Skip to content
Ads Advertisement

လမ်းဘေးနဲ့တနိုင်တပိုင်စားသောက်ဆိုင်တွေရောင်းချမှု ရပ်ရပြန်

ရန်ကုန်မြို့တော်က မြို့နယ်အချို့မှာ ဝမ်းရောဂါဖြစ်ပွားမှုတွေ ရှိလာပြန်တာကြောင့် စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး လမ်းဘေးအစားအသောက်ရောင်းချမှုတွေ အနည်းဆုံး ငါးရက် ရပ်ထားဖို့ သက်ဆိုင်ရာက ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ တာမွေမြို့နယ်ရှိ ဈေးအချို့ကနေ စုံစမ်းသိရှိရပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာကြောင့် လမ်းဘေးဆိုင်လို့ ခေါ်ဝေါ်ကြတဲ့ တနိုင်တပိုင် အစားအသောက်ရောင်းချမှုကို ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ပြီး ရပ်ဆိုင်းခဲ့ပါတယ်။ ဖြစ်ပွားမှု အနည်းငယ်ထိန်းချုပ်နိုင်တဲ့ အနေအထားရောက်ပြီးနောက် တနိုင်တပိုင် အစားအသောက်ရောင်းချသူတွေ ပြန်လည်ရောင်းချနေတာ ရက်သတ္တပတ်နှစ်ပတ်တောင် မရှိသေးချိန်မှာ ယခုလို ထပ်မံရောင်းချမှု ရပ်နားကြရတာ ဖြစ်ပါတယ်။

ဩဂုတ်လ လဆန်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းရာက ရေကြီးရေလျှံမှုတွေလည်း ဖြစ်ခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်လာတယ်လို့ သိရပါတယ်။ လူနာများအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောသော အသက် ၉၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဩဂုတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရန်ကုန်အရှေ့၊ အနောက်၊ တောင်၊ မြောက်က မြို့နယ်စုံမှာ ဖြစ်ပွားနေတာလို့ ဆိုနိုင်ပြီး လူစည်ကားတဲ့ လသာ၊ လမ်းမတော်၊ လှိုင်သာယာ၊ အင်းစိန်၊ သာကေတကနေ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေအထိ ဖြစ်ပွားခဲ့ပါတယ်။

မိုးဆက်တိုက်ရွာပြီး ရေကြီးရေလျှံဖြစ်နေချိန်ဟာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အကူးစက်ခံရနိုင်ဆုံး အချိန်ပါပဲ။ ယခု စက်တင်ဘာ တတိယပတ်အတွင်းမှာလည်း မုန်တိုင်းဝင်ရောက်မှုနဲ့အတူ မိုးသည်းထန်စွာ ရွာဦးမှာဖြစ်လို့ လောလောဆယ် အပြင်စာတွေစားတာ ရှောင်ထားပြီး ရောဂါဖြစ်ပွားမှုကို အပြည့်အဝ ကာကွယ်နိုင်ဖို့ ဒီအချက် (၄) ချက်ကို နေ့စဉ် ဂရုစိုက်ဖို့လိုပါတယ်။

(၁) သန့်ရှင်းတဲ့ရေကိုပဲ သောက်ပါ။

မိုးတွင်းမှာ ရေမြောင်းတွေလျှံပြီး သုံးရေ၊ သောက်ရေထဲ ရောဂါပိုးတွေ ဝင်ရောက်လွယ်ပါတယ်။ သေချာကျိုချက်ထားတဲ့ရေ (သို့မဟုတ်) ကလိုရင်းဆေးခတ်ပြီးသား ရေကိုပဲ သောက်ပါ။

(၂) လက်ကို သေချာဆေးကြောပါ။

အညစ်အကြေး ကိုင်တွယ်ပြီးတိုင်း၊ အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနဲ့ ရေကိုသုံးပြီး လက်ကို ပြောင်စင်အောင် ဆေးကြောပါ။

(၃) အစားအစာတွေကို ဂရုစိုက်ပါ။

စိုစွတ်ပြီး ယင်ကောင်ပေါများတဲ့ ရာသီမို့ အစားအစာတွေကို ယင်မနားအောင် သေချာဖုံးအုပ်ပါ။ အစားအစာတွေကို ကျက်အောင်ချက်ပြီး ပူပူနွေးနွေးပဲ စားပါ။

(၄) အိမ်သာကို ယင်မဝင်အောင် ဂရုစိုက်ပါ။

အိမ်သာအဖုံးမလုံတာကနေ ဝမ်းရောဂါပိုးတွေ အလွယ်တကူ ပြန့်ပွားတတ်ပါတယ်။ ဒါကြောင့် အိမ်သာကို ယင်မဝင်အောင် တတ်နိုင်သလောက် ဖုံးအုပ်ထားပါ။ ကလေးငယ်တွေရဲ့ အညစ်အကြေးတွေကိုလည်း ပတ်ဝန်းကျင်မှာ ဒီတိုင်းမထားဘဲ စနစ်တကျ စွန့်ပစ်ပေးပါ။

အိမ်က မိသားစုဝင်တွေ ဝမ်းသွားတဲ့အခါ ရိုးရိုးဝမ်းလျှောတာလား၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောလားဆိုတာ ခွဲခြားသိဖို့ အရေးကြီးပါတယ်။

၂၄ နာရီအတွင်း အရည်ဝမ်း (၃) ကြိမ်နဲ့အထက် သွားရင် ဝမ်းပျက်ဝမ်းလျှောလို့ ခေါ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက ဝမ်းသွားတဲ့အကြိမ်ရေ အလွန်များပြီး ဆန်ဆေးရည်လို ဖြူနောက်နောက်အရောင်နဲ့ ငါးညှီနံ့ ထွက်နေရင်တော့ ဒါဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပါ။

ဒီလိုဖြစ်လာရင် ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ ဓာတ်ဆားတွေ နာရီပိုင်းအတွင်း ကုန်ခမ်းသွားတတ်လို့ အချိန်မီ ဆေးမကုသရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ဒီလိုလူတွေမှာ ဖြစ်ရင် ပိုဂရုစိုက်ပါ –

(၅) နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ နာတာရှည်ရောဂါ ရှိသူများ၊ သက်ကြီးရွယ်အိုများအနေနဲ့ ပိုဂရုစိုက်ဖို့လိုပါတယ်။

မိသားစုဝင် တစ်ဦးဦးမှာ ဆန်ဆေးရည်လို ဝမ်းအရည်တွေ သွားနေပြီဆိုရင် ချက်ချင်း ဓာတ်ဆားရည် တိုက်ပေးပါ။ ပြီးတာနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသပြီး လိုအပ်တဲ့ ဆေးကုသမှုကို အချိန်မီ ခံယူဖို့လိုပါတယ်။

Ref: UNICEF Myanmar

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement