အောက်တိုဘာလဟာ ကမ္ဘာတစ်ဝန်း ရင်သားကင်ဆာအသိပညာပေးလ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က “Every story is unique, every journey matters” ဆိုတဲ့ ဆောင်ပုဒ်ကို သတ်မှတ်ထားပါတယ်။ ဆိုလိုတာ ကတော့ ရင်သားကင်ဆာ ခံစား နေရသူတိုင်းရဲ့ အတွေ့အကြုံနဲ့ ရင်ဆိုင်ဖြတ်သန်းရတဲ့ အခက်အခဲတွေဟာ မတူညီကြပေမယ့် လူတစ်ဦးချင်းစီရဲ့ ခရီးလမ်းတိုင်းဟာ အရေးပါပြီး တန်ဖိုးထားခံရဖို့ ထိုက်တန်တယ်ဆိုတာပါပဲ။
တချို့က ရောဂါကို စောစောသိပြီး အချိန်မီကုသနိုင်ကြပေမယ့် တချို့ကတော့ ဆေးကုသစရိတ်၊ ခရီး အကွာအဝေး၊ ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တချို့ မှာ မိသားစုရဲ့ အပြည့်အဝပံ့ပိုးမှု ရရှိပေမယ့် တချို့မှာတော့ ရောဂါကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှုတွေကို တစ်ယောက်တည်း ရင်ဆိုင်နေရနိုင်ပါတယ်။ ဒါကြောင့် ရင်သားကင်ဆာ အကြောင်း ပြောကြတဲ့အခါ ရောဂါကို စောစောသိဖို့ တိုက်တွန်းရုံတင်မကဘဲ ရောဂါခံစားနေရသူ တွေကို နားလည်ပေးဖို့၊ ပံ့ပိုးကူညီဖို့နဲ့ လိုအပ်တဲ့ကုသမှုတွေ ရရှိနိုင်အောင် ဝိုင်းဝန်းဆောင်ရွက် ဖို့လည်း အရေးကြီးပါတယ်။
WHO ရဲ့ ၂၀၂၆ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းမှာ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၂.၄ သန်းခန့် ရင်သားကင်ဆာဖြစ်ပွားခဲ့ပြီး ၆၉၄,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာဖြစ်ပွားမှု တွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးဖြစ်ခြင်းနဲ့ အသက်ကြီးလာခြင်းတို့ကလွဲလို့ တခြားသီးသန့် သိရှိထားတဲ့ အန္တရာယ်ဖြစ်စေတဲ့အချက် မရှိပါဘူး။
ဒါကြောင့် မိသားစုထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူး သူ မရှိလည်း ကိုယ့်မှာ ဖြစ်နိုင်ခြေ လုံးဝကင်းသွားတာ မဟုတ်ဘူးဆိုတဲ့အချက်ကို မှတ်ထားဖို့ လိုပါ တယ်။
ရင်သားကင်ဆာအကြောင်း ပြောလိုက်တာနဲ့ လူအများစု ပထမဆုံးသတိရတာက ရင်သားမှာ အကျိတ်စမ်းမိတာပါပဲ။ အကျိတ်အသစ်တစ်ခု စမ်းမိလာတာဟာ သတိထားရမယ့် လက္ခဏာတစ်ခု ဖြစ်ပေမယ့် ရင်သားကင်ဆာတိုင်းမှာ အကျိတ်ကို လက်နဲ့စမ်းမိတာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ ရင်သားတစ်ဖက်ရဲ့ အရွယ်အစား၊ ပုံစံ ပြောင်းလာတာ၊ ရင်သားတစ်နေရာ ထူလာတာ၊ ဖောင်းလာ တာကနေ စပြီး သိသာတတ်ပါတယ်။
ဒါ့အပြင် ရင်သားအရေပြားမှာ ချိုင့်ဝင်တာ၊ တွန့်လာတာ၊ လိမ္မော်သီးအခွံလို မညီမညာဖြစ်လာတာ၊ နီရဲလာတာ၊ အရေပြားထူလာတာတွေကိုလည်း သတိထားဖို့ လိုပါတယ်။ အရင်က ပုံမှန်အတိုင်း ရှိခဲ့တဲ့ နို့သီးခေါင်းတစ်ဖက်က အတွင်းကို အသစ်ဆွဲဝင်လာတာ၊ နို့တိုက်နေချိန်မဟုတ်ဘဲ နို့သီးခေါင်း ကနေ အရည်ထွက်တာ၊ အထူးသဖြင့် သွေးရောနေတဲ့အရည် ထွက်လာတာ၊ ချိုင်းကြားမှာ အကျိတ် စမ်းမိတာတွေကလည်း ဆရာဝန်နဲ့ စစ်ဆေးသင့်တဲ့ လက္ခဏာတွေပါပဲ။ ဒီလက္ခဏာတွေဟာ ရေအိတ်တည်တာ၊ ဟော်မုန်းအပြောင်းအလဲ၊ ပိုးဝင်ရောင်ရမ်းတာနဲ့ တခြားကင်ဆာမဟုတ်တဲ့ ရင်သားရောဂါတွေ ကြောင့်လည်း ဖြစ်နိုင်သေးတဲ့အတွက် ဒါတွေ တွေ့တာနဲ့ ရင်သားကင်ဆာလို့တော့ လှေနံဓါးထစ် မှတ်လို့ မရပါဘူး။
ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာ အဖြစ်များတာ မှန်ပေမယ့် အမျိုးသား တွေမှာလည်း ရင်သားတစ်ရှူးတွေ ရှိတဲ့အတွက် ကင်ဆာဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားမှုဟာ အလွန်နည်းပါးပြီး အမေရိကန် နိုင်ငံရဲ့ စာရင်းတွေအရ ရင်သား ကင်ဆာလူနာ ၁၀၀ ဦးမှာ တစ်ဦးခန့်သာ အမျိုးသား ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဆိုရင်တော့ အများအားဖြင့် နို့သီးခေါင်းအနီးတစ်ဝိုက်မှာ မနာကျင်တဲ့အကျိတ် စမ်းမိတာ၊ နို့သီးခေါင်း အတွင်းကို ဆွဲဝင်လာတာ၊ နို့သီးခေါင်းကနေ သွေးရောတဲ့အရည်ထွက်တာနဲ့ ရင်သားအရေပြား ပြောင်းလဲ လာတာတွေကို တွေ့ရနိုင်ပါတယ်။
အမျိုးသားအများစုက ရင်သားကင်ဆာဟာ အမျိုးသမီးတွေရဲ့ ရောဂါလို့သာ ယူဆထားကြတဲ့အတွက် ရင်သားမှာ အကျိတ်စမ်းမိရင်တောင် အရေးတယူမရှိဘဲ နေတတ်ကြပါတယ်။ တချို့ကျတော့လည်း ရှက်ရွံ့တာ၊ ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲဆိုပြီး စိုးရိမ်တာတွေကြောင့် ဆေးခန်းပြဖို့ နောက်ကျ တတ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့လည်း ရင်သားနဲ့ နို့သီးခေါင်းမှာ ထူးခြားတဲ့ ပြောင်း လဲမှုတွေ ရှိလာရင် ပေါ့ပေါ့ဆဆ မထားဘဲ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။
ဒီနေရာမှာ ကိုယ့်ရင်သားရဲ့ ပုံမှန်အခြေအနေကို သိထားခြင်း (Breast Self-Awareness) ဆိုတာ အရေးပါလာပါတယ်။ အမျိုးသမီးတွေရဲ့ ရင်သားဟာ အသက်အရွယ်၊ ရာသီစက်ဝန်း၊ ကိုယ်ဝန် ဆောင်ချိန်၊ မိခင်နို့တိုက်ချိန်နဲ့ ဟော်မုန်းအပြောင်းအလဲတို့ကြောင့် ပုံစံနဲ့ တင်းရင်းမှု ပြောင်းလဲနိုင် ပါတယ်။ ဒါကြောင့် မိမိရင်သားက ပုံမှန်ဘယ်လိုရှိတတ်သလဲဆိုတာကို ကိုယ်တိုင် ရင်းနှီးနေဖို့ လိုပါ တယ်။ ရေချိုးရင်း၊ အဝတ်အစားလဲရင်း၊ မှန်ကြည့်ရင်း ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုရှိမရှိ သတိထား ကြည့်နိုင်ပါတယ်။
ရောဂါလက္ခဏာမရှိသေးသူတွေကို ကြိုတင်စစ်ဆေးခြင်း (Screening) နဲ့ လက္ခဏာတစ်ခုခု တွေ့ပြီး အကြောင်းရင်းရှာဖွေစစ်ဆေးခြင်း (Diagnostic Assessment) ဟာ မတူပါဘူး။ ရင်သားမှာ အကျိတ် အသစ် စမ်းမိနေပြီ၊ နို့သီးခေါင်းက သွေးထွက်နေပြီဆိုရင်တော့ ကြိုတင်စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ အသက်အရွယ်ရောက်တဲ့အထိ စောင့်နေစရာ မလိုပါဘူး။ ဆရာဝန်က ရင်သားကို စမ်းသပ်စစ်ဆေး ပြီး လိုအပ်သလို အာထရာဆောင်း (Ultrasound)၊ ရင်သားဓာတ်မှန် (Mammogram) နဲ့ အသားစ နမူနာယူစစ်ဆေးခြင်း (Biopsy) တွေ ပြုလုပ်နိုင်ပါတယ်။
ရောဂါလက္ခဏာမရှိသေးသူတွေမှာ Mammogram ကို ဘယ်အသက်ကစပြီး ဘယ်နှစ်နှစ်တစ်ကြိမ် စစ်ဆေးသင့်သလဲဆိုတာက နိုင်ငံအလိုက် လမ်းညွှန်ချက်တွေနဲ့ မိမိရဲ့ရောဂါဖြစ်နိုင်ခြေအပေါ် မူတည်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မိမိအသက်၊ ရောဂါဖြစ်နိုင်ခြေနဲ့ ရရှိနိုင်တဲ့ စစ်ဆေးမှုတွေ အပေါ် မူတည်ပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
မိသားစုဝင်တွေမှာ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ ဖြစ်ဖူးတာ၊ BRCA1/BRCA2 လို မျိုးရိုးဗီဇ ပြောင်းလဲမှုရှိတာ၊ ငယ်စဉ်က ရင်ဘတ်ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးတာ စတဲ့အခြေအနေတွေမှာ ရောဂါဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။ အသက်ကြီးလာတာ၊ သွေးဆုံးပြီး ကိုယ်အလေးချိန်များတာ၊ အရက်သောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းတာတွေကလည်း ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်စေနိုင်ပါတယ်။
ကိုယ်အလေးချိန်ထိန်းတာ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားတာ၊ အရက်ရှောင်တာနဲ့ မိခင်နို့တိုက်ကျွေးတာ တွေက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာကို ရာနှုန်းပြည့် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ မဟုတ်ပါဘူး။ ရင်သားကင်ဆာ ရောဂါဖြစ်လာခြင်းဟာ လူတစ်ဦးရဲ့ နေထိုင်မှုပုံစံ ကြောင့်ပဲလို့ သတ်မှတ်လို့ မရပါဘူး။
ရင်သားကင်ဆာဟာ စောစောသိရှိဖို့ အရေးကြီးသလို ရောဂါရှိကြောင်း အတည်ပြုပြီးနောက် သင့်တော်တဲ့ကုသမှုကို အချိန်မီ၊ ပြည့်ပြည့်ဝဝ ခံယူနိုင်ဖို့လည်း အရေးကြီးတဲ့ ရောဂါပါ။ ရောဂါအမျိုး အစားနဲ့ အဆင့်ပေါ်မူတည်ပြီး ခွဲစိတ်ကုသမှု၊ ဆေးဝါးကုသမှုနဲ့ ဓာတ်ရောင်ခြည်ကုသမှုတွေကို လိုအပ် သလို ခံယူရနိုင်ပါတယ်။ လူနာတစ်ဦးနဲ့တစ်ဦး ရောဂါအခြေအနေမတူသလို လိုအပ်တဲ့ ကုသမှုတွေ လည်း မတူညီနိုင်ပါဘူး။
ဒါပေမယ့် လူတိုင်းမှာ အချိန်မီစစ်ဆေးကုသနိုင်တဲ့ အခွင့်အရေး တန်းတူမရှိကြသေးပါဘူး။ WHO ရဲ့ ၂၀၂၆ ခုနှစ် အချက်အလက်တွေအရ ရင်သားကင်ဆာဖြစ်ပြီးနောက် အနည်းဆုံး ငါးနှစ် အသက်ရှင် နိုင်မယ့် အချိုးအစားဟာ ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာ ၄၁ ရာခိုင်နှုန်းခန့်သာရှိပြီး ဝင်ငွေမြင့်တဲ့နိုင်ငံ တွေမှာတော့ ၈၇ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ဒီလိုကွာခြားမှုတွေမှာ စောစောရောဂါရှာဖွေစစ်ဆေး နိုင်ခြင်း၊ အချိန်မီရောဂါအတည်ပြုနိုင်ခြင်းနဲ့ ထိရောက်တဲ့ကုသမှုတွေ လက်လှမ်းမီခြင်းတို့က အရေး ပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။
ရင်သားကင်ဆာလို့ သိလိုက်ရတဲ့အချိန်ကစပြီး လူနာတစ်ဦးချင်းစီမှာ ကြောက်ရွံ့တာ၊ စိုးရိမ်တာ၊ စိတ်ဓာတ်ကျတာ၊ မိသားစုနဲ့ အနာဂတ်အတွက် ပူပန်တာတွေ ဖြစ်လာနိုင်ပါတယ်။ တချို့မှာ ကုသမှု ကြောင့် ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန် ပြောင်းလဲလာတာ၊ အလုပ်အကိုင်နဲ့ နေ့စဉ်ဘဝအပေါ် ထိခိုက် တာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။
ဒီလိုအချိန်မှာ မိသားစု၊ မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ နားလည်ပေးမှု၊ အားပေးကူညီမှုတွေဟာ အလွန်အရေးကြီးပါတယ်။ လူနာရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးအနက် နားထောင်ပေးတာ၊ ဆေးခန်း သွားဖို့ ကူညီပေးတာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ဝိုင်းဝန်းပံ့ပိုးပေးတာတွေကလည်း အဓိပ္ပာယ် ရှိတဲ့ ကူညီမှုတွေပါပဲ။
အထူးသဖြင့် ရင်သားကင်ဆာဖြစ်နေသူတစ်ဦးကို အားပေးတဲ့အခါ “စိတ်ဓာတ်ခိုင်မာရမယ်”၊ “အမြဲ အကောင်းမြင်နေရမယ်” ဆိုပြီး ပြောလေ့ရှိကြတဲ့ ပတ်ဝန်းကျင်ရဲ့ အားပေးစကားတွေဟာ ဝေဒနာ ခံစားနေရသူအတွက် တစ်ခါတစ်ရံမှာ ဖိအားဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီလိုစကားတွေထက် သူတို့ရဲ့ ခံစားချက်တွေကို နားထောင်ပေးဖို့က ပိုအရေးကြီးပါတယ်။ လူနာတိုင်းမှာ မတူညီတဲ့ လိုအပ်ချက်တွေ ရှိနိုင်တာကြောင့် သူတို့ရဲ့ ဆန္ဒ၊ ဆုံးဖြတ်ချက်နဲ့ ဂုဏ်သိက္ခာကို လေးစားပေးဖို့လည်း လိုပါတယ်။
ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေဟာ ရောဂါမဖြစ်သေးသူတွေအတွက်ပဲ မဟုတ်ပါဘူး။ ရောဂါအတည်ပြုခံထားရသူတွေ၊ ကုသမှုခံယူနေသူတွေ၊ ကုသမှုပြီးဆုံးပြီး ဆက်လက် နေထိုင်နေသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်လည်း ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အတွေ့ အကြုံတွေ မတူညီပေမယ့် အားလုံးဟာ အလေးထားမှုနဲ့ ပံ့ပိုးကူညီမှုကို ရရှိဖို့ ထိုက်တန်ကြပါတယ်။
ဒီနှစ် WHO ရဲ့ ရင်သားကင်ဆာအသိပညာပေးဆောင်ပုဒ်က ကျွန်တော်တို့ကို သတိပေးနေတာ ကတော့ ရင်သားကင်ဆာကို တိုက်ဖျက်ခြင်းဆိုတာ ရောဂါကို ရှာဖွေကုသခြင်းတစ်ခုတည်း မဟုတ် ဘဲ ရောဂါခံစားနေရတဲ့ လူတစ်ဦးချင်းစီကိုပါ အလေးထားစောင့်ရှောက်ခြင်းဖြစ်တယ်ဆိုတဲ့ အချက် ပါပဲ။ လူတိုင်းရဲ့ အတွေ့အကြုံတွေ မတူညီကြပေမယ့် ခရီးလမ်းတိုင်းဟာ အရေးပါပါတယ်။ ရင်သား ကင်ဆာကို ဘယ်သူတစ်ဦးတစ်ယောက်မှ တစ်ယောက်တည်း ရင်ဆိုင်နေစရာ မလိုအောင် အတူ တကွ ပံ့ပိုးကူညီသင့်ကြပါတယ်။
References
1. WHO — Breast Cancer Awareness Month 2026: Every story is unique, every journey matters.
2. WHO — Breast cancer fact sheet, 3 July 2026.
3. WHO — Global Breast Cancer Initiative.
4. CDC — Symptoms of Breast Cancer.
5. CDC — Breast Cancer Risk Factors.
6. USPSTF — Breast Cancer Screening, 2024.
7. American Cancer Society — Recommendations for the Early Detection of Breast Cancer.
8. CDC — Breast Cancer in Men.
9. American Cancer Society — Signs and Symptoms of Breast Cancer in Men.