အရင်ကဆို စကားတွေ အများကြီးပြောတတ်တဲ့ ကလေးက အခုနောက်ပိုင်း အခန်းထဲမှာပဲ တစ်ယောက် တည်း နေချင်လာတယ်။ မေးလိုက်ရင်လည်း စိတ်တိုတတ်တယ်။ ကျောင်းစာကိုလည်း အရင်လို စိတ်မဝင်စားတော့ဘူး။ ဒါဟာ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ သဘာဝပဲလား။ ဒါမှမဟုတ် စိတ်ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာလား။
ဆယ်ကျော်သက်အရွယ်ဆိုတာ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းနေတဲ့ အရေးကြီးတဲ့ အချိန် ကာလတစ်ခု ဖြစ်ပါတယ်။ ဒီအရွယ်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးပြောင်းလဲလာသလို စိတ်ခံစားချက်၊ အတွေး အခေါ်၊ လူမှုဆက်ဆံရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံတွေပါ ပြောင်းလဲလာတတ်ပါတယ်။ စိတ်ခံစားချက် အတက်အကျရှိတာ၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ပိုလိုချင်လာတာ၊ မိဘတွေထက် သူငယ်ချင်းတွေနဲ့ ပို အချိန်ကုန်ချင်လာတာတွေဟာ ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှုရဲ့ သဘာဝ အစိတ်အပိုင်းတွေ ဖြစ်ပါ တယ်။ ဒါပေမဲ့ စိတ်ခံစားချက်နဲ့ အပြုအမူပြောင်းလဲမှုတွေဟာ အချိန်ကြာမြင့် လာပြီး နေ့စဉ်ဘဝကို ထိခိုက်လာပြီဆိုရင်တော့ စိတ်ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေသလားဆိုတာ သတိထားဖို့ လိုအပ် ပါတယ်။
➢ ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးပြဿနာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် ၇ ယောက်မှာ ၁ ယောက်ခန့်ဟာ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါ တစ်မျိုးမျိုးကို ခံစားနေရပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေထဲမှာ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ရောဂါ (Anxiety Disorders)၊ စိတ်ကျရောဂါ (Depression) နဲ့ အပြုအမူပိုင်းဆိုင်ရာ ရောဂါတွေ ပါဝင်ပါတယ်။
စိတ်ကျန်းမာရေးပြဿနာတွေကို အချိန်မီ သတိမပြုမိဘဲ လျစ်လျူရှုထားမယ်ဆိုရင် ပညာရေး၊ မိသားစု ဆက်ဆံရေးနဲ့ လူမှုဘဝကို ထိခိုက်စေနိုင်သလို လူကြီးဘဝအထိလည်း ဆက်လက် သက်ရောက်နိုင်ပါ တယ်။
စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပိုသတိထားသင့်တဲ့ အချက်တစ်ခုကတော့ မိမိကိုယ်ကိုယ် သတ်သေ ခြင်း (Suicide) ဖြစ်ပါတယ်။ WHO ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်မှာ အသက် ၁၅ နှစ်ကနေ ၂၉ နှစ်အရွယ် လူငယ်တွေ သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းဟာ တတိယအများဆုံး အကြောင်းရင်းဖြစ်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ဆယ်ကျော်သက်တွေသာမက အသက် ၂၀ ကျော်လူငယ်တွေပါ ပါဝင်တဲ့ အသက်အုပ်စုအတွက် ဖြစ်ပါတယ်။
➢ ဆယ်ကျော်သက်တွေမှာ စိတ်ကျန်းမာရေးအပေါ်သက်ရောက်မှုရှိနိုင်တဲ့ အကြောင်းတရားများ
ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးကို သက်ရောက်စေတဲ့ အကြောင်းရင်းတွေက တစ်ခုတည်း မဟုတ်ပါဘူး။ မိသားစုအတွင်း ပဋိပက္ခတွေ၊ မိဘတွေရဲ့ အလွန်အကျွံ မျှော်လင့်ချက်တွေ၊ ကျောင်းစာနဲ့ စာမေးပွဲဖိအားတွေ၊ သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်မှု (Bullying) နဲ့ လူမှုကွန်ရက်ပေါ်မှာ အခြားသူတွေနဲ့ မိမိကိုယ်ကိုယ် နှိုင်းယှဉ်မိတာတွေက စိတ်ဖိစီးမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆင်းရဲနွမ်းပါးမှု၊ မိသားစုဝင်တွေနဲ့ ခွဲခွာနေရခြင်း၊ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကို ကြုံတွေ့ရခြင်း၊ နေရပ်စွန့်ခွာရခြင်းတို့ ကလည်း ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဒါပေမယ့် ဒီအကြောင်းတရားတွေက လူတစ်ယောက်ချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်၊ အတွေ့အကြုံ နဲ့ ပတ်ဝန်းကျင်က ပံ့ပိုးကူညီမှုတွေပေါ် မူတည်ပြီး စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ကွာခြား နိုင်ပါတယ်။
➢ ဘယ်လိုလက္ခဏာတွေကို သတိထားသင့်သလဲ
ဆယ်ကျော်သက်တွေမှာ စိတ်ကျန်းမာရေးပြဿနာရှိလာတဲ့အခါ တချို့က ဝမ်းနည်းပြီး တိတ်ဆိတ်သွား တတ်သလို တချို့ကတော့ စိတ်တိုလွယ်လာတာ၊ ဒေါသထွက်လွယ်လာတာမျိုးနဲ့ ပြသတတ်ပါတယ်။
သတိထားသင့်တဲ့ လက္ခဏာတွေကတော့—
• အချိန်ကြာမြင့်စွာ ဝမ်းနည်းနေခြင်း၊ စိတ်ဓာတ်ကျနေခြင်း သို့မဟုတ် စိတ်တိုလွယ်လာခြင်း
• အရင်က ဝါသနာပါတဲ့ အရာတွေကို စိတ်မဝင်စားတော့ခြင်း
• မိသားစု၊ သူငယ်ချင်းတွေနဲ့ မပေါင်းသင်းချင်တော့ဘဲ တစ်ယောက်တည်း နေချင်လာခြင်း
• အိပ်စက်မှုပုံစံနဲ့ အစားအသောက်စားသုံးမှုပုံစံ သိသိသာသာ ပြောင်းလဲလာခြင်း
• ကျောင်းစာအပေါ် အာရုံစူးစိုက်ရခက်ခဲလာခြင်း၊ ပညာရေးစွမ်းဆောင်ရည် ကျဆင်းလာခြင်း
• အလွန်အမင်း စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း
• မိမိကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားလာခြင်း၊ မျှော်လင့်ချက်မဲ့လာခြင်းတို့ ဖြစ်ပါတယ်။
ဒီလက္ခဏာတွေ ဆက်တိုက်ဖြစ်နေပြီး ကျောင်းတက်ခြင်း၊ မိသားစုဆက်ဆံရေးနဲ့ နေ့စဉ်လုပ်ငန်း ဆောင်တာတွေကို ထိခိုက်လာပြီဆိုရင်တော့ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။
အထူးသဖြင့် မိမိကိုယ်ကိုယ် ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်း၊ သေချင်တဲ့အကြောင်း ပြောဆိုခြင်းတို့ ရှိလာရင်တော့ သာမန်ဆယ်ကျော်သက်အပြုအမူလို့ မယူဆဘဲ အရေးပေါ်အန္တရာယ်ရှိမရှိ ချက်ချင်း စစ်ဆေးပြီး လိုအပ်တဲ့ အကူအညီကို ရယူပေးဖို့ လိုအပ်ပါတယ်။
➢ ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်ပေးနိုင်မလဲ
ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးကို စောင့်ရှောက်ဖို့ဆိုတာ စိတ်ကျန်းမာရေးပြဿနာ ဖြစ်လာမှ ကုသပေးရတာမျိုး မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစွာ ဖွံ့ဖြိုးလာနိုင်ဖို့ ပံ့ပိုးပေးခြင်း ကလည်း အရေးကြီးပါတယ်။
ပထမဆုံးအနေနဲ့ နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ဆယ်ကျော်သက်တစ်ယောက်က သူ့ရဲ့ စိတ်ခံစား ချက်တွေကို ဖွင့်ဟပြောပြလာတဲ့အခါ “ဒီလောက်လေးနဲ့ စိတ်ညစ်နေရသလား”၊ “နင်တို့အရွယ်မှာ ဘာစိတ်ဖိစီးစရာရှိလို့လဲ” ဆိုတဲ့ စကားမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သူတို့ရဲ့ ပြဿနာတွေဟာ လူကြီးတွေအတွက် သေးငယ်တယ်လို့ ထင်ရပေမယ့် သူတို့အတွက်တော့ အလွန်အရေးကြီးနေနိုင် ပါတယ်။
ဒုတိယအချက်အနေနဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံတွေကို အားပေးသင့်ပါတယ်။ အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ အာဟာရမျှတစွာ စားသောက်ခြင်းနဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန် ကုန်ဆုံးခြင်းတို့ဟာ စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ လူမှုကွန်ရက် အသုံးပြုမှုကိုလည်း အိပ်စက်ချိန်၊ ပညာရေးနဲ့ လူမှုဆက်ဆံရေးတွေ မထိခိုက်စေဖို့ မျှတစွာ အသုံးပြု တတ်အောင် လမ်းညွှန်ပေးသင့်ပါတယ်။
တတိယအချက်အနေနဲ့ စိတ်ခံစားချက်တွေကို ဖော်ပြခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဝမ်းနည်းတာ၊ စိတ်ဆိုး တာ၊ ကြောက်ရွံ့တာတွေဟာ လူတိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝစိတ်ခံစားချက်တွေ ဖြစ်ပါတယ်။ ဒီခံစား ချက်တွေကို ဖိနှိပ်ထားဖို့ထက် ဘယ်လိုနားလည်လက်ခံပြီး ကျန်းမာတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ သင်ကြားပေးဖို့ ပိုအရေးကြီးပါတယ်။
စတုတ္ထအချက်အနေနဲ့ လုံခြုံပြီး အားပေးကူညီမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်ပါတယ်။ မိသားစု အတွင်း အကြမ်းဖက်မှုနဲ့ အနိုင်ကျင့်မှုတွေကို ကာကွယ်ပေးခြင်း၊ ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ ပြဿနာ တွေကို ဖြေရှင်းပေးခြင်းနဲ့ ဆယ်ကျော်သက်တွေရဲ့ ထင်မြင်ယူဆချက်တွေကို လေးစား ပေးခြင်းတို့က စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ပေးနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ လိုအပ်တဲ့အခါ ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူသင့်ပါတယ်။ စိတ်ကျန်းမာရေး ပြဿနာတွေဟာ စိတ်ဓာတ်ပျော့ညံ့လို့ ဖြစ်လာတာ မဟုတ်ပါဘူး။ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုလွန်ကဲ တဲ့ရောဂါတွေအပါအဝင် စိတ်ကျန်းမာရေးပြဿနာများစွာကို သင့်လျော်တဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေနဲ့ အခြားလိုအပ်တဲ့ ကုသမှုတွေ အသုံးပြုပြီး သက်သာကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။
ဆယ်ကျော်သက်တစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ဆိုတိုင်း သူတို့ရဲ့ ပြဿနာ အားလုံးကို လူကြီးတွေက ဖြေရှင်းပေးရမယ်လို့ ဆိုလိုနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးခြင်း၊ လိုအပ်တဲ့အခါ အကြံဉာဏ်ပေးခြင်း၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင် စွမ်းတွေ ဖွံ့ဖြိုးလာအောင် ပံ့ပိုးပေးခြင်းတို့က ပိုမိုအရေးကြီးပါတယ်။
တစ်ခါတစ်ရံမှာ ဆယ်ကျော်သက်တွေအတွက် အကြီးမားဆုံး လိုအပ်ချက်ဟာ ပြဿနာကို ချက်ချင်း ဖြေရှင်းပေးနိုင်တဲ့သူထက် သူတို့ရဲ့ စကားကို အပြစ်မတင်ဘဲ နားထောင်ပေးမယ့်သူ၊ အခက်အခဲတွေ ကြားမှာ သူတို့တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ခံစားရစေမယ့်သူ ဖြစ်နေနိုင်ပါတယ်။
ဆယ်ကျော်သက်အရွယ်ဟာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနိုင်တဲ့အရွယ်ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့ အရေးကြီးတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးခြင်း ဟာ သူတို့ရဲ့ လက်ရှိဘဝကို သာမက အနာဂတ်ဘဝကိုပါ စောင့်ရှောက်ပေးခြင်း ဖြစ်ပါတယ်။ မိသားစု၊ ကျောင်းနဲ့ ပတ်ဝန်းကျင်က နားလည်မှု၊ လေးစားမှုနဲ့ အားပေးကူညီမှုတွေဟာ လူငယ်တွေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစွာ ကြီးပြင်း လာနိုင်ဖို့ အရေးပါတဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။
References
1. World Health Organization. (2025). Mental health of adolescents.
2. ACT for Youth. Adolescent Mental Health.
3. World Health Organization. (2024). Adolescent and young adult health.