်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတစ်ခုအဖြစ် ဈေးကွက်ထဲမှာ နာမည်ကြီးပါတယ်။ ၂၀၂၅ ခုနှစ်က လူပေါင်း ၆၈၄ ဦးပါဝင်တဲ့ သုံးသပ်လေ့လာမှု (Systematic Review) တစ်ခုအရ ရလဒ်တွေက အတော်အတန် ကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ပါဝင်တဲ့ လေ့လာမှု ၉ ခုထဲမှာ ၅ ခုက သုတေသန စံချိန်စံညွှန်း အားနည်းချက်တွေရှိနေတာကြောင့် တွေ့ရှိချက်တွေအပေါ် ရာနှုန်းပြည့် အာမခံဖို့တော့ ခက်ခဲပါသေးတယ်။ သုံးသပ်ချက်တွေအရ အလားအလာရှိပေမဲ့ အတည်ပြုဖို့ သက်သေအထောက်အထား လိုအပ်ပါသေးတယ်လို့ ဖော်ပြထားပါတယ်။ Caffeine ပါဝင်တဲ့ ထုတ်ကုန်တစ်ခု ထိရောက်ရုံနဲ့ ကျန်တဲ့ ထုတ်ကုန်တွေပါ ထိရောက်ပုံခြင်းတူလိမ့်မယ်လို့ ပုံသေတွက်လို့ မရသေးတဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ Rosemary Oil ပါ။ Rosemary Oil က သဘာဝအတိုင်း ဆံပင်ပေါက်စေတဲ့ နည်းလမ်းတစ်ခုအဖြစ် လူကြိုက်များလာပါတယ်။ ကျား/မ ဟော်မုန်းနှင့် မျိုးရိုးကြောင့် ဆံပင်ကျွတ်ရောဂါ ခံစားနေရသူ ၁၀၀ ကို စမ်းသပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ Rosemary Oil သုံးစွဲသူရော၊ ၂% Minoxidil ပါတဲ့လိမ်းဆေး သုံးစွဲသူရော ၆ လအကြာမှာ ဆံပင်အုံ ပြန်ထူလာတာကို တွေ့ရပါပြီး နှစ်ဖွဲ့ကြား သိသာထင်ရှားတဲ့ ကွာခြားချက် မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်ချက်မှာ ဘာပါဝင်ပစ္စည်းမှမပါတဲ့ လိမ်းဆေးကို သုံးတဲ့အဖွဲ့ (Placebo group) မပါဝင်ခဲ့သလို Rosemary Oil ဟာ Minoxidil ဆေးဝါးနဲ့ အာနိသင်ချင်းတူတယ်လို့လည်း တိတိကျကျ သက်သေမပြနိုင်ခဲ့ပါဘူး။ Rosemary Oil ရဲ့ အာနိသင်ထိရောက်မှုကိုပြတဲ့ အထောက်အထားများက တရားဝင် ကုသဆေးဖြစ်တဲ့ Minoxidil နဲ့ ယှဉ်ရင် အလွန်နည်းပါးနေပါသေးတယ်။ သဘာဝသစ်ဥသစ်ဖုကနေရတဲ့ ထုတ်ကုန်တွေကို ပိုမိုနှစ်သက်တဲ့ လူနာတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နိုင်သော်လည်း စံချိန်စံညွှန်းမီတဲ့ တရားဝင် ကုသဆေးတွေ နေရာမှာ အစားထိုးဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ လိုအပ်နေသေးတယ်လို့ ဖော်ပြထားပါတယ်။

နောက်တစ်မျိုးကတော့ Redensyl, Procapil, Capixyl တွေအပြင် တွေ့ရှိမှုအသစ်တွေဖြစ်တဲ့ Baicapil နဲ့ AnaGain ပါဝင်တဲ့ ပစ္စည်းတွေပါ။ ဒီပါဝင်ပစ္စည်းတွေက ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးပြီး ဆံပင်ပြန်ပေါက်လာစေတယ်လို့ ကြော်ငြာလေ့ရှိတဲ့ ဆံပင်လိမ်းဆေးရည် (Hair-growth serum) တွေမှာ အသုံးများတဲ့ ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်။ လေ့လာမှုအချို့မှာ ဒီပစ္စည်းတွေကို အသုံးပြုပြီးနောက် ဆံပင် အခြေအနေတိုးတက်လာတာ တွေ့ရှိရပေမယ့် လက်ရှိ သုတေသနအထောက်အထားတွေကတော့ အကန့်အသတ်ရှိနေပါသေးတယ်။ လေ့လာမှုအများစုမှာ ပါဝင်သူအရေအတွက် နည်းပါးခြင်း၊ သုတေသနပြုလုပ်ပုံ ကွဲပြားခြင်းနဲ့ ပါဝင်ပစ္စည်း အများအပြားကို ရောစပ်အသုံးပြုထားခြင်း စတဲ့ ကန့်သတ်ချက်တွေရှိနေပါတယ်။ ဒါကြောင့် ဒီပါဝင်ပစ္စည်းတစ်မျိုးချင်းစီက ဆံပင်ပြန်ပေါက်လာစေဖို့ တကယ်ထိရောက်မှုရှိမရှိကို အတိအကျ မဆုံးဖြတ်နိုင်သေးပြန်ပါဘူး။

နောက်တစ်မျိုးကတော့ ဆံပင်သန်မာပြီးအရှည်မြန်စေတယ်လို့ ပြောကြတဲ့ Biotin (ဗီတာမင် B7) ပါဝင်တဲ့ အားဖြည့်ဆေးနဲ့ Shampoo တွေဖြစ်ပါတယ်။ Biotin ကို ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ပုံမှန်လည်ပတ်ဖို့ လိုအပ်ပေမဲ့ ကျန်းမာရေးကောင်းသူ အများစုမှာ Biotin ချို့တဲ့လေ့ မရှိပါဘူး။ ၂၀၁၇ ခုနှစ် သုတေသနအရ Biotin ချို့တဲ့မှုမရှိဘဲ Biotin သောက်သုံးခြင်းဖြင့် ဆံပင်ပိုပေါက်လာတယ်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်းနဲ့ Biotin ပါတဲ့ Shampoo တွေကလည်း ဆံပင်အသစ် ပေါက်စေတယ် ဆိုတာကလည်း မသေချာကြောင်း ဖော်ပြထားပါတယ်။

နောက်ဆုံးတစ်မျိုးကတော့ Pumpkin Seed Oil (ရွှေဖရုံစေ့ဆီ) ပါတဲ့ အားဖြည့်ဆေးတွေ ဖြစ်ပါတယ်။ မျိုးရိုးလိုက်ဆံပင်ကျွတ်အမျိုးသား ၇၆ ဦးကို စမ်းသပ်ခဲ့တဲ့ ၂၄ ပတ်ကြာ သုတေသနတစ်ခုမှာ Pumpkin Seed Oil အားဖြည့်ဆေး သောက်သုံးသူတွေက ဆံပင် အရေအတွက် ပိုမိုများပြားလာတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။ ဒီလေ့လာစမ်းသပ်ချက်မှာလည်း စမ်းသပ်သူ အရေအတွက် နည်းပါးတဲ့အတွက် နောက်ထပ် လေ့လာမှုများ လိုအပ်နေပါသေးတယ်။ ထို့အပြင် ဒီတွေ့ရှိချက်တွေက သောက်ဆေးအတွက်ပဲ ဖြစ်ပြီး ခေါင်းလျှော်ရည်နဲ့ လိမ်းဆေးတွေ အတွက် လေ့လာစမ်းသပ်ဖို့ လိုအပ်နေပါသေးတယ်။

အဓိကအားဖြင့် မိမိသုံးစွဲမယ့် ပစ္စည်းတွေက “ဆံပင်ပုံစံကြည့်ကောင်းအောင် ပြုပြင်ပေးရုံ” လား ဒါမှမဟုတ် “ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းကို တကယ် ကုသပေးနေတာ” လားဆိုတာ ခွဲခြားသိမြင်ဖို့ လိုပါတယ်။ ဆံပင်အလွန်အမင်း ပါးလာရင်တော့ အရေပြားအထူးကု ဆရာဝန်တွေနဲ့ တိုင်ပင်ပြသတာက အကောင်းဆုံး ဖြစ်ပါတယ်။

References

Cho, Y. H., et al. (2014). Effect of pumpkin seed oil on hair growth in men with androgenetic alopecia: A randomized, double-blind, placebo-controlled trial. Evidence-Based Complementary and Alternative Medicine, 2014, Article 549721. https://doi.org/10.1155/2014/549721

Panahi, Y., Taghizadeh, M., Tahmasbpour Marzony, E., & Sahebkar, A. (2015). Rosemary oil vs minoxidil 2% for the treatment of androgenetic alopecia: A randomized comparative trial. Skinmed, 13(1), 15–21. https://pubmed.ncbi.nlm.nih.gov/25842469/

Patel, D. P., Swink, S. M., & Castelo-Soccio, L. (2017). A review of the use of biotin for hair loss. Skin Appendage Disorders, 3(3), 166–169. https://doi.org/10.1159/000462981

Szendzielorz, E., & Spiewak, R. (2025). Caffeine as an active ingredient in cosmetic preparations against hair loss: A systematic review of available clinical evidence. Healthcare, 13(4), Article 395. https://doi.org/10.3390/healthcare13040395

Bikash, C. (2025). Topical alternatives for hair loss: Beyond the conventional. International Journal of Trichology, 17(1), 13–19. https://doi.org/10.4103/ijt.ijt_8_23

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement