အသက်အရွယ်ရလာတဲ့ အမျိုးသားတွေမှာ ဆီးသွားရခက်တာ၊ ဆီးအားနည်းလာတာ၊ ညဘက် ဆီး ခဏခဏထသွားရတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဆီးသွားရခက်တဲ့ ပြဿနာ တွေဟာ ဆီးကျိတ်ကြီးခြင်းကြောင့် ဖြစ်နိုင်ပြီး စနစ်တကျ စစ်ဆေးကုသမှုခံယူရင် သက်သာနိုင်ပါတယ်။
ဆီးကျိတ် (Prostate) ဆိုတာ အမျိုးသားတွေမှာပဲရှိတဲ့ သစ်ကြားသီးအရွယ် ဂလင်းတစ်ခု ဖြစ်ပြီး ဆီးအိမ်ရဲ့အောက်ဘက်မှာ တည်ရှိပါတယ်။ ဆီးအိမ်ကနေ ဆီးထွက်လာတဲ့ ဆီးလမ်းကြောင်းရဲ့ အစပိုင်းကို ဝန်းရံထားပြီး သုတ်ရည်မှာပါဝင်တဲ့ အရည်တချို့ကို ထုတ်လုပ်ပေးပါတယ်။
အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ဆက်စပ်ပြီး ဆီးကျိတ် တစ်ရှူးတွေက တဖြည်းဖြည်း ကြီးထွားလာနိုင်ပါတယ်။ ဒီလို ကင်ဆာမဟုတ်ဘဲ ဆီးကျိတ်ကြီးလာတဲ့ အခြေအနေကို Benign Prostatic Hyperplasia (BPH) လို့ ခေါ်ပါတယ်။
ဒီအခြေအနေမှာ ဆီးကျိတ်ကြီးလာတဲ့အတွက် ဆီးကျိတ်က ဆီးလမ်းကြောင်းကို ဖိမိပြီး ဆီးထွက်ဖို့ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဥပမာပြောရရင် ရေပိုက်တစ်ခုကို အပြင်ကနေ ဖိထားသလိုမျိုးပါပဲ။ ပိုက်ကျဉ်းသွားတဲ့အခါ ရေစီးအား နည်းလာသလို ဆီးလမ်းကြောင်း ကျဉ်းလာတဲ့အခါ ဆီးသွားရ ခက်လာနိုင်ပါတယ်။
ဆီးကျိတ်ကြီးခြင်းဟာ အသက် ၅၀ ကျော် အမျိုးသားတွေမှာ ပိုမိုတွေ့ရတတ်ပြီး အသက်ကြီးလာတာ နဲ့အမျှ ဖြစ်နိုင်ခြေလည်း ပိုများလာပါတယ်။ ဒါပေမယ့် ဆီးကျိတ်ကြီးတဲ့ လူတိုင်းမှာ ဆီးသွားရခက်တဲ့ လက္ခဏာတွေ မဖြစ်ပေါ်တတ်ပါဘူး။
-ဆီးကျိတ်ကြီးလာရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ။-
ဆီးကျိတ်ကြီးလာတဲ့အခါ အများဆုံးတွေ့ရတဲ့ လက္ခဏာတွေကတော့ ဆီးသွားဖို့ စောင့်နေရတာ၊ ဆီးအားနည်းလာတာ၊ ဆီးရပ်လိုက် ထွက်လိုက်ဖြစ်တာနဲ့ ဆီးသွားပြီးပေမယ့် ဆီးမကုန်သေးသလို ခံစားရတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးခဏခဏသွားချင်တာ၊ ဆီးသွားချင်စိတ်ပေါ်လာရင် မအောင့်ထားနိုင်တာ၊ ညဘက် အိပ်ရာကနေ ဆီးထသွားရတာတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။
ဒီလက္ခဏာတွေဟာ အစပိုင်းမှာ မသိသာပေမယ့် တဖြည်းဖြည်း ပိုဆိုးလာနိုင်ပါတယ်။ တချို့မှာတော့ ဆီးအိမ်ထဲ ဆီးကျန်နေတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးအိမ်ကျောက်တည်ခြင်းနဲ့ ဆီးလုံးဝမထွက်တော့ခြင်းတို့အထိ ဖြစ်လာနိုင်ပါတယ်။ ပြင်းထန်တဲ့ ဆီးလမ်းကြောင်း ပိတ်ဆို့မှု ခံစားရသူတွေမှာဆိုရင် ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်အထိ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဆီးသွားရခက်တိုင်း ဆီးကျိတ်ကြီးခြင်းကြောင့်လို့ တရားသေ ပြောလို့တော့ မရပါဘူး။ အခြား အကြောင်းအရာတွေဖြစ်တဲ့ ဆီးချိုရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ တခြားရောဂါ တွေကြောင့် လည်း အလားတူလက္ခဏာတွေ ဖြစ်နိုင်တာကြောင့် ဆီးသွားရခက်နေရင် ဆရာဝန်နဲ့ ပြသစစ်ဆေး ကြည့်လိုက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။
-ဆီးကျိတ်ကြီးခြင်းက ဆီးကျိတ်ကင်ဆာ ဖြစ်သွားနိုင်သလား။-
ဆီးကျိတ်ကြီးခြင်းနဲ့ ဆီးကျိတ်ကင်ဆာဟာ မတူညီတဲ့ ရောဂါနှစ်မျိုးဖြစ်ပါတယ်။ ဆီးကျိတ်ကြီးခြင်း (BPH) ဟာ ကင်ဆာမဟုတ်သလို နောက်ပိုင်းမှာ ကင်ဆာအဖြစ် ပြောင်းလဲသွားတဲ့ ရောဂါလည်း မဟုတ်ပါဘူး။
ဒါပေမယ့် ဆီးကျိတ်ကင်ဆာနဲ့ ဆီးကျိတ်ကြီးခြင်းမှာ တချို့လက္ခဏာတွေ ဆင်တူနိုင်ပြီး လူတစ် ယောက်တည်းမှာ ရောဂါနှစ်မျိုးလုံး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဆီးသွားတဲ့ပုံစံ ပြောင်းလဲလာရင် အသက်ကြီးလို့ပဲဆိုပြီး မပေါ့ဆသင့်ပါဘူး။
-ဆီးကျိတ်ကြီးခြင်းကို ကာကွယ်လို့ရသလား။-
ဆီးကျိတ်ကြီးခြင်းဟာ အသက်အရွယ်နဲ့ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ဆက်စပ်နေတဲ့အတွက် လုံးဝမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းကို လက်ရှိအချိန်အထိ မတွေ့ရှိသေးပါဘူး။
ဒါပေမယ့် ကိုယ်အလေးချိန်ကို သင့်တင့်အောင် ထိန်းသိမ်းတာ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ် တာ၊ အာဟာရမျှတစွာ စားသောက်တာတွေဟာ ကျန်းမာရေးအတွက် အကျိုးရှိပြီး ဆီးသွားခြင်း ဆိုင်ရာ ပြဿနာအချို့ကိုလည်း လျော့နည်းစေနိုင်ပါတယ်။
ဆီးသွားရခက်တဲ့ လက္ခဏာတွေ ရှိနေသူတွေအနေနဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်သောက်သုံးမှု ကို လျှော့ချတာ၊ အိပ်ရာဝင်ခါနီး အရည်အများကြီး မသောက်တာ၊ ဆီးသွားချင်တဲ့အခါ အကြာကြီး မအောင့်ထားတာတွေက လက္ခဏာသက်သာစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။
-ဆီးကျိတ်ကြီးခြင်းကို ကုသလို့ရသလား။-
ဆီးကျိတ်ကြီးခြင်းဟာ ကုသလို့ရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကုသမှုကတော့ လက္ခဏာ ဘယ်လောက်ပြင်းထန်သလဲ၊ နေ့စဉ်ဘဝကို ဘယ်လောက်ထိခိုက်နေသလဲဆိုတဲ့ အခြေအနေတွေ အပေါ် မူတည်ပါတယ်။
လက္ခဏာမပြင်းထန်တဲ့သူတွေမှာ နေထိုင်စားသောက်မှုပုံစံ ပြုပြင်တာနဲ့ ဆရာဝန်ထံ ပုံမှန်ပြန်ပြပြီး စောင့်ကြည့်တာမျိုး ပြုလုပ်နိုင်ပါတယ်။
ဆီးသွားရခက်တဲ့ လက္ခဏာတွေ ပိုမိုပြင်းထန်လာရင်တော့ ဆီးလမ်းကြောင်းတစ်ဝိုက်က ကြွက်သား တွေကို ပြေလျော့စေပြီး ဆီးသွားရလွယ်ကူစေတဲ့ ဆေးဝါးတွေ၊ ဆီးကျိတ်အရွယ်အစားကို တဖြည်း ဖြည်း လျော့ကျစေနိုင်တဲ့ ဆေးဝါးတွေကို ဆရာဝန်က ညွှန်ကြားပေးလေ့ရှိကြပါတယ်။
ဆေးဝါးနဲ့ မသက်သာသူတွေ၊ ဆီးလမ်းကြောင်းပိတ်ဆို့မှုကြောင့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာသူတွေမှာတော့ ခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။ ခွဲစိတ်ကုသမှုမှာ ဆီးလမ်းကြောင်းကို ပိတ်ဆို့နေတဲ့ ဆီးကျိတ်တစ်ရှူးတွေကို ဖယ်ရှားပေးတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။
ဒါကြောင့် ဆီးကျိတ်ကြီးတိုင်း ခွဲစိတ်ဖို့ မလိုအပ်ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဆေးသောက်ရုံနဲ့ လူတိုင်း သက်သာမယ်လို့လည်း ပြောလို့ရတဲ့ ရောဂါ မဟုတ်ပါဘူး။
-ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ။-
ဆီးသွားရခက်တာ၊ ဆီးအားနည်းတာ၊ ဆီးခဏခဏသွားရတာတွေ ဆက်တိုက်ဖြစ်နေပြီး နေ့စဉ်ဘဝ ကို ထိခိုက်လာရင် ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။ ဆရာဝန်က ရောဂါရာဇဝင် မေးမြန်းတာ၊ ဆီးစစ်တာနဲ့ လိုအပ်တဲ့ တခြားစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေပေးနိုင် ပါတယ်။
အထူးသဖြင့် ဆီးသွားချင်ပေမယ့် ဆီးလုံးဝမထွက်တော့တာ၊ ဝမ်းဗိုက်အောက်ပိုင်း တင်းဖောင်းပြီး ပြင်းပြင်းထန်ထန် နာကျင်လာတာမျိုး ဖြစ်ရင်တော့ အရေးပေါ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆီးသွားရခက်တာနဲ့အတူ ဖျားပြီး ချမ်းတုန်တာ၊ ဆီးထဲ သွေးခဲပါပြီး ဆီးပိတ်တာမျိုးရှိရင်လည်း အရေးပေါ်ပြသသင့်ပါတယ်။ ဆီးထဲ သွေးပါလာရင် နာကျင်မှုမရှိရင်တောင် ဆရာဝန်နဲ့ စစ်ဆေးသင့် ပါတယ်။
ဆီးကျိတ်ကြီးခြင်းဟာ အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါ အဖြစ်များတဲ့ ကျန်းမာရေးပြဿ နာတစ်ခုဖြစ်ပေမယ့် စောစောသိရှိပြီးသင့်တော်တဲ့ ကုသမှုခံယူမယ်ဆိုရင် ခံစားရမယ့် လက္ခဏာ တွေကို သက်သာ စေနိုင်သလို မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
References
1. National Institute of Diabetes and Digestive and Kidney Diseases (NIDDK). Benign Prostatic Hyperplasia (Enlarged Prostate).
2. European Association of Urology (EAU). Guidelines on the Management of Non-neurogenic Male Lower Urinary Tract Symptoms.
3. National Institute for Health and Care Excellence (NICE). Lower Urinary Tract Symptoms in Men: Management (CG97).
4. NHS. Benign Prostate Enlargement.