အမျိုးတို့ရေ … မယ်ကြော့တို့ရဲ့ မြန်မာပြက္ခဒိန်မှာ ရာသီခွင်တွေပေါင်း ၁၂ ခု ရှိကြတယ်မဟုတ်လား။ တို့များရဲ့ မြန်မာပြက္ခဒိန်က နေရဲ့ သွားလာမှု၊ လရဲ့ ဖြစ်စဉ်တွေကို ပေါင်းစပ်တွက်ချက်ထားတဲ့ နေလသွားပြက္ခဒိန် (Lunisolar Calendar) အမျိုးအစားပါ။ ဒီတော့ နေဝင်-နေထွက်၊ လပြည့်-လကွယ်တွေကို တွက်ချက်ပြီး လ တစ်လရဲ့ ရက်တွေကို သတ်မှတ်ပြီး တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းဆိုပြီး ၁၂ လရာသီစက်ဝန်း ဖြစ်လာတာပါ။
၁၂ လ ရာသီစက်ဝန်းကိုမှ မြန်မာတို့က နွေရာသီ၊ မိုးရာသီနဲ့ ဆောင်းရာသီဆိုပြီး ထပ်ခွဲထားကြပါသေးတယ်။ ဒါကလည်း နေရဲ့ အသွားအလာ – လရဲ့ ဖြစ်စဉ်တွေကြောင့် ဖြစ်လာတဲ့ ရာသီဥတု ပြောင်းလဲမှုကို အခြေခံပြီး ခွဲကြတာလေ။ ရှေးရှေးက မယ်ကြော့တို့ လူမျိုးတွေဟာ ဒီ ၁၂ လရာသီအလိုက် ပွင့်တတ်တဲ့ ပန်းတွေကိုလည်း ပန်းနဲ့ ညှိခဲ့ကြပြန်ပါသေးတယ်တော့။ ညှိတဲ့အခါ အလှလည်း ဆင် – ဆေးဘက် ဝင် ဆိုတဲ့ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် ပန်းတွေကို ရာသီနဲ့ ညှိခဲ့ကြတာပါ။
တန်ခူး – ကံ့ကော်
မြန်မာတွေရဲ့ နှစ်အစကို စိတ္တမာသ လို့ ဆိုတဲ့ တန်ခူးလ နဲ့ စတာပါ။ ရှေး ပျို့၊ ကဗျာတွေမှာတော့ ဒီလကို “တာကူး” လို့ သုံးနှုန်းကြပြန်တယ်။ ဒါကိုတော့ ထားတော့လေနော်။ ဒီလမှာ ပွင့်တဲ့ ပန်းတွေ အများကြီး ရှိပေမယ့် လူတိုင်းနီးပါးလိုလို သဘောကျကြတဲ့ ပန်းကတော့ “ကံ့ကော်” ပန်းပါ။ မြန်မာ့ဆေးကျမ်းတွေအလိုအရ ကံကော် ပန်းဟာ မြန်မာ့ရိုးရာဆေးကျမ်းတွေအရ အပွင့်က စလို့ အမြစ်အထိ ဆေးဘက်ဝင်ပါတယ်တဲ့တော်။ တိုင်းရင်းဆေးဌာနတွေမှာ အသုံးများတဲ့ သွေးဒူလာ၊ ဒေဝသြဓ၊ သည်းခြေ၊ အပူငြိမ်း၊ သူငယ်နာမုတ်လေးစင်း၊ ဇာတိလဝင်္ဂ၊ အကင်းဆယ်ပါး၊ ကတိုးဆေး စတာတွေ ဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုလေ့ ရှိပါတယ်။ အပွင့်ကို ထောပတ်၊ သကြားနဲ့ ရောစပ်ကြိတ်ပြီး စားရင် ပူလောင်တာနဲ့ ဒူလာသွေးကျရောဂါကို ပျောက်စေသလို အဆိပ် ကို ပြယ်စေတဲ့ ဂုဏ်သတ္တိပါလို့ အဆိပ်သင့်ရောဂါကုဆေးတွေမှာလည်း ထည့်သုံးလေ့ ရှိပါတယ်။ ကံ့ကော်ပန်းဟာ လန်းနေချိန်မှာတောင် ဆေးဘက်ဝင်တာ မဟုတ်ဘဲ ခြောက်သွားတဲ့အခါမှာလည်း ဆေးဘက်ဝင်ပါသေးတယ်။ ဒါ့အပြင် အိမ်မပျော်တာ၊ ရေငတ်တာ၊ ဆီးရောဂါ၊ အော့အန်တာ၊ သည်းခြေဖောက်ပြန်တာ၊ ဝမ်းလျှော ဝမ်းပျက်နဲ့ ဝမ်းကိုက်ရောဂါ ကုသတဲ့အခါမှာလည်း ထည့်သွင်းအသုံးပြုလို့ ရပြန်ပါသေးတယ်။
ကဆုန် – စံကား
ဧပြီနဲ့ မေလဟာ မြန်မာလို ကဆုန်လပါ။ ကဆုန်လရဲ့ ရာသီပန်းဟာ စံကားပန်းဖြစ်ပြီး ရုက္ခဗေဒအမည်ကတော့ Michelia champaca ပါ။ စာပေကျမ်းတွေမှာတော့ စကားပန်းကို စံကားဝါ၊ စံကားဖြူ၊ စကားနီ၊ စကားစိမ်း စသဖြင့် ဒေသအသီးသီးအလိုက် ခွဲခြားခေါ်နေကြပေမယ့် တရုတ်စံကားလို့ လူသိများတဲ့ စကားပင်ကတော့ စကားဝါ၊ စကားဖြူနဲ့ စကားဝါစိမ်းမျိုးရင်းထဲမှာ မပါဝင်ပါဘူး။ ဒီထဲက စကားဝါမျိုးရင်းဟာ သမိုင်းဝင်ပင်တစ်ပင်ဖြစ်သလို ဒီကနေ့ အိမ်တွင်းနတ်အဖြစ် ကိုးကွယ်နေကြတဲ့ ပန်းပဲမောင်တင့်တယ်ကို ကားတင် စီရင်ခဲ့တာဟာ စကားဝါပင် မှာ ဖြစ်လို့ ဒီစကားသားနဲ့ပဲ မောင်တင့်တယ်လို့ မောင်နှမရဲ့ ရုပ်တုကို ထုပြီး ပုပ္ပါးတောင်မှာ စံစေခဲ့ပါတယ်။ အဝါရောင် ဒါမှမဟုတ် လိမ္မော်ရောင်ရှိတဲ့ စကားဝါပန်းဟာ အနံ့လည်း မွှေး၊ အပွင့့်လည်း လှသလို သူ့ရဲ့ အခေါက်ဟာ ဆေးဘက်ဝင်ပြီး အပွင့်ကရတဲ့အဆီဟာလည်း ရေမွှေးလုပ်လို့ ရပါတယ်။ တိုင်းရင်းဆေးအသုံးမှာ တော့ ကာမအားတိုးဆေး ဖော်တဲ့အခါ ထည့်သွင်းသုံးကြလေ့ရှိသလို ယားယံတာ၊ အနာပေါက်တာ၊ သည်းခြေ ဖောက်ပြန်တဲ့ရောဂါတွေကို ကုသရာမှာလည်း ထည့်သွင်းသုံးလေ့ ရှိပါတယ်။
နယုန် – စံပယ်
အဆုပ်လိုက် အဆုပ်လိုက်နဲ့ ပွင့်ပြီး ချုံမျိုးနွယ်ထဲ ပါတဲ့ စံပယ်ပန်းဟာ နယုန်လမှာ ပွင့်လေ့ရှိပြီး ဒီပန်းနဲ့ ပတ်သက်တဲ့ ရှေးမြန်မာကဗျာတွေကလည်း တပုံကြီးပါ။ ဒါကဗျာတွေကိုတော့ မရွတ်ပြတော့ဘူးနော် အမျိုးတို့။ ရုက္ခဗေဒအရ Jasminum arborescens Roxb လို့ ခေါ်တဲ့ စံပယ်နဲ့ပတ်သက်ရင် အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိုးပုတ်၊ စံပယ်အိ၊ စံပယ်နွဲ့ စသဖြင့် မျိုးစိတ်ကွဲတွေ၊ အခေါ်အဝေါ်တွေ စုံလင်ပေမယ့် မြန်မာ့တိုင်းရင်းဆေးကုဌာနသုံးဆေးတွေ ဖြစ်တဲ့ သည်းခြေဆေး၊ မဟာကလျာဏီဆေး ဖော်စပ်ရာမှာ ထည့်သွင်းသုံးစွဲလေ့ ရှိပါတယ်။ စံပယ်ပွင့်ကနေ အဆီထုတ်ပြီး အမွှေးအကြိုင်လုပ်ရာမှာ သုံးနိုင်သလို အခုဆိုရင် စံပယ်နံ့ ထည့်ထားတဲ့ လက်ဖက်ခြောက် (Jasmin Tea) ဟာလည်း လူကြိုက်များတဲ့ လက်ဖက်ခြောက်အမျိုးအစားပါ ပါဝင်ပါတယ်။ တချို့ဒေသတွေမှာ စံပယ်ပန်းကို အနာအုံဆေးအဖြစ် သုံးကြတာမျိုး ရှိသလို ခေါင်းမူးတာ၊ သွေးအားနည်းတာ၊ အိပ်မပျော်တာ၊ ရေငတ်တာ၊ မောပန်းတာ စတဲ့ တိုင်းရင်းဆေးတွေ ဖော်တဲ့အခါမှာလည်း စံပယ်ပန်းကို ထည့်သုံး ကြလေ့ ရှိပြန်ပါတယ်။
ဝါဆို – မြတ်လေး
နွေအကုန် မိုးအကူးဖြစ်တဲ့ ဝါဆိုလနဲ့ ပတ်သက်လို့ ဖိုးသူတော် ဦးမင်းက “ရွှေစာတော် ပြန်မေးလို့ မြတ်လေးတဲ့ စံပယ်၊ မေထုတ်ဆို ရာသီကူး၊ ပွင့်ဖူးဝတ်မှုန်နံ့၊ သင့်ပျံ့တော့တယ်” လို့ စပ်ဆိုဖူးပါတယ်။ ဒီရာသီမှာ ပေါက်တဲ့ ပန်းတစ်မျိုးကတော့ မြတ်လေးပန်းပါ။ စံပယ်မျိုးစိတ်ဝင် တစ်ခုဖြစ်တဲ့ မြတ်လေးပန်းကို မုလေးပင်က ပေါက်တာ ဖြစ်ပြီး မုလေးပန်းကိုပဲ မြတ်လေးပန်းလို့ ဒေသအလိုက် ခေါ်ဝေါ်ကြတာပါ။ မြတ်လေးပန်းဟာ သလိပ်နာ၊ သည်း ခြေနာ၊ သွေးနာ၊ အနာပေါက်၊ ပိုးနာနဲ့ နူနာကို ပယ်နိုင်တယ်လို့ ဒြဗျဂုဏ်ဆေးကျမ်းမှာ ဖွဲ့ဆိုထားသလို တိုင်းရင်းဆေးကုဌာနသုံး ဒေဝသြသဓ၊ သည်းခြေ၊ မဟာကလျာဏီ ဆေးတွေ ဖော်စပ်ရာမှာလည်း ထည့်သုံးလေ့ရှိပါတတယ်။ အမျိုးတို့ရေ…ဒါတင်လား မဟုတ်ပါဘူး။ ကာမအားတိုးဆေး၊ နားပြည်ယိုတာ၊ ဖျားတာ၊ မူးဝေတာ၊ နှလုံးတွင်း ပူလောင်တာ၊ မျက်စိရောဂါ၊ သည်းခြေဖောက်ပြန်တဲ့ ရောဂါတွေကို ကုသရာမှာလည်း မြတ်လေး (မု လေး) ကို ထည့်ပြီး သုံးကြသေးသတော့။
ဝါခေါင် – ခတ္တာ
တိုင်းရင်းဆေးကု ဌာနသုံး နန်းတွင်းလျှာပွတ်ဆေး ဖော်စပ်ရာမှာ ပါတဲ့ ခတ္တာပန်းဟာ ဝါခေါင်လမှာ ပွင့်တာပါ။ အဆိုတော် ခိုင်ထူးရဲ့ “ခတ္တာ” သီချင်းထဲက “ဝါဆိုပန်း ပွင့်ဝေ ပုန်းညှက်နွမ်းရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခေတ္တာ” ဆိုတဲ့ စာသားဟာလည်း လူတိုင်းနားယဉ်ပြီး လူကြိုက်များကြပါတယ်။ ခတ္တာကို တိုင်းရင်းဆေးဌာနသုံး နန်းတွင်းလျှာပွတ်ဆေေး ဖော်တဲ့အခါ သုံးသလို ရင်ကျပ်၊ ပန်းနာ၊ ဆီးသွား ခက်ခဲတာ၊ ဆီးကျောက်တည်တာနဲ့ အမူးအမောရောဂါကို ကုတဲ့အခါမှာလည်း သုံးလေ့ရှိပါတယ်။
တော်သလင်း – ရင်းမာ
ခရစ်ပြက္ခဒိန် သြဂုတ်နဲ့ စက်တင်ဘာဟာ မြန်မာလို တော်သလင်းလပါ။ ဒီကာလရဲ့ ရာသီပန်းကတော့ ရင်းမာ (တချို့ကတော့ ယင်းမာ လို့ ခေါ်ကြ) ပန်းဖြစ်ပြီး သူ့ရဲ့ ရုက္ခဗေဒ အမည်က Chukrasia tabularis ပါတဲ့တော်။ ငှက်မွှေးပုံ အရွက်ရှိတဲ့ ရင်းမာပင်ဟာ အရိပ်ရ သစ်ပင်ကြီးမျိုးထဲ ပါဝင်ပြီး ပန်းပုတဲ့အခါမှာလည်း ရင်းမာသားကို သုံးလေ့ရှိကြပြန်ပါတယ်။ သူ့ကို တိုင်းရင်းဆေးသမားတွေက ဝမ်းပျက်ဝမ်းလျှော၊ ခေါင်းကိုက်၊ မူးဝေ၊ ခံတွင်းပျက်၊ အရေပြားရောဂါတွေကို ကုတဲ့အခါ တခြားဆေးတွေနဲ့ တွဲဖက်သုံးတတ်ကြပါတယ်။
သီတင်းကျွတ် – ကြာ
ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယမှာ ရာသီလိုက် ပွင့်တဲ့ ပန်းကတော့ “ကြာ” ပန်းပါ အမျိုးတို့ရေ။ ဘုရားလည်း၊ လည်မှာလည်း စွဲ၊ ကြာခွက်ကိုတော့ စားကြလေသတည်းဆိုတဲ့ “ကြာ” ပါ။ အဖြူ၊ အဝါ၊ အပြာ၊ အညို စသဖြင့် ရောင်စုံရှိကြသလို မြန်မာ့ကြာပန်းအကြောင်း ရေးခဲ့တဲ့ H.G. Hundley ကော့ ကြာဖြူ၊ ပဒုမ္မာကြာ၊ ကြာပြာ၊ ကြာနီ၊ ကြာညို၊ ကြာခေါင်းလောင်း၊ တောကြာဆိုပြီး ခုနစ်မျိုး ခွဲခဲ့ပါတယ်။ အမျိုးတို့ရေ… တရုတ်လူမျိုးတွေကတော့ ကြာပင်ဟာ အအေးမိ၊ ဖျားနာ၊ သွေးမတိတ်တဲ့ ဝေဒနာတွေကို ကုစားနိုင်တယ်လို့ အယူရှိပြီး ကြာစေ့ဟင်းချိုဟာ သူတို့အတွက် အရသာရှိတဲ့ ဟင်းချိုတစ်ခွက်ပါ။ မြန်မာ့တိုင်းရင်းဆေးကုဌာန သုံး သည်းခြေဆေး၊ သွေးဆေးနီ၊ မဟာကလျာဏီသွေးဆေးနဲ့ သောမိဿရရောဟိတဆေးတွေ ဖော်စပ်တဲ့အခါ ကြာကို သုံးသလို ဝမ်းကိုက်၊ သွေးလျှံ၊ သွေးအန်၊ ချောင်းဆိုသွေးပါ၊ ရေငတ်၊ နှလုံး၊ မျက်စိရောဂါ၊ မောပန်းတာ၊ အိပ်မပျော်တာတွေ ကုတဲ့နေရာမှာလည်း ထည့်ပြီး သုံးကြလေ့ ရှိပါတယ်။
တန်ဆောင်မုန်း – ခဝဲ
အယဉ်နဲ့ အရိုင်းဆိုပြီး နှစ်မျိုးရှိတဲ့ “ခဝဲ” ဟာ မြန်မာတို့ရဲ့ အလှူအတန်းအများဆုံး ကာလဖြစ်တဲ့ တန်ဆောင် မုန်းလမှာ ပွင့်တဲ့ ပန်းပါ။ Luffa Acutangula Roxb လို့ ရုက္ခဗေဒ အမည်ရှိတဲ့ ခဝဲကို အဓိကအားဖြင့် အသီးကို စားဖို့ စိုက်ကြလေ့ရှိပြီး ကြော်ချက် တဖုံ၊ အရည်သောက် တစ်မျိုးပုံစံနဲ့ စားကြတာပါ။ မြန်မာ့ရိုးရာ တိုင်းရင်းဆေးသမားတွေကတော့ အစာလည်း ဆေး၊ ဆေးလည်း အစာအဖြစ် အစားအသောက် ပျက်တာ၊ ခံတွင်းပျက်တဲ့အခါတွေမှာ ဆေးအဖြစ် ထည့်သွင်းအသုံးပြုကြလေ့ ရှိပါတယ်။
နတ်တော် – သဇင်
ရခိုင်တိုင်းရင်းသားတို့ သဘောကျ နှစ်ခြိုက်ပြီး ပန်ဆင်လေ့ရှိတဲ့ “သဇင်” ပန်းဟာ နတ်တော်လမှာ ပွင့်လေ့ ရှိပါတယ်။ အမျိုးတို့ရေ…မယ်ကြော့တို့ ငယ်ငယ်က စာသင်ခန်းထဲ ရွတ်ခဲ့ကြတဲ့ “ဘုန်းနှင့် ကံနှင့် ရွှေသဇင်” ပေါ့ရှင်။ ဖြူ၊ ဝါ၊ နီ၊ နက် ဆိုပြီး အရောင်လေးမျိုးရှိတဲ့ သဇင်ကို စာဆိုရှင် မြဝတီမင်းကြီး ဦးစ ကလည်း “သည်ဆောင်းဟေမန်၊ မြောက်ပြန်လေညှင်းဆော်တာကိုး၊ နတ်တော် ပြာသို၊ စိုစိုတည့် နှင့်ဖုံဖုံ၊ ရိုးတံဆင့်ဖူးငုံ၊ ဝတ်မှုံတင့်ဆုံး၊ သဇင်ပန်း ဂမုန်းငယ်နှင့်လေး” လို့ စပ်ဆိုခဲ့ဖူးသေးတယ်တော့။ နတ်ပန်းလို့လည်း ခေါ်ကြတဲ့ သဇင်ဟာ မြန်မာ့ဆေးကျမ်းတွေအလို မူးဝေငိုက်မြည်းတာ၊ ခေါင်းကိုက်တာ၊ မျက်စိနာတာ၊ ဆာလောင်တာ၊ သလိပ် သည်းခြေအားကြီးတဲ့ အနာတွေအတွက် ဆေးဘက်ဝင်သလို ဒီထဲက သဇငနီနဲ့ သဇင်နက်ဟာ ဆေးဖော်ရာမှာ စွမ်းလို့ ရှားရှားပါးပါးကို ရှာဖွေကြရတာမျိုး ရှိပါတယ်။ တိုင်းရင်းဆေးကုဌာနသုံး သည်းခြေဆေး ဖော်ရာမှာ သဇင်ကို သုံးသလို နှလုံးပူလောင်တာ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ မောပန်းတာကို ကုတဲ့အခါမှာလည်း ထည့် သုံးလေ့ ရှိကြသတဲ့တော်။
ပြာသို – ခွာညို
အင်္ဂလိပ်လို နှစ်ကူးတဲ့ ဒီဇင်ဘာ-ဇန်နဝါရီဟာ မြန်မာလိုတော့ ပြာသိုပါ။ ခွာညိုဟာ ပြာသိုရဲ့ အထိမ်းအမှတ် ပန်းဖြစ်ပြီး ရုက္ခဗေဒအမည်က Clematis smilacifolia ဖြစ်ပါတယ်။ လေနှင်ရာ လွင့်တတ်တဲ့ ခွာညိုဟာ အုတ်နံရံ၊ ခြံစည်းရိုးနဲ့ သစ်ပင်တွေကို နွယ်ပတ်ပြီး ပေါက်လေ့ရှိပြီး ပန်းကတော့ အဖြူရောင်ပါ။ အပြာရောင် ခွာညိုပန်းကတော့ ဂျပန်နိုင်ငံမှာ စပေါက်ခဲ့တာဖြစ်ပြး ဆေးဖက်ဝင်အပင်ဖြစ်တယ်လို့ကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) မှာ ဖော်ပြထားပါတယ်။ ခွာညိုပင် ပင်စည်ရဲ့ အဆီဟာ ဒူလာရောဂါအတွက် အသုံးတည့်သလို ခွာညိုစေ့ဟာလည်း မီးယပ်နဲ့ ဒူလာအတွက် ရိုးရာဘယဆေးအဖြစ် အသုံးပြုတတ်ကြပါတယ်။ ဒါ့အပြင် အကျိတ်အဖုပေါက်တာ၊ ဖျားတာ၊ အော့အန်တာနဲ့ နှလုံးရောဂါတွေ ကုဖို့အတွက်လည်း ခွာညိုကို သုံးကြလေ့ ရှိပါတယ်။
တပို့တွဲ – ပေါက်
“နှာရည် ယိုရွှဲ – တပို့တွဲ” ဟာ မြန်မာပြက္ခဒိန်ရဲ့ ၁၁ လမြောက်ဖြစ်ပြီး ဆောင်းဥတုရဲ့ နောက်ပိုင်းကာလဖြစ်လို့ ချမ်းအေးတဲ့အပြင် “တပို့တွဲ ပေါက်လဲ ငုံညှာစီ၊ ဖူးတံက ချီ” ဆိုတဲ့ စာဆိုနဲ့အညီ ဒီလရဲ့ ရာသီပန်းဟာ “ပေါက်” ပါ။ ပင်စည်ဖြောင့် ရွက်ကြွေပင်မျိုးဖြစ်တဲ့ ပေါက်ပင်ဟာ ပေ ၈၀ အထိ မြင့်နိုင်သလို အညွန့်နဲ့ အရွက်တွေဟာ ကတ္တီပါလို နူးညံ့တဲ့ အမွေးတွေ ပါပါတယ်။ အပွင့်ဟာ လိမ္မော်ရောင်လို နီကြန့်ကြန့်ရှိပြီး ကြက်တူရွေး နှုတ်သီးလို ကွေးနေတတ်ပြီး အခေါက်ကတော့ အနီရောင်အစေးတွေ ထွက်လေ့ရှိပါတယ်။ ဖန်ခါးစပ် အရသာ ရှိတဲ့ ပေါက်ဟာ ဝမ်းမီးကို တောက်စေသလို သုတ်ကိုလည်း ပွားစေပါတယ်။ ကျိုးတဲ့ အရိုး ဆက်စေနိုင်သလို ဆီးကိုလည်း ရွှင်စေပါတယ်။
လတ်ဆတ်တဲ့ အစေးကို လိမ်းရင် အနာ၊ အဖုအပိန့်တွေ ပျောက်သလို ဝမ်းသွားပျောက်ဆေးအဖြစ်လည်း တိုင်းရင်းဆေးအသုံး ရှိပါတယ်။ အပွင့်ကို ရေအေးအေးနဲ့ တစ်ညလုံး စိမ်ပြီး မနက်ကျ သကြားနည်းနည်းထည့်ပြီး သောက်ရင် စအိုဝနာတာ၊ ဆီးသွေးပါတာနဲ့ နှာခေါင်းသွေးယိုတာကို ပျောက်စေနိုင်ပြီး ရေနဲ့ ကြိုပြီး ချက်မှာ ခပ်နွေးနွေးအုံပေးရင် ဆီးချုပ်၊ ဆီးအိမ်ရောင်တာကိုတောင် သက်သာ စေသတဲ့ အမျိုးတို့ရေ။ ပေါက်ပွင့်ခြောက်ကို ရေနွေးလုပ်သောက်ရင်တော့ အမောအပန်းပြေသလို သွေးသားကို သန့်စေသတဲ့ရှင့်။ ကလေးတွေ ဝမ်းတွင်းသန််ကောင်ရှိလို့ ဗိုက်ဆူဆူလေး ဖြစ်နေရင်တော့ ပေါက်စေ့ကို သံပုရာရည်နဲ့ ကြိတ်ပြီး လိမ်းတာ၊ အတွင်းအဆံကို အခြောက်လှန်း ကြိတ်ပြီး မနက်၊ ည စားပေးရင် သန်ကျစေပါတယ်။ အရွက်ကို အားတိုးဆေးအဖြစ် သုံးတာရှိသလို အခေါက်နဲ့ အစေ့ဟာလည်း မြေဆိပ်ဖြေဆေး ဖော်တဲ့အခါ သုံးလို့ ရပြန်ပါတယ်။ ဒါ့အပြင် ဆီးဆေး၊ အသည်းဆေးနဲ့ အရိုးဆက်ဆေး ဖော်တဲ့အခါ သင့်သလို သုံးလေ့ရှိပါတယ်။
တပေါင်း – သရဖီ
ရုက္ခဗေဒ အမည် Calophyllaceae Amoenum လို့ခေါ်တဲ့ သရဖီပင်ဟာ ပုန်းညက်ပင်နဲ့ မျိုးတူပြီး ပုံမှန်အားဖြင့် ပူအိုက်တဲ့ဒေသတွေမှာ ပေါက်ရောက်လေ့ ရှိပါတယ်။ ပုန်းညက်နဲ့ မတူတာက အပွင့်ပွင့်ရင် အခိုင် လိုက်မပွင့်ဘဲ အကိုက်အခက်တွေက တစ်ပွင့်ချင်းစီ ပွင့်ပြီး ညှာတံတိုသလို အပွင့်လည်း ကြဲပါတယ်။ ဒီကာလနဲ့ ဒီပန်းကို အမျိုးသမီးစာဆိုတော် မယ်ခွေက သူ့ရဲ့ ဆယ့်)နှစ်ရာသီ အဲချင်း တပေါင်းဘွဲ့မှာ “နွေဦးမှ တိမ်ခ၊ တောတောင်တလီ၊ မှိုင်းဝေရီနှင့်၊ ကတ္တီပါပေါင်း၊ ရွက်သစ်ကယ်လောင်း၊ ရွက်ဟောင်းပျံလို့၊ ခက်ရံမှ ဝေဝေ၊ အင်ကြင်း သရဖီ၊ ပန်းစုံစီနှင့်၊ သိင်္ဂီရောင်သွေး၊ ကြိုင်ကြိုင်ငယ်မွှေးလို့၊ ငှက်ကျေးငယ် ခြွေသည်၊ တောင်လေပြေ မုန်းတိုင်းနှင့်၊ ရေလှိုင်းသံတိုး…” ဆိုပြီး စပ်ဆိုခဲ့ဖူးပါတယ်။ သရဖီကိုတော့ အဆစ်အမြစ်ရောင်တာ ကိုက်တာ၊ ခေါင်းကိုက်တာနဲ့ အပူလွန်ရောဂါတွေအတွက် ကုသရာမှာ မြန်မာ့တိုင်းရင်းဆေးကျွမ်းကျင်သူတွေက ထည့်သွင်းအသုံးပြုလေ့ ရှိပါတယ်တော်။
ကဲ…အမျိုးတို့ရေ…ရာသီ မသိ ပန်းနဲ့ ညှိ ဆိုစကားရှိသလို အခုဆိုရင် အလှလည်း ဆင်၊ ဆေးဘက်ဝင် အပင်တွေကို ရာသီအလိုက် သိသွားကြလိမ့်မယ်လို့ မယ်ကြော့ မျှော်လင့်ပါတယ်နော်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း
မြန်မာဝီကီ
ပုံပြဆေးအဘိဓာန် (အရှင်နာဂသေနာဘိဝံသ အတွဲ ၁ မှ ၄)
လက်တွေ့အသုံးချ ဆေးဖက်အပင်များ (တိုင်းရင်းဆေးပညာဦးစီးဌာန)
အလှလည်းဆင် အသုံးတငွ် ဆေးဖက်ဝင်တဲ့ ပန်းဆယ့်နှစ်မျိုး (သုတေသနနှင့် ဖွံ့ဖြိုးရေး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန)
H.G. Hundley, B.Sc.(For.) Rgn. and U Chit Ko Ko, “List of Trees, Shurbs, Herbs and Principal Climbers Etc” P.12.