အမျိုးတို့ရေ၊ အသီးကိုစား… အရွက်ကိုကြော်… အမေသောက်ရင်ဖြင့် … သားဝမ်းဝသလေ ဆိုတဲ့ ဆေးဘက်ဝင်အပင်ကို သိကြလားရှင့်။ တကယ်တော့ အဲဒီအပင်က အခု စာချိုးထက်ကို ပိုပြီးတော့ လူ့ကျန်းမာရေးအတွက် အသုံးတည့်တာရှင့်။ ကဲ… ကဲ… စဉ်းစားမနေတော့နဲ့။ မယ်ကြော့ပဲ ပြောပြလိုက်တော့မယ်။ တခြားမဟုတ်ပါဘူးတော်။ အဲဒီအပင်က အမျိုးတို့ အိမ်ဝိုင်းထဲတောင် ရှိချင်ရှိနေဦးမှာ။ အဲဒါက ဒန့်သလွန်ပင်လေ။ မြန်မာနိုင်ငံမှာဆို ဒေသမရွေးဘဲ ပေါက်တတ်တဲ့ အပင်ပါတော်။ နောက်ပြီး အသီးကသာ ၁၂ ရာသီ မပေါက်တာ၊ အရွက်ကတော့ ၁၂ ရာသီ ရတဲ့ အပင်မျိုးတော့။
Moringa oleifera လို့ အင်္ဂလိပ်လို အသုံးရှိတဲ့ ဒန့်သလွန်ပင်က ဒီကနေ့ခေတ် ခေတ်မီဆေးပညာနယ်ပယ်မှာ အကျယ်အပြန့် ဆန်းစစ်မှုတွေ လုပ်ပြီး မသုံးခင်ကတည်းက မြန်မာမှာတော့ တိုင်းရင်းဆေးတစ်ဖြစ်လည်း အစားအစာအဖြစ် သုံးခဲ့တာပါ။ ကုလသမဂ္ဂ လက်အောက်ခံ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကတော့ ဒန့်သလွန်ပင်ဟာ အပင်ကနေ ရတဲ့ (သဘာဝအတိုင်း ပါဝင်တဲ့ ဓာတုဒြပ်ပေါင်း) များစွာ ပေါကြွယ်ဝပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ ရနိုင်တဲ့ အရင်းအမြစ်တစ်ခုလို့ ဆိုထားပါတယ်။
ပါဝင်တဲ့ ဇီဝတက်ကြွဒြပ်ပေါင်းတွေထဲမှာ ဆဲလ်တွေကို ပုံမှန်ထက် ပိုပွားလာတာကို ဟန့်တားပေးတဲ့ Antiproliferative၊ အသည်းကို ကာကွယ်ပေးတဲ့ Hepatoprotective၊ ရောင်ရမ်းတာကို လျှော့ချပေးတဲ့ Anti-inflammatory၊ နာကျင်မှု ခံစားရတာကို လျှော့ချပေးတဲ့ Antinociceptive၊ သွေးကြောနံရံမှာ အဆီတွေ စုပုံပြီး သွေးကြောကျဉ်းလာတာတွေ ဖြစ်လာနိုင်မှုကို တားဆီးနိုင်တဲ့ Anti-atherosclerotic တွေ ပါဝင်ပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်က အစားအစာကို စွမ်းအင်အဖြစ် ပြောင်းလဲတဲ့အခါ၊ ဒါမှမဟုတ် အသက်ရှူတဲ့အခါ စတဲ့ ပုံမှန်ဇီဝဖြစ်စဉ်တွေမှာ Free radicals / Reactive Oxygen Species (ROS) ဆိုတဲ့ တုံ့ပြန်မှုကို မြန်စေတဲ့ မော်လီကျူးအနည်းငယ် ထွက်လာစေပြီး ဒါကို Antioxidant စနစ်က ထိန်းချုပ်ပေးပါတယ်။ ဒီလိုအချိန်မှာ ROS က ရှိသင့်တာထက် များလာပြီး Antioxidant စနစ်က မထိန်းချုပ်နိုင်တော့ရင် Oxidative Stress ဖြစ်ပြီး ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ DNA ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကို ကာကွယ်နိုင်တဲ့ Oxidative DNA damage protective ဒြပ်ပေါင်းဟာ ဒန့်သလွန်ရွက်မှာ သဘာဝအတိုင်း ပါဝင်ပြီး Cardioprotective ဆိုတဲ့ နှလုံးနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေကို ကာကွယ်ပေးပြန်ပါတယ်။
မြန်မာ့ဓလေ့မှာတော့ ဒန့်သလွန်ရွက်ကို နေ့စဉ်မှန်မှန် စားပေးတာဟာ ခန္ဓာကိုယ်ထဲက ပျစ်နေတဲ့ သွေးတွေကိုတောင် ကျဲစေပြီး တက်နေတဲ့ သွေးကိုတော့ ကျစေတယ်လို့ ဆိုကြပါတယ်။ အနည်းငယ် ချိုပြီး ဖန်တဲ့အရသာရှိတဲ့ ဒန့်သလွန်ဟာ ဝမ်းမီးကို တောက်စေသလို အစာကိုလည်း ကျေညက်စေပါတယ်။ ပြီးတော့ နှုတ်ကိုမြိန်စေသလို မျက်စိကိုလည်း အကျိုးပြုတယ်လို့ မြန်မာ့တိုင်းရင်းဆေးကျမ်းတွေကို ကိုးကားပြီး စာရေးဆရာ မောင်ယဉ်နွယ်က သူ့ရဲ့ “စားတတ်လျှင် ဆေး – မစားတတ်လျှင် ဘေး” ဆိုတဲ့ စာအုပ်မှာ အကျယ်တဝင့် ရေးထားပါတယ်။
ကိုယ်က သွေးတက်၊ သွေးတိုးရှိတယ်ဆိုရင်တော့ ဒန့်သလွန်ရွက်ကို ငရုတ်ကောင်း၊ ကြက်သွန်ဖြူနဲ့ ဟင်းခါးပုံစံနဲ့ သောက်ပေးရင် သက်သာစေသလို သုံးခွက်တစ်ခွက်တင် ပြုတ်ကျိုပြီး သောက်ရင်လည်း သွေးတိုးကျစေတယ်လို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးကောင်စီနဲ့ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်းပြုစုထားတဲ့ “အသုံးဝင်ဆေးပင်များနှင့် မြန်မာ့တိုင်းရင်းဆေးနည်းလက်စွဲ” မှာ ဖော်ပြထားပါတယ်။
ဒန့်သလွန်ရွက်ဟာ မီးနေသည်အမျိုးသမီးတွေနဲ့ ကလေးငယ်အတွက်လည်း အသုံးတည့်တဲ့ ဆေးဘက်ဝင်အစားအစာပါ။ နို့မထွက်တဲ့ မီးနေသည်တွေအတွက် ဒန့်သလွန်ရွက်ဟင်းခါး သောက်ပေးရင် နို့ရည် ဖြိုင်ဖြိုင်ထွက်စေသလို ကလေးတွေ တုတ်ကောင်၊ သန်ကောင်ကြောင့် ဗိုက်ပူနံကားဖြစ်နေရင်လည်း ဒန့်သလွန်သီးကို ဟင်းအဖြစ်သာ ချက်ကျွေးလိုက်ပါ။
အမြင့် ၂၅ ပေလောက်အထိ မြင့်တတ်တဲ့ ပင်လတ်အမျိုးအစား ဒန့်သလွန်ဟာ ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ ပေးပါတယ်။ မြန်မာ့တိုင်းရင်းဆေးနည်းလက်စွဲမှာဆိုရင် ဆီးချိုရောဂါဖြစ်ရင် အမြစ်ကြိတ်၊ ဒါမှမဟုတ် အစေ့ကို အက်ကွဲရုံကြိတ်ပြီး ရေနဲ့စိမ်၊ ရလာတဲ့ အရည်ကြည်ကို သောက်ပေးရင် ဆီးချိုကို သက်သာစေသလို မကြာခဏ ဆီးသွားတတ်တဲ့ ဆီးလွန်ဝေဒနာ ခံစားရရင် ဒန့်သလွန်သီးခြောက် အတွင်းသားကို အမှုန့်လုပ်၊ ပြီးရင် နေ့စဉ် သကြားနဲ့ရောသောက်ပေးရင် ဆီးသွားများတာကို သက်သာစေပါသတဲ့။
အမျိုးတို့ရေ… အခုဆိုရင် နိုင်ငံတကာမှာ ဒန့်သလွန်ကို အမှုန့်လုပ်ပြီး ဆေးဝါးအဖြစ်တောင် သောက်သုံးတာတွေ ရှိနေကြပြီတဲ့တော်။ မြန်မာပြည်မှာလည်း ဒန့်သလွန်ရွက်ဆေးဆိုပြီး ဆေးအဖြစ် ထုတ်လုပ်ရောင်းချနေတာတောင် ရှိပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက ဒီလိုဆေးတွေကို Supplement အနေနဲ့ သောက်သုံးတာဟာ အစားအစာအဖြစ် သင့်တင့်မျှတစွာ စားသုံးတာနဲ့ မတူဘူးဆိုတာပါနော်။
ဒန့်သလွန်ဖြစ်ရင် ပြီးရော၊ အရွက်ဖြစ်ဖြစ်၊ အမှုန့်ကို ဆေးလုပ်ထားတာဖြစ်ဖြစ် သောက်မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ လိုပါတယ်။ အထူးသဖြင့် ဆီးချိုနဲ့ပတ်သက်တာ၊ သွေးတိုးနဲ့ပတ်သက်တာ၊ နှလုံးနဲ့ အတက်ရောဂါတွေအတွက် ဆေးဝါးသုံးစွဲနေရတာ၊ ပိုးသတ်ဆေး သောက်နေရသူတွေဖြစ်ရင်တော့ ပိုလို့တောင် သတိထားသင့်ပါတယ်။
သက်ရှိလူသားတွေကို သုံးပြီး လေ့လာထားတဲ့ ဆန်းစစ်မှုအရ ဒန့်သလွန်ရွက်မှာပါတဲ့ ဓာတုဒြပ်ပေါင်းတွေဟာ တန်ဖိုးရှိပေမယ့် တခြားသော ဆေးဝါးတွေနဲ့ တွဲဖက်သောက်သုံးမိရင် ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်တွေအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို တွေ့ရှိထားပြီး နောက်ဆက်တွဲဆိုးကျိုးက ဘာဖြစ်နိုင်တယ်ဆိုတာကိုတော့ လေ့လာဆန်းစစ် သုတေသနပြုလုပ်နေကြဆဲ ဖြစ်ပါတယ်ရှင့်။
ဒါကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်ပေမယ့် တန်ဆေးလွန်ဘေး မဖြစ်အောင်တော့ သတိလေးဆောင်ထားကြပါလို့ မယ်ကြော့က တိုက်တွန်းလိုက်ပါတယ်နော်။
ကိုးကား
- Food and Agriculture Organization of the United Nations
- National Library of Medicine – National Center for Biotechnology Information (Under US Government)
- Nutritional, Medicinal, and Commercial Significance of Moringa oleifera L. Leaves: A Comprehensive Review
- အသုံးဝင်ဆေးပင်များနှင့် မြန်မာ့တိုင်းရင်းဆေးနည်းလက်စွဲ (တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန)
- စားတတ်လျှင် ဆေး – မစားတတ်လျှင် ဘေး (မောင်ယဉ်နွယ်)