Skip to content
Ads Advertisement

ကလေးတွေကို လွတ်လပ်စွာ တိုးတက်ပါစေ

မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ “ကလေး” တွေနဲ့ ပတ်သက်ရင် ပုံစံနှစ်မျိုးကို အမြဲတမ်း တွေ့ရလေ့​ရှိပါတယ်။ အဲဒါက တစ်ဖက်စွန်း ရောက် ချစ်ခြင်းနဲ့ တစ်ဖက်စွန်းရောက် ဖိနှိပ်ခြင်းတွေပါ။ အထူးသဖြင့် အသက် ၄ နှစ်နဲ့ ခြောက်နှစ်အရွယ်ကြား ကလေးငယ်တွေဟာ ဒီအခြေအနေနှစ်ခုကို အမြဲ ရင်ဆိုင်ရလေ့ ရှိပြီး ဒီတစ်ဖက်စွန်းရောက်မှုတွေဟာလည်း ကလေးအပေါ် မိဘမောင်ဘွား ဆွေမျိုး များရဲ့ ချစ်ခြင်းကနေပဲ လာတာပါ။ ကလေးအပေါ် ထားတဲ့ မေတ္တာတရားက ချစ်ခြင်းကို ဖြစ်စေသလို ဒီချစ်ခြင်းကပဲ တစုံတရာ ထိခိုက်မှာ စိုးရိမ်စိတ်ကို ဖြစ်လာစေပြီး ဖိနှိပ်မှုတွေကို သယ်ဆောင်လာကြတာပါ။

“ကျွန်တော့်ညီက သူ့သား အသက် ငါးနှစ်အထိကို ဘာစီးပွားရေးမှကို မလုပ်တော့ဘူးဗျ။ သူ့ အာရုံက သူ ခက်ခက်ခဲခဲ မွေး​ယူထားရတဲ့ သားကို စောင့်ရှောက်ဖို့၊ ထိန်းကြောင်းဖို့ဆိုတဲ့ စိတ်နဲ့။ သူ့ သားကိုတော့ အတော်ချစ်တာ။ ကလေးက ကစားတာများပြီး ပင်ပန်းလို့ မျက်လုံးလေး ညို၊ မျက်နှာလေး ချောင်ကျသွားရင်ကို သူ့မှာ နေမသိ ထိုင်မသာ ဖြစ်ကော။ ဒီတော့ ဟိုလို မဆော့ရဘူး၊ ဒီလို မဆော့ရဘူး၊ ဘာနဲ့ပဲ ကစား၊ မင်းကစားတာ လွန်နေပြီ စသဖြင့် ကလေးကို အထိမခံနိုင်ဖြစ်၊ ဖိအားပေးမိရင်းက ကလေးက သူ့ဆို လန့်နေကော။ သူ့ အဖေ အနားရှိရင် ကလေးက လုံးလုံးကို ပုံစံပြောင်းသွားတော့တာ” လို့ ဆိုသူက သားအဖ နှစ်ယောက်ရဲ့ အဖြစ်ကို သိနေတဲ့ ဦးလေးဖြစ်သူ မရမ်းကုန်းမြို့နယ်နေ ဦးအောင်ပါ။ ချစ်လွန်းအားကြီးလို့ ဖြစ်တဲ့ စိုးရိမ်စိတ်ဟာ ကလေးငယ်ရဲ့ လွတ်လပ်စွာ ရှင်သန်လိုမှုကို အဟန့်အတား ဖြစ်စေတယ်ဆိုတာကို ဦးအောင်ရဲ့ ညီဖြစ်သူက မသိတာပါ။

သင်ယူခြင်းကို နှစ်ခြိုက်ကြသည်

တကယ်တော့ ကလေးတွေဟာ သင်ယူရတာကို နှစ်သက်ကြပါတယ်။ အထူးသဖြင့် အသက် လေးနှစ်ကနေ ခြောက်နှစ်အရွယ် ကလေးတွေဟာ လှုပ်ရှားရုန်းကန်ဖို့အတွက် လိုအပ်တဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေ ရှိလာတာနဲ့အတူ ကိုယ်တိုင် လွတ်လပ်စွာ လုပ် ဆောင်နိုင်စွမ်းတွေကလည်း စတင် တိုးတက်လာတဲ့အရွယ်ပါ။ သူတို့ဟာ အိမ်ပြင်ကမ္ဘာကို စတင် စူးစမ်းလေ့လာတဲ့ အရွယ်ဖြစ်သလို သူတို့အတွက် ပြင်ပကမ္ဘာဟာ စိတ်လှုပ်ရှားစရာတွေ ပြည့်​နေသလို တခါတရံ ကြောက်စရာတွေလည်း ရှိနေတတ်ပါတယ်။ နောက်တစ်ခုကတော့ အဲဒီအရွယ် ကလေးတွေအတွက် ပွင့်လင်းရိုးသားစွာ ဆက်သွယ်ပြောဆိုခြင်းဟာ သင်နဲ့ ကလေးအကြား တစ်သက်တာ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့အတွက် အကောင်းဆုံး အချိန်ပါ။

ဒီအသက်အရွယ်တွင်း ကလေးငယ်တွေဟာ ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း စတင်တိုးတက်သလို စစ်မှန်တဲ့ မိတ်ဆွေဖွဲ့စည်းမှုကို စတင်တဲ့ အရွယ်လို့ အမေရိကန်အခြေစိုက် healthychildren.org က “Growing Independence” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပိုပြီးရှုပ်ထွေးတဲ့ ကစားနည်းနဲ့ စည်းမျဉ်းတွေကို သင်ယူဖို့ ကြိုးစားသလို ဘဝအတွက် လိုအပ်တဲ့ တချို့သော အရေးကြီးတဲ့ ကျွမ်းကျင်မှုတွေဟာလည်း တပါတည်း ဖွံ့ဖြိုးလာတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို နေ့စဉ် လုပ်ရိုးလုပ်စဉ် လုပ်ငန်းနဲ့ တာဝန်တွေ သတ်မှတ်ပေးခြင်းဖြင့် ဘယ်အရာကို ရနိုင်မယ်၊ တာဝန်ကို ဖောက်ဖျက်ရင် ဒါမှမဟုတ် စည်း ကမ်းကို ချိုးဖောက်ရင် “သဘာဝအတိုင်း” ဖြစ်ပေါ်လာနိုင်တဝဲ့ အကျိုးဆက်တွေကို ထိတွေ့ခိုင်းရပါမယ်။ နောက်ပြီး ကလေးကို ကိုယ်တိုင်လွတ်လပ်စွာ လုပ်ဆောင်တတ်ခြင်းနဲ့ ဘေးကင်းလုံခြုံစွာ နေထိုင်မှုပုံစံတွေကို စတင်သင်ကြားပေးဖို့ လိုပါတယ်။​ ဒီတော့ ဘယ်လိုပုံစံနဲ့ ကျွန်တော်တို့ စတင်လို့ ရနိုင်သလဲ။

စည်းကမ်းသတ်မှတ်ပါ

စည်းကမ်းလို့ ဆိုလိုက်တာနဲ့ အကြီးကြီးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။​ အဲဒီအသက်အရွယ်နဲ့ လိုက်ပြီး သူတို့ နေ့စဉ်လှုပ်ရှား လုပ်ကိုင်တဲ့ အလုပ်တွေနဲ့ ဆက်စပ်တဲ့ စည်းကမ်းတွေပါ။ ဥပမာ – အပြင်ထွက် စက်ဘီးစီးတဲ့အခါ လုံခြုံဖို့အတွက် စက်ဘီးစီးဦးထုပ် ဆောင်းခိုင်းတာ၊ တခြားကလေးတွေနဲ့ အတူတူ ဆော့ကစားတဲ့အခါ အရုပ်တွေကို မျှဝေကစားခိုင်းတာပါ။ ဒါကို ဘာကို သင်ယူစေ ချင်တာလဲဆိုရင် သူတို့ လုပ်တဲ့ အပြုအမူနဲ့ ဆက်စပ်တဲ့ အကျိုးဆက်တွေကို နားလည်လာစေဖို့ပါ။ ဒီလိုမျိုး စည်းကမ်းသတ်မှတ်တဲ့ အခါ ကလေးငယ်က မသိလို့ဖြစ်ဖြစ်၊ သိလို့ဖြစ်ဖြစ် ဖောက်ဖျက်လိုက်ရင် မိသားစုဝင်တွေ အရင်ဆုံး လုပ်သင့်တဲ့ကိစ္စက ကလေးတွေ နားလည်နိုင်တဲ့၊ ​ရိုးရှင်းတဲ့ စကားလုံးအနည်းငယ်နဲ့ ရှင်းပြဖို့ပါ။ စက်ဘီးစီးလို့ ဦးထုပ်မဆောင်းတဲ့အခါ ဖြစ်နိုင်တဲ့ အကျိုးဆက်တွေကို အရိုးရှင်းဆုံး ပြောပြပြီး စက်ဘီးစီးခွင့်ကို တစ်ရက် သို့မဟုတ် နှစ်ရက် စီးခွင့်မပြုတော့တာ၊ အရုပ်ကို မျှဝေကစားတာမျိုး မလုပ်တဲ့အခါ အဲဒီအရုပ်ကို တစ်နေ့တာလုံး ကစားခွင့် မပြုတော့တာမျိုး စတဲ့ နည်းလမ်းတွေနဲ့ အပြုအမူနဲ့ ဆက်စပ်တဲ့ အကျိုး ဆက်တွေကို ရှင်းပြပါ။

နေ့စဉ်အလုပ်တွေ သတ်မှတ်ပေးပါ

ကလေးတွေမှာ လူကြီးတွေလိုပဲ နေ့စဉ် လုပ်ကြတဲ့ ပုံမှန် အလုပ်တွေ ရှိပါတယ်။ ဒီအလုပ်တွေက ဘာအတွက် ဖြစ်တယ်ဆိုတာကို ကလေးတွေ ကိုယ်တိုင် သေချာသိရှိထားတယ်ဆိုရင် ပိုကောင်းတဲ့ နေထိုင်မှုတွေကို သင်ယူနိုင်မှာပါ။ ဥပမာ – မနက်ခင်းတိုင်းမှာဆိုရင် အိမ်သာတက်ဖို့၊ အဝတ်အစားလဲဖို့၊ နံနက်စာ စားဖို့ကို စနစ်တကျ သတ်မှတ်ပေးဖို့ပါ။ ဒီလို သတ်မှတ်တဲ့အခါမှာလည်း မနက် ခင်း အိမ်သာတက်ရတာဟာ ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူ ပြုတယ်၊ အဝတ်အစား ဘာကြောင့်လဲရတယ်၊ နံနက် စာ စားတဲ့အခါ ဘာအတွက်ကြောင့် စားရတယ်၊ ဘယ်လိုစားရတယ်ဆိုတာတွေကို ရှင်းပြပြီး နားလည်မှုကို အခြေခံတဲ့ အလုပ်ပုံစံ ဖြစ်အောင် သင်ကြားပေးရပါမယ်။

အိပ်ရာဝင်ချိန်ဆို သွားတိုက်ဖို့၊ ခြေလက် သန့်ရှင်းအောင် လုပ်ဖို့နဲ့ ပုံပြင် နားထောင်ခိုင်းတာမျိုးကလည်း ကလေးတွေအတွက် အရေးပါတဲ့ အလုပ်တွေဆိုတာ မိသားစုဝင်တွေက သွန်သင်ရပါမယ်။ သွားမတိုက်တဲ့ အခါ ဖြစ်နိုင်တဲ့ ဆိုးကျိုး၊ ခြေလက် သန့်ရှင်းစွာ အိပ်ရာဝင်ခြင်း အကျိုးနဲ့ ပုံပြင်ဟာ ပြင်ပကမ္ဘာကို ဆက်သွယ်တဲ့ နည်းလမ်းတစ်ဖြစ်လဲ လူ့လောကကို လေ့လာခြင်း ဆိုတာမျိုးကိုနားလည်သွားအောင် ရှင်းပြတတ်ဖို့ပါ။ ဒီကနေ့ခေတ်မှာ မိဘနဲ့ မိသားစုဝင်တွေဟာ ကလေးတွေကို အဲဒီလို နည်းလမ်းနဲ့ အချိန် ပေးတာထက် ဖုန်းနဲ့ တက်ပလပ်လို Digital Device တွေ ပေးကိုင်ပြီး အနားယူစေတာဟာ ခေတ်နဲ့ စနစ်အရ ဖြစ်ပေမယ့်လည်း မဖြစ်မနေ ဒီနည်းလမ်းကို သုံးရမယ်ဆိုရင်တော့ ဒါကို သုံးဖို့ အချိန်သတ်မှတ်ပေးရပါမယ်။ ကလေးတွေ ကြည့်တဲ့ အကြောင်းအရာမှာ အကြမ်းဖက်မှုလိုမျိုး လက်မခံနိုင်စရာ အကြောင်းတွေ မကြည့်မိအောင် ရှောင်ရှားခိုင်းတာမျိုးကို လမ်းညွှန်ပေးရပါမယ်။ အကောင်းဆုံးကတော့ အိပ်ရာဝင်ချိန် စာဖတ်ပြတာဟာ တစ်နေ့လုံး ဆော့ကစားထားတဲ့ ကလေးကို စိတ်အေးလက်အေး အနားယူနိုင် ဖို့အတွက် အထောက်အကူ ပြုသလို စာဖတ်တတ်တဲ့ အလေ့အထကိုလည်း ငယ်စဉ်ကတည်းက မွေးမြူပေးရာ ရောက်ပါတယ်။

“အခုခေတ်ကလေးတွေက Digital Device တွေအပေါ် စွဲလမ်းမှုကို လိုတာထက်ကို ပိုတဲ့ အခြေအနေလို့ ဆိုနိုင်တယ်။ တချို့ ကလေးတွေဆိုရင် အသက် သုံးနှစ်လောက်ကတည်းက ဖုန်းစွဲနေတဲ့အပြင် အရွယ်နဲ့ မလိုက်တဲ့ သေနတ်ပစ်တာလို ဂိမ်းကိုတောင် ဆော့နေကြပြီ။ တခါကဆို သူ သေနတ်ပစ်ဂိမ်းမှာ ရှုံးသွားလို့ ဆိုပြီး မိဘတွေကို ပြန်ပြီးတော့ ငိုယိုပြီး ပြဿနာ ရှာတာ။ ခက်တာက မိဘတွေ ကလေးကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ အသိပိုင်း အားနည်းတော့ ကလေးကို ထိန်းမရဘူး။ အဖေကော၊ အမေကောက တနေကုန် အလုပ်လုပ်ကြတော့ ညပိုင်းကျ နားချင်၊ ကလေးကို အချိန်လည်း မပေးနိုင်ဖြစ်တော့ ကလေးက ဖုန်းစွဲကောပေါ့” လို့ အလုံမြို့နယ်နေ ဦးဇင်လှိုင်းက သူ ကြုံတွေ့ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး MyanHealth ကို ပြောပြပါတယ်။

တာဝန်ပေးပါ

နောက်တစ်ခုကတော့ ကလေးတွေကို တာဝန်ပေးဖို့ပါ။ ကလေးတွေဟာ အသက်ငယ်ပေမယ့် သူတို့နဲ့ သင့်တော်တဲ့ အိမ်မှုကိစ္စတွေမှာ ဝင်ရောက်တာဝန်ယူစေခြင်းနည်းနဲ့ မိသားစုအရေးကိစ္စမှာ သူတို့ ပါဝင်ကူညီနိုင်ကြောင်းကို သင်ယူခိုင်းရပါမယ်။ ပေါ့ပေါ့ပါးပါး အလုပ်တွေ ဖြစ်တဲ့ ထမင်းစားပွဲ ပြင်ခိုင်းတာ၊ ကူသယ်ခိုင်းတာ၊ ကစားစရာတွေကို စနစ်တကျ ပြန်သိမ်းခိုင်းတာ၊ ဝတ်ပြီး ညစ်ပတ်နေတဲ့ အဝတ်အစားတွေကို အဝတ်ခြင်းတောင်းထဲ ထည့်ခိုင်းတာ၊ အိမ်မွေးတိရစ္ဆန် မွေးထားရင် အချိန်မှန် အစာကျွေးခိုင်းတာ။ ဒါတွေကို ကလေးတွေရဲ့ မိသားစုတာဝန် ထမ်းဆောင်လိုစိတ်ကို ပိုပြီး အားကောင်းလာစေသလို သူတို့ကိုယ် သူတို့ ယုံကြည်မှုတိုး တက်လာဖို့အတွက်ပါ။

မိတ်ဆွေကောင်း ဖြစ်အောင် သွန်သင်ပါ

အသက် လေးနှစ်ကနေ ခြောက်နှစ်အရွယ် ကလေးတွေဟာ မိတ်ဆွေဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကို စပြီး သင်ယူတဲ့ အရွယ်ပါ။ ဒီလို သင်ယူခြင်းကပဲ ပျော်ရွှင်မှုကို ဖန်တီးပေးသလို အငြင်းပွားမှုနဲ့ စိတ်ထိခိုက်မှုတွေကို ကြုံတတ်စေပါတယ်။ မိဘတွေဘက်ကလည်း ကလေးငယ်မှာ ဒီလိုပြဿနာတွေ ဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းဖို့၊ ဒါမှမဟုတ် တခြားကလေးရဲ့ မိဘွေနဲ့ စကားပြောဖြေရှင်းဖို့ကိုပဲ စိတ်အားထက်သန်တတ်ကြပါတယ်။ ဒီလိုအခြေအနေမှာ မိဘတွေဟာ ကိုယ်တိုင်ဝင်မပါဘဲ ကလေး-ကလေးချင်း ကိုယ်တိုင်ဖြေ ရှင်းတတ်ကြဖို့ လမ်းညွှန်ပေးရပါမယ်။ မိဘရဲ့ အကူအညီနဲ့ ကလေးဟာ သူ့ရဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာကို ဖြေရှင်းတတ် လာနိုင်စေဖို့ပါ။ ဥပမာ – အရုပ်လုရင်း ကလေးချင်း ကတောက်ကဆဖြစ်တဲ့အခါ တခြားကလေးရဲ့ အမြင်ကို နားလည်တတ်အောင် “သူလည်း ကစားချင်လို့ နေမှာပေါ့” လို့ လမ်းညွှန်ပေးတာမျိုး၊ “စိတ်ကို ငြိမ်ငြိမ်ထား၊ ဒေါသမထွက်နဲ့၊ မရိုက်နဲ့၊ မဆွဲနဲ့၊ မတွန်းနဲ့” ဆိုတာမျိုး သင်ကြားပေးတာ လုပ်ရပါမယ်။​ “မင်း ငါ့ကို ဒီလို ပြောတဲ့အခါ ငါ စိတ်မကောင်းဘူး”၊ “မင်း ငါနဲ့ မကစားတဲ့အတွက် ငါ ဝမ်းနည်းတယ်”၊ “မင်း ငါ့ဆီက ဘောလုံး ယူသွားတဲ့အတွက်တော့ ငါ စိတ်ဆိုးတယ်” စသဖြင့် ကိုယ်လက်ခန္ဓာနဲ့ တုံ့ပြန်တာမျိုးထက် စကားလုံးတွေနဲ့ ခံစားချက်တွေကို ဖော်ထုတ်တတ်အောင်အတွက်ကိုလည်း သင်ကြားပေးဖို့ လိုပါတယ်။ ဒီလို လုပ်ပေးတာဟာ ကလေးတွေနဲ့ တခြားသူတွေနဲ့ ရိုးသားစွာ၊ စိတ်တည်ငြိမ်စွာ၊ ယဉ်ကျေးစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် လိုအပ်တဲ့ ယုံကြည်မှုနဲ့ ကျွမ်းကျင်မှုကို စတင်ဖွံ့ဖြိုးလာစေတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒီနည်းလမ်းတွေဟာ ပုံမှန် အသက် လေးနှစ်ကနေ ခြောက်နှစ်အရွယ် ကလေးငယ်တွေမှာ လူမှုနယ်ပယ်နဲ့ မိသားစုအတွင်း လွတ် လပ်စွာ ဖွံ့ဖြိုးတိုးတက်လာစေရေး နည်းလမ်းတွေထဲက နည်းလမ်းတချို့ပါ။ ကလေးတွေကို စကားပြောဖို့၊ သူတို့အတွက် ဘေးကင်း စေရေးစည်းမျဉ်းတွေကို မိဘနဲ့ သားသမီး နှစ်ယောက်အတူ ချဖို့ စတဲ့ နည်းလမ်းတွေလည်း အများကြီး ရှိပါသေးတယ်။ သို့သော် အခုနည်းလမ်းတွေက အများစုသော ကလေးငယ်တွေနဲ့ ကိုက်ညီနိုင်ပေမယ့် ကလေးတိုင်းနဲ့တော့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ ကိုယ့်ရဲ့ ကလေးက သာမန်ကလေးငယ်နဲ့ မတူကွဲပြားတယ်ဆိုရင်ဖြင့် ကလေးအထူးကုဆရာဝန်တွေနဲ့ အကြံဉာဏ်ရယူတာ၊ ကုသမှုခံယူတာတွေ လုပ်ဖို့ လိုပါတယ်။ ဒါမှသာ ကလေးရဲ့ အခြေအနေကို နားလည်ပြီး ဘယ်လိုနည်းလမ်းကဖြင့် ကလေးငယ်ရဲ့ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမယ်ဆိုတာကို ရှာဖွေ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ကိုးကား – https://www.healthychildren.org/…/Growing-Independence…

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement