သုံးလေးရက် လိမ်းလိုက်တာနဲ့ အသားအရေကို ချက်ချင်း ဖြူဝင်းချောမွတ်စေရမယ်၊ အသားရောင် မညီတာတွေ၊ ဝက်ခြံအမည်းစက်တွေ ချက်ချင်းလျော့သွားစေရမယ်လို့ အာမခံပြီး ရောင်းတဲ့ skincare မျိုးကို သုံးဖူးကြလား?
“ဒီလို ရက်တိုတိုနဲ့ ထူးထူးခြားခြား ကောင်းသွားစေတဲ့ skincare မျိုး အခုမှသိရတာ ငါကံဆိုးတာပဲ” လို့ တွေးမိရင် သင်ဟာ ကံတကယ်ကောင်းလို့ မသုံးမိတာလို့ ပြောရပါလိမ့်မယ်။ ဘယ်လိုပဲ ကောင်းပေ့၊ ညွန့်ပေ့၊ ဈေးကြီးပေ့ ဆိုတဲ့ skincare တိုင်းက သင့်အသားအရေပေါ်က အပြစ်အနာအဆာတွေကို သုံးလေးရက်အတွင်း မသက်သာနိုင်စေပါဘူး။ ဒီလို skincare တွေမှာ နေ့စဉ်သုံးစွဲဖို့ လုံးဝ မသင့်တော်တဲ့ Topical Corticosteroid (စတီးရွိုက် လိမ်းဆေး) တွေ ပါဝင်နေပြီဆိုတာ အသေအချာပါပဲ။
Topical corticosteroids တွေကို နှင်းခူ (eczema)၊ အရေပြားရောင်ရမ်းခြင်း (dermatitis) နဲ့ အသားထူအရေပြားရောဂါ (psoriasis) လိုမျိုး အရေပြားရောဂါတွေကုသတဲ့နေရာမှာ သုံးကြပါတယ်။ မှန်မှန်ကန်ကန်သုံးရင် အရေပြား နီမြန်းတာတွေ၊ ရောင်ရမ်းတာတွေနဲ့ ယားယံတာတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စတီးရွိုက်တွေက မကောင်းတဲ့လိမ်းဆေးတွေလို့ ပြောမရပါဘူး။ အဓိက ပြဿနာက မသင့်တော်တဲ့ စတီးရွိုက်အမျိုးအစားတွေကို မလိုလားအပ်တဲ့ နေရာမှာ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ရေရှည် အလွန်အကျွံ သုံးစွဲမိတာပါပဲ။ အထူးသဖြင့် စတီးရွိုက်တွေကို အသားဖြူခရင်မ်တွေ၊ အသားအရေကြည်လင်စေတဲ့ခရင်မ်တွေနဲ့ ဝက်ခြံသက်သာစေတဲ့ ခရင်မ်တွေမှာ တရားမဝင်ထည့်ပြီး ဈေးကွက်ထဲရောင်းချနေတာက အတော်ဆိုးတယ်လို့ ပြောရပါလိမ့်မယ်။
စတီးရွိုက်လိမ်းဆေးတွေရဲ့ သဘောတရားအရ အရေပြားရောင်ရမ်းတာကို သက်သာစေနိုင်တဲ့အတွက် လိမ်းလိုက်တဲ့အခါ နီမြန်းတာ၊ ရောင်ရမ်းတာနဲ့ အရေပြားယားယံတာတွေကို ချက်ချင်းဆိုသလို လျော့နည်းသွားစေတာကြောင့် အရေပြားက ယာယီအားဖြင့် ပိုချောမွေ့လာသလိုလို၊ ဖြူလာသလိုလို၊ ကြည်လာသလိုလို ထင်ရစေပါတယ်။ အဲ့ဒီအခါ သုံးစွဲသူအနေနဲ့ ကိုယ်နဲ့အဆင်ပြေတယ်လို့ ထင်သွားပြီး ရေရှည်စွဲသုံးမိတတ်ကြတာကြောင့် နောက်ဆက်တွဲအရေပြား ပြဿနာအသစ်တွေ ပေါ်လာတော့တာပါပဲ။
ဒါကြောင့် ကိုယ်စမ်းသုံးချင်တဲ့ skincare ပစ္စည်းတွေမှာ steroids ပါ၊ မပါ စစ်ကြည့်ဖို့ လိုလာပါတယ်။ ပါဝင်ပစ္စည်းတွေနေရာမှာ Hydrocortisone၊ Betamethasone၊ Triamcinolone၊ Mometasone ဒါမှမဟုတ် Clobetasol ဆိုတဲ့ ဆေးနာမည်တွေ တွေ့ရင်တော့ အရေပြားဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိဆန္ဒအရ စမ်းမသုံးသင့်ပါဘူး။ ဘာတွေပါမှန်း သေချာမရှင်းပြဘဲ ရက်ပိုင်းအတွင်း အသားဖြူမယ်၊ အနီကွက်နဲ့ ဝက်ခြံတွေ ချက်ချင်းပျောက်ပြီး အသားအရေကောင်းလာမယ် ဆိုတဲ့ skincare တွေကိုလည်း လုံးဝရှောင်ရပါမယ်။ ပါဝင်ပစ္စည်းတွေ သေချာမရေးပြထားတဲ့ skincare တွေကို စမ်းမသုံးခင် အရေပြားဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်လိုက်တာက ကိုယ့်အသားအရေအတွက် အန္တရာယ်အကင်းဆုံးပါပဲ။
Steroids ပါတဲ့ cream တွေ၊ skincare တွေကို အချိန်ကာလတစ်ခုထိ စွဲသုံးနေရင် ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ကိုယ်လိမ်းတဲ့နေရာမှာ အရေပြားပါးလာမယ်၊ နီနီမျှင်မျှင် သွေးကြောလေးတွေ သိသိသာသာ ပေါ်လာမယ်၊ ထိခိုက်မိရင် အလွယ်တကူ ညိုမည်းစွဲလာမယ်၊ အကြောပြတ်ရာတွေပေါ်လာမယ်၊ ဆေးကြောင့် ရောင်ရမ်းဝက်ခြံတွေအများကြီး ထွက်လာမယ်၊ နှုတ်ခမ်းဘေးပတ်လည်က အရေပြားတွေ ရောင်ရမ်းလာမယ်၊ မျက်နှာကြီးက သိသိသာသာ နီမြန်းလာမယ်၊ အရေပြားကူးစက်ရောဂါတွေ ပိုဆိုးလာနိုင်သလို ရောဂါလက္ခဏာတွေ မပေါ်လာအောင် ဖုံးကွယ်သွားတဲ့ အခြေအနေတွေထိ ဆိုးရွားနိုင်ပါတယ်။
ဒီလိုဆိုးကျိုးတွေကြောင့် ရေရှည်မှာ အရေပြားက ပိုပါး၊ ပိုနီ၊ ပိုထိခိုက်လွယ်တဲ့ အခြေအနေရောက်ပြီး ကုသရ အရမ်းခက်ခဲတဲ့ အရေပြားပြဿနာတွေ တသီတတန်း ဖြစ်စေတော့တာပါပဲ။
ကိုယ်က steroid ပါတဲ့ cream တစ်ခုခုကို ပုံမှန် လိမ်းမိနေပြီဆိုရင်တော့ ဆက်လိမ်းဖို့လည်း မတွေးပါနဲ့၊ ကိုယ့်သဘောနဲ့ကိုယ် ချက်ချင်း ရုတ်တရက် လုံးဝဖြတ်ပစ်လိုက်ဖို့လည်း မလုပ်ပါနဲ့။ ကျွမ်းကျင်တဲ့ အရေပြားဆရာဝန် တစ်ဦးဦးနဲ့ တိုင်ပင်ပြသပြီးမှသာ ဒီ cream ကို လုံးဝရပ်ပစ်ရမလား၊ ဖြည်းဖြည်းချင်း လျှော့သွားရမလား ဒါမှမဟုတ် တခြား သင့်တော်တဲ့ ကုသမှုနဲ့ အစားထိုးရမလားဆိုတာ တတ်နိုင်သမျှ အစောဆုံး ဆွေးနွေးသင့်ပါတယ်။ Steroid ပါတဲ့ cream ကို ရပ်လိုက်ပြီးနောက်ပိုင်း မပျောက်ဘဲ ဆက်လက်နီမြန်းနေတာ၊ ပူစပ်ပူလောင်ဖြစ်နေတာ၊ ဝက်ခြံလို အဖုတွေထလာတာ၊ သွေးကြောမျှင်တွေ ပေါ်လာတာ၊ အရေပြားပါးသွားတာ ဒါမှမဟုတ် လက္ခဏာတွေ ပိုဆိုးလာတာမျိုးဆိုရင် မူလ cream ကို ပြန်မလိမ်းဘဲ ဆရာဝန်နဲ့ပဲ သေချာ ပြန်ပြပါ။ အရေးကြီးဆုံးက steroid ကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာတွေကို တခြား ဘာမှန်းမသိတဲ့ skincare တစ်ခုခုကို ထပ်ပြီး မသုံးသင့်ပါဘူး။ အရေပြား ပြန်လည်ကောင်းမွန်ဖို့ အချိန်ယူရမှာဖြစ်သလို ဖြစ်ပေါ်လာတဲ့ အရေပြား ပြဿနာအပေါ် မူတည်ပြီးမှ မှန်ကန်တဲ့ ကုသမှုကို ခံယူရမှာဖြစ်တာမို့ ဒီလိုအခြေအနေတွေမှာ စိတ်ရှည်ဖို့ အရမ်းအရေးကြီးပါတယ်။
ဒါဆို Steroids ပါတဲ့ ပစ္စည်းတိုင်းကို ကြောက်နေရတော့မှာလားလို့ မေးမယ်ဆိုရင်တော့ အရေပြား ကျွမ်းကျင်ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း မှန်မှန်ကန်ကန် သုံးရင် အရေပြား ရောင်ရမ်းစေတဲ့ ရောဂါတွေအတွက် အလွန် အသုံးဝင်ပြီး ထိရောက်တာမို့ ကြောက်စရာမလိုဘူးလို့ ဖြေရပါလိမ့်မယ်။ အသားအရေကောင်းမွန်လာစေဖို့ ကျွန်တော်တို့ ရေတို ဖြတ်လမ်းနည်း သုံးလို့မရပါဘူး။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရက်တိုတိုနဲ့ တကယ်သိသာစေတယ်လို့ ပြောနေတဲ့ skincare ပစ္စည်းတွေ တွေ့တိုင်း ယုံကြည်ပြီး ဝယ်မသုံးမိကြစေဖို့ ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ…
References:
- Oakley, A. (2016, January 4). Topical steroid. DermNet.
https://dermnetnz.org/topics/topical-steroid - American Academy of Dermatology Association. (n.d.). Psoriasis treatment: Corticosteroids you apply to the skin.
https://www.aad.org/…/treat…/medications/corticosteroids