Skip to content
Ads Advertisement

ကလေးငယ်များနှင့် သွေးလွန်တုပ်ကွေးအန္တရာယ်

မိုးရာသီရောက်လာတာနဲ့အမျှ မိဘတွေအနေနဲ့ ကလေးတွေမှာ အထူးသတိထားရမယ့် ရောဂါတွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါ (Dengue) လည်း ပါဝင်ပါတယ်။ သွေးလွန်တုပ်ကွေးဟာ အေးဒီးစ် (Aedes) ခြင်ကတစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ကလေးတွေမှာ ရောဂါပြင်းထန်လာရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဒါပေမယ့် မိဘတွေအနေနဲ့ သိထားသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ ကလေးအဖျား ဘယ်လောက်ကြီးသလဲဆိုတာ တစ်ခုတည်းမဟုတ်ဘဲ ကလေးရဲ့ အခြေအနေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို စောင့်ကြည့်ဖို့ပါ။ အထူးသဖြင့် သွေးလွန်တုပ်ကွေးမှာ အဖျားကျသွားတာက ရောဂါပျောက်သွားပြီလို့ အမြဲမဆိုလိုပါဘူး။

သွေးလွန်တုပ်ကွေးဖြစ်ရင် ဘာလက္ခဏာတွေ တွေ့ရနိုင်သလဲ

ရောဂါပိုးရှိတဲ့ခြင် ကိုက်ခံရပြီးနောက် ရက်အနည်းငယ်အတွင်း အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးနောက်ဘက်နာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပျို့အန်ခြင်းနဲ့ အရေပြားမှာ အနီစက်၊ အနီကွက်တွေ ပေါ်လာခြင်းတို့ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေမှာတော့ မိမိခံစားနေရတာကို လူကြီးတွေလို ရှင်းရှင်းလင်းလင်း မပြောပြနိုင်တာကြောင့် ကလေးရဲ့ အမူအရာနဲ့ နေထိုင်စားသောက်ပုံ ပြောင်းလဲလာတာကိုပါ မိဘတွေက သတိထားကြည့်ပေးဖို့ လိုပါတယ်။

အဖျားကျချိန်မှာ ပိုပြီး သတိထားပါ

သွေးလွန်တုပ်ကွေးမှာ သတိထားရမယ့်အချိန်က အဖျားကျလာတဲ့အချိန် ဖြစ်ပါတယ်။ ရောဂါစဖြစ်ပြီး အများအားဖြင့် ၃ ရက်ကနေ ၇ ရက်အတွင်း အဖျားကျလာချိန်မှာ တချို့ကလေးတွေဟာ အခြေအနေ ပြန်ကောင်းလာပေမယ့် တချို့မှာတော့ ရောဂါပြင်းထန်တဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် “အဖျားကျပြီ၊ ကလေးကောင်းသွားပြီ” လို့ မယူဆဘဲ အောက်ပါ အန္တရာယ်သတိပေးလက္ခဏာတွေ ရှိ၊ မရှိကို အထူးစောင့်ကြည့်ပါ။

  • ဗိုက်အလွန်နာခြင်း၊ ဗိုက်နာတာ မသက်သာခြင်း
  • မကြာခဏအန်ခြင်း၊ ရေသောက်ရင်တောင် အန်ခြင်း
  • နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
  • အန်တဲ့အထဲ သွေးပါခြင်း သို့မဟုတ် ဝမ်းမည်းမည်းသွားခြင်း
  • အလွန်နုံးခွေနေခြင်း၊ အိပ်ငိုက်လွန်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း၊ ပုံမှန်နဲ့မတူဘဲ စိတ်တို၊ ငိုယိုနေခြင်း
  • ရေမသောက်နိုင်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ဆီးနည်းလာခြင်း
  • အသက်ရှူမြန်ခြင်း သို့မဟုတ် အသက်ရှူရခက်ခြင်း
  • အဖျားကျသွားပေမယ့် ကလေးရဲ့အခြေအနေ ပိုဆိုးလာခြင်း

ဒီလက္ခဏာတွေထဲက တစ်ခုခုတွေ့လာရင် မစောင့်ဘဲ ဆေးရုံ၊ ဆေးခန်းမှာ ချက်ချင်းပြသဖို့ လိုပါတယ်။

အထူးသဖြင့် လက်ခြေအေးစက်လာတာ၊ အသားအရောင်ဖျော့လာတာ၊ အလွန်နုံးခွေနေတာ၊ မူးဝေ၊ သတိလစ်တာ၊ ဆီးအလွန်နည်းတာ သို့မဟုတ် မထွက်တော့တာ၊ အသက်ရှူခက်လာတာတွေဟာ သွေးလည်ပတ်မှု မကောင်းတော့တဲ့ အရေးပေါ်အခြေအနေ ဖြစ်နိုင်တာကြောင့် အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူရပါမယ်။

ကလေးဖျားနေချိန် အိမ်မှာ ဘယ်လိုပြုစုမလဲ

ကလေးကို အနားယူစေပြီး ရေဓာတ် မခမ်းခြောက်အောင် အရည်ကို နည်းနည်းစီ မကြာခဏ တိုက်ပေးပါ။ မိခင်နို့ တိုက်နေတဲ့ကလေးဆိုရင် မိခင်နို့ ဆက်တိုက်ပေးပါ။ ကလေးရဲ့ အစာစားနိုင်မှု၊ ရေသောက်နိုင်မှုနဲ့ ဆီးသွားတဲ့အကြိမ်ရေ နည်းလာသလားဆိုတာကိုလည်း စောင့်ကြည့်ပေးပါ။

အဖျားအတွက် Paracetamol ကို ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ ကိုက်ညီတဲ့ပမာဏအတိုင်းသာ အသုံးပြုသင့်ပါတယ်။ Aspirin၊ Ibuprofen နဲ့ အခြား NSAIDs အမျိုးအစား အကိုက်အခဲပျောက်ဆေးတွေကို မိမိဘာသာ မတိုက်သင့်ပါဘူး။ သွေးယိုနိုင်ခြေကို ပိုတိုးစေနိုင်လို့ ဖြစ်ပါတယ်။

အရေးကြီးတာက ကလေးရဲ့အခြေအနေကို နာရီပိုင်းအလိုက် စောင့်ကြည့်ပေးခြင်း ဖြစ်ပါတယ်။ အဖျားကျသွားတာထက် ကလေးက ရေသောက်နိုင်သလား၊ ဆီးပုံမှန်သွားသလား၊ နိုးနိုးကြားကြားရှိသလား၊ အသက်ရှူပုံမှန်ရှိသလားဆိုတာတွေက ပိုအရေးကြီးပါတယ်။

အန်တဲ့အရည်၊ ဝမ်းအရောင်နဲ့ သွေးယိုခြင်းရှိ၊ မရှိကို စောင့်ကြည့်နေရတဲ့အချိန်မှာ အရောင်မည်းတဲ့ အစားအစာနဲ့ အချိုရည်တွေက သွေးပါခြင်းနဲ့ ရောထွေးပြီး ခွဲခြားရခက်စေနိုင်တာကြောင့် မပေးတာ ပိုကောင်းပါတယ်။

ခြင်ကိုက်မခံရအောင်လည်း ကာကွယ်ပေးပါ

သွေးလွန်တုပ်ကွေးကို ကာကွယ်ဖို့ အဓိကနည်းလမ်းကတော့ ခြင်မပေါက်ဖွားအောင်လုပ်ခြင်းနဲ့ ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်း ဖြစ်ပါတယ်။

အိမ်နဲ့ပတ်ဝန်းကျင်မှာ ရေဝပ်နိုင်တဲ့ တာယာဟောင်း၊ ပလပ်စတစ်ခွက်၊ အိုးခွက်၊ အုန်းမှုတ်ခွက်၊ ပန်းအိုးနဲ့ ရေသိုလှောင်တဲ့ပုံးတွေကို ပုံမှန်စစ်ဆေးပြီး ရေမဝပ်အောင် ရှင်းလင်းပါ။ ရေသိုလှောင်တဲ့ပုံးတွေကို လုံခြုံစွာဖုံးထားပါ။ ကလေးတွေကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးနိုင်ပြီး နေ့ဘက်ဖြစ်စေ၊ ညဘက်ဖြစ်စေ အိပ်ချိန်မှာ ခြင်ထောင်အသုံးပြုပေးနိုင်ပါတယ်။ ကလေးတွေအတွက် ခြင်မကိုက်ဆေး (Mosquito Repellent) အသုံးပြုမယ်ဆိုရင်လည်း ကလေးရဲ့အသက်အရွယ်နဲ့ သင့်တော်၊ မသင့်တော်ကို ဆေးအညွှန်းမှာ သေချာဖတ်ပြီး ညွှန်ကြားချက်အတိုင်းသာ အသုံးပြုပါ။

သွေးလွန်တုပ်ကွေးမှာ အဖျားကျသွားတာဟာ ရောဂါပျောက်သွားတာ မဟုတ်ပါဘူး။ အဖျားကျချိန်မှာပဲ ကလေးက ဗိုက်နာလာတာ၊ ဆက်တိုက်အန်တာ၊ သွေးယိုတာ၊ ရေမသောက်နိုင်တာ၊ ဆီးနည်းလာတာ၊ အလွန်နုံးခွေတာ၊ ဂနာမငြိမ်ဖြစ်လာတာ၊ လက်ခြေအေးလာတာနဲ့ အသက်ရှူခက်လာတာတွေ ရှိ၊ မရှိကို ပိုပြီးဂရုစိုက် စောင့်ကြည့်ပေးရပါမယ်။

မိဘတွေရဲ့ အနီးကပ်စောင့်ကြည့်မှုနဲ့ အန္တရာယ်လက္ခဏာတွေကို စောစောသိရှိခြင်းဟာ ကလေးကို အချိန်မီ ဆေးကုသမှုရရှိစေဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

References

  1. Adams, L.E., Wong, J.M. and Paz-Bailey, G. (2024). Dengue. JAMA, 332(24), 2109–2110.
  2. Ministry of Health (2026). Management of Dengue – Clinical Guidelines. 2nd ed. Naypyidaw: Ministry of Health, National Unity Government.
  3. World Health Organization (2009). Dengue: Guidelines for Diagnosis, Treatment, Prevention and Control. Geneva: WHO.
  4. World Health Organization (2011). Comprehensive Guidelines for Prevention and Control of Dengue and Dengue Haemorrhagic Fever. WHO Regional Office for South-East Asia.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement