သွားဆေးခန်းကိုလာပြကြတဲ့သူအများစုက လိုအပ်တဲ့ကုသမှုပြီးတာနဲ့ အမေးကြဆုံးမေးခွန်း လေးကတော့ “ဘာသွားတိုက်ဆေးသုံးရမလဲဆရာ၊ ဘယ်တံဆိပ်ကောင်းလဲ” ဆိုတာပါပဲ။ သွားတိုက် ဆေးကောင်းကောင်းရွေးချယ်ဝယ်ယူထားရင် သွားနှင့်ခံတွင်းကျန်းမာရေးကောင်းပြီလို့ အထင်ရှိကြတဲ့ သဘောရှိပါတယ်။ သွားနှင့် ခံတွင်းကျန်းမာရေးအတွက် သွားတိုက်သန့်ရှင်းရေးလုပ်ကြရမယ်လို့ ပြော လိုက်ရင် လူအများစု စိတ်ဝင်စားတာက သွားတိုက်ဆေးအကြောင်းဖြစ်နေပြီး သွားတိုက်တဲ့နည်းစနစ် (Tooth brushing technique)ကိုတော့ စိတ်ဝင်စားကြတာ နည်းပါတယ်။ စျေးကြီးကြီးပေးရတဲ့ သွား တိုက်ဆေးဝယ်ထားပြီး သွားတိုက်တဲ့အချိန်၊ သွားတိုက်တဲ့နည်းစနစ်မမှန်ရင် သွားတိုက်ဆေးအသုံးပြု ပြီး ရမဲ့အကျိုးရလဒ်ကို အပြည့်အဝရမှာ မဟုတ်ပါဘူး။ ဥပမာ-ဘောလုံးတောင် ဖြောင့်အောင်မကန် တတ်တဲ့သူက “Messi”ဝတ်တဲ့ ဘောလုံးကန်ဖိနပ်စီးထားလို့လည်း ဘောလုံးကန် တော်လာမှာ မဟုတ်ဘူးလေဗျာ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးသုံးပြီး စနစ်မှန်သွားတိုက်နည်းနဲ့ သွားတိုက်ကြ မယ်ဆိုရင်တော့ ရလဒ်ကောင်းလာမှာ ဖြစ်ပါတယ်။ စနစ်မှန် သွားတိုက်နည်းကိုတော့ အရင် ဆောင်းပါးမှာ ပြန်ဖတ်ကြည့်လို့ရပါတယ်။ အခုကတော့ အမေးများတဲ့ သွားတိုက်ဆေးအကြောင်းကို ဦးစားပေး ရှင်းပြပါမယ်။
စျေးကွက်ထဲမှာ သွားတိုက်ဆေး အမျိုးမျိုးပေါများနေတော့ ကိုယ့်အတွက်ရေရှည်အသုံးပြုနိုင်ပြီး သင့်တော်တဲ့သွားတိုက်ဆေးမျိုးရွေးချယ်အသုံးပြုနိုင်ဖို့ သွားတိုက်ဆေးမှာ ဘာတွေပါဝင်နေသလဲ ပြော ကြရအောင်ဗျာ။ သွားတိုက်သန့်ရှင်းဖို့အတွက် သွားတိုက်ဆေးအမှုန့်(Powder)၊ သွားတိုက်ဆေးရည် (Liquid)၊ သွားတိုက်ဆေးအနှစ်အပျော့(Paste)နဲ့ သွားတိုက်ဆေးအမြှုပ်(Dental foam)ဆိုပြီး အမျိုးမျိုး ထုတ်လုပ်ကြပေမဲ့ သွားတိုက်ဆေးအနှစ်အပျော့ (Toothpaste)ကိုတော့ အသုံးများကြပါတယ်။ ခံတွင်း ထဲက ဘက်တီးရီးယားတွေလျော့ကျဖို့၊ သွားဆွေးမြေ့ရောဂါဖြစ်ပွားမှုကာကွယ်ဖို့၊ သွားဖုံးကျန်းမာရေး ကောင်းမွန်ဖို့၊ သွားကျဉ်တာသက်သာဖို့၊ ခံတွင်းထဲမှာ လန်းဆန်းမှုခံစားစေဖို့ အစရှိတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သွားတိုက်ဆေး၊ သွားတိုက်တံ အသုံးပြုပြီး သန့်ရှင်းကြရတာဖြစ်ပါတယ်။
သွားမျက်နှာပြင်ပေါ်မှာရှိတဲ့ အစာအညှိတွေ၊ စွဲထင်နေတဲ့အရောင်အစွန်းထင်းတွေ ဖယ်ရှား နိုင်ဖို့ Abrasive material (Hydrated silica, Calcium carbonate)စတဲ့ ပွတ်တိုက်ပစ္စည်းတွေ သွား တိုက်ဆေးထဲမှာပါဝင်ပါတယ်။ သွားမျက်နှာပြင်မှာ ကပ်နေတဲ့ အစာအညှိတွေရဲ့ ကပ်အားကိုလျော့ကျ လာအောင်၊ အဆီပါဝင်မှုရှိတဲ့ အညစ်အကြေးတွေ အစာချေးတွေပျော်ကျအောင် ချေးချွတ်ပစ္စည်း Detergents တွေ အသုံးပြုပါတယ်။ သွားတိုက်ဆေးတော်တော်များများမှာ ချေးချွတ်ပစ္စည်းအဖြစ် (Sodium lauryl sarcosinate နဲ့ Sodium lauryl sulfate)တို့ကို ထည့်သွင်းထားပါတယ်။ ဒီဓာတ် ပစ္စည်းတွေက သွားတိုက်ဆေးကို ခံတွင်းထဲကသွားတွေတလျှောက် ပျံ့နှံ့ရောက်ရှိအောင် အမြှုပ်ထွက် အားကောင်းစေခြင်းဖြင့်လည်း ကူညီပါတယ်။ နောက်တမျိုးက သွားတိုက်ဆေးထဲပါဝင်သမျှ ဓာတ်ပစ္စည်းတွေအကုန်လုံးကို တသားတည်းဖြစ်နေအောင်၊ သွားတိုက်တံအမျှင်ပေါ်တင်လိုက်ရင် အကုန်စီးကျပုံပျက်သွားတာမျိုး မဖြစ်ရအောင် အနှစ်အပျော့(Paste)ဖြစ်နေဖို့အတွက် သုံးပေးရတဲ့ Binding agent အဖြစ် (Carboxymethyl cellulose)ပါဝင်ပါတယ်။ သွားတိုက်ဆေးရဲ့ မျက်နှာပြင် ချောမွေ့မှုအနေအထားကို ထိန်းပေးပြီးပါဝင်ပစ္စည်းတွေ တခုနဲ့တခု ကွဲထွက်မသွားအောင် တသားတည်း တည်မြဲနေစေဖို့ ထည့်ပေးရတာဖြစ်ပါတယ်။
အနံ့အရသာအတွက် Mint oil, Sorbitol, Saccharin စတဲ့ Flavoring agents တွေ အသုံးပြုကြ ပါတယ်။ တကယ်လို့ Flavoring agent သာ မပါရင် သွားတိုက်ပြီးတဲ့အခါ ခံတွင်းထဲမှာ လန်းဆန်းတဲ့ ခံစားမှုမျိုးမရဘဲ မနှစ်မြို့ဖွယ်အရသာမျိုးဖြစ်ကျန်ခဲ့နိုင်ပါတယ်။ ဒီလိုဆိုရင် လူအများစုက သွားတိုက် ဆေးအသုံးပြုဖို့ကို တွန့်ဆုတ်နေကြမှာပဲဗျ။ သွားတိုက်သန့်ရှင်းချင်စိတ်ရှိအောင် သွားတိုက်ဆေးထဲမှာ အနံ့အရသာအပြင် အရောင်အတွက် Colouring agents အမျိုးမျိုးကိုလည်း ထည့်သွင်းထားပါတယ်။ သွားတိုက်ဆေးအနှစ်အပျော့ပုံစံ အစိုဓာတ်ကို ထိန်းနေဖို့အတွက် Glycerine, Sorbitol လိုပစ္စည်းမျိုး ပါဝင်ပါတယ်။ သူကတော့ သွားတိုက်ဆေးခဲမသွားအောင် ကူညီပေးပါတယ်။ နောက်တမျိုးကတော့ သွားတိုက်ဆေးအတွင်းမှာ ဘက်တီးရီးယားတွေပေါက်ပွားမှုမရှိအောင်/ သွားတိုက်ဆေးတာရှည်ခံ အောင် Sodium benzoate, Thymol, Menthol စတဲ့ Preservatives ပစ္စည်းတွေလည်းထည့်ရပါတယ်။ ခေါင်းရှုပ်သွားပြီလားဗျ။ တကယ်တော့ အဲ့လောက်စကားလုံးတွေအများကြီး သိစရာ၊ မှတ်စရာ မလို အပ်ပါဘူး။ အတိုချုပ်ပြောရရင် သွားတိုက်ဆေးတဘူးမှာ အခြေခံပါဝင်ပစ္စည်းတွေက ပွတ်တိုက်ပစ္စည်း (Abrasive Materials)၊ ချေးချွတ်ပစ္စည်း(Detergent)၊ ပါဝင်ပစ္စည်းတွေ ကွဲမထွက်စေဖို့ (Binding agents)၊ အနံ့အရသာအရောင်အတွက် (Flavoring agents/ Colouring agents)၊ သွားတိုက်ဆေး ခြောက်သွေ့မသွားအောင်ထည့်တဲ့ (Humectant)နဲ့ (Presenvatives)ပစ္စည်းတွေဖြစ်ပါတယ်။ အရေး ကြီးဆုံး အဓိကသိထားရမှာတော့ ဖလိုရိုက်ဒ် (Flouride)ပေါ့ဗျာ။ ဖလိုရိုက်ဒ်(Flouride)က သွားအပေါ်ယံ မျက်နှာပြင်ကြွေလွှာကို ခိုင်ခံ့စေပြီး သွားပိုးစားခြင်းကနေ ကာကွယ်ပေးမဲ့ အဓိကဇာတ်ကောင်ဖြစ်ပါ တယ်။ သွားကျဉ်တာသက်သာဖို့/ သွားအရောင်စွန်းထင်းတာသက်သာစေဖို့၊ သွားဖြူစေဖို့နဲ့ သွားဖုံး ကျန်းမာရေးကောင်းဖို့ စသလိုမျိုး သီးသန့်ရည်ရွယ်ချက်အတွက်ဆိုရင်တော့ တခြားပါဝင်ပစ္စည်းတွေ ထပ်ပေါင်းထည့်ရပါတယ်။ ဒါတွေကတော့ သွားတိုက်ဆေးတွေမှာ ယေဘုယျပါဝင်ရမဲ့ ပစ္စည်းတွေအပြင် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုအပ်သူများအတွက်ကတော့ ထပ်ပေါင်းထည့်ရတဲ့ ပါဝင်ပစ္စည်းတွေလည်း ရှိသေးတယ်ဆိုတာ သိစေရုံပါ။
အရေးကြီးတဲ့ ဇာတ်ကောင် ဖလိုရိုက်ဒ်(Fluoride)အကြောင်းဆက်ရအောင်ဗျာ။ သွားကြွေလွှာ မျက်နှာပြင်မှာ Hydroxyapatite crystals လေးတွေပါဝင်တဲ့အစုအဖွဲ့ရှိပါတယ်။ လူတွေကနေ့စဉ်နဲ့ အမျှ အစားအစာ စားသောက်ကြတဲ့အခါ စားလိုက်တဲ့အစာထဲက Carbohydrate ကို ခံတွင်းထဲမှာ ရှိနေပြီးသား ဘက်တီးရီးယားက အချဉ်ဖောက်တဲ့ ဖြစ်စဉ်ဖြစ်ပေါ်ပြီး အက်စစ်ဓာတ်ထွက်ပေါ်မှုက အဲ့ဒီ Crystals တွေကို ပျက်စီးစေပါတယ်။ ဒီ Crystals တွေအားလျော့သွားတာကို Demineralization ဖြစ် တယ်လို့ခေါ်ပါတယ်။ Crystals တွေကြားမှာ ပြိုကွဲတာ/ ဟလာတာတွေရှိတဲ့အခါမှာ မျက်နှာပြင်ခံနိုင် ရည်အားလျော့နည်းပြီး သွားဆွေးမြေ့ရောဂါ(Dental caries)စဖြစ်လာပါတော့တယ်။ ဖလိုရိုက်ဒ် (Fluoride)က Hydroxyapatite crystal ကနေ Fluorapatite crystal အဖြစ် ပြောင်းလဲပေးပါတယ်။ ဒီပြောင်းလဲမှုက အက်စစ်ဓာတ်ကို ပိုပြီး ခံနိုင်ရည်ရှိစေပါတယ်။ သွားမျက်နှာပြင်ပေါ်မှာ ခံနိုင်ရည်အား ပြန်တက်လာတာကိုတော့ Remineralization လို့ခေါ်ပါတယ်။ ဒါ့ကြောင့်ပဲ ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက် ဆေးအသုံးပြုကြပါလို့ ပြောကြတာဖြစ်ပါတယ်။
သွားတိုက်ဆေးထဲမှာပါဝင်တဲ့ ဖလိုရိုက်ဒ်အမျိုးမျိုးအကြောင်း ရှင်းလင်းပြောပြရမယ်ဆိုရင် ကျယ်ပြန့်များပြားတဲ့အတွက် အကျဉ်းချုံ့ပြီးပဲ ပြောတော့မယ်ဗျာ။ စိတ်ဝင်စားသူတွေအတွက် သွား တိုက်ဆေးမှာ ဖလိုရိုက်ဒ်ကိုရှာပြီး ဖတ်ကြည့်နိုင်ဖို့ပါ။ ခေါင်းရှုပ်ရင်တော့ ဒီတပိုဒ်ကိုကျော်လိုက်လို့ရ ပါတယ်။ သွားတိုက်ဆေးတွေထဲမှာ Sodium Fluoride(NaF), Stannous fluoride(SnF2), Sodium monofluorophosphate(Na2PO3F) စတဲ့ ဓာတ်ပေါင်းထဲက ဘယ်တခုပါသလဲ သွားတိုက်ဆေးဘူးမှာ ရှာကြည့်လို့ရပါတယ်။ တချို့သွားတိုက်ဆေးမှာတော့ ဖလိုရိုက်ဒ်ပါဝင်မှုကို ရာခိုင်နှုန်း(%)နဲ့ပြထားသလို တချို့မှာတော့ Parts per million(ppm) တသန်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းအရေအတွက်နဲ့ ပြထား တာမျိုးရှိပါတယ်။ သာမာန်အားဖြင့်တော့ 1000-1500 ppm Fluoride က လူတိုင်းအတွက်အသုံးပြုဖို့ သင့်တော်ပါတယ်။ ဒီထက်ပိုများတဲ့ ဖလိုရိုက်ဒ်ပါဝင်မှုကိုတော့ လိုအပ်တဲ့သူတွေမှာပဲ သွားဘက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အသုံးပြုရတာမျိုး ရှိပါတယ်။ ဖလိုရိုက်ဒ်က သွားကြွေမျက်နှာပြင်ကို ခိုင်ခံ့ စေတယ်ဆိုပြီး လိုတာထက်ပိုများတဲ့ပမာဏကို အသုံးပြုမယ်ဆိုရင်တော့ “တန်ဆေး၊ လွန်ဘေး” ပါဗျာ။ ဘေးအန္တရာယ်ဖြစ်ဖို့ပဲများပါတယ်။
ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးကို သုံးကြတယ်ဆိုပေမဲ့လည်း သွားတိုက်ဆေးမှာ ဖလိုရိုက်ဒ် ဓာတ်ပါဝင်မှုပမာဏ၊ ဖော်စပ်ထားပုံ၊ ဖလိုရိုက်ဒ်ဓာတ်နဲ့ ထိတွေ့တဲ့အကြိမ်အရေအတွက်၊ သွားမျက်နှာ ပြင်အားလုံးပါအောင် သန့်ရှင်းနိုင်တဲ့ သွားတိုက်နည်းစနစ်၊ သွားတိုက်ဆေးထည့်တဲ့ပမာဏ၊ ရေနဲ့ ပလုတ်ပြန်ကျင်းလား/ မကျင်းလား စတဲ့အကြောင်းအရာများစွာပေါ်မူတည်ပြီး ကိုယ်ပြန်ရမဲ့ အကျိုး ရလဒ်လည်း ကွာခြားနိုင်ပါတယ်။ တကယ်တမ်းတော့ ရှင်းလင်းပြောပြစရာတွေအများကြီးရှိနေပေမဲ့ ကိုယ်တိုက်မဲ့သွားတိုက်ဆေးမှာ ဖလိုရိုက်ဒ်ပါသင့်တယ်/ ဘာကြောင့်ဖလိုရိုက်ဒ်ပါတဲ့သွားတိုက်ဆေး သုံးသင့်တယ်ဆိုတဲ့ ချိတ်ဆက်မှုအတွေးရသွားရင်ပဲ အဆင်ပြေပါပြီ။
အဲဒီတော့ဗျာ ထုတ်လုပ်တဲ့သွားတိုက်ဆေးအမျိုးအစားပေါ်မူတည်ပြီး အခြေခံပါဝင် ပစ္စည်းတွေ ပါမယ်ဗျာ။ သာမန်ရေရှည်အတွက် သုံးမယ်ဆိုရင် ကိုယ်ရွေးချယ်မဲ့သွားတိုက်ဆေးမှာ ဖလိုရိုက်ဒ် ဘယ်အမျိုးအစားပါသလဲ/ ဘယ်လောက်ပါသလဲ ဖတ်ကြည့်ပြီး ရွေးသုံးရုံပါပဲဗျ။ အဲ့လိုမှမဟုတ်ဘဲ တခြားသွားဖြူချင်တာ၊ ကျဉ်တာသက်သာချင်တာ၊ အနံ့ဆိုးထွက်တာကာကွယ်ချင်တာ၊ သွားဖုံး ကျန်းမာရေးကောင်းမွန်ချင်တာ စတဲ့ရည်ရွယ်ချက်တွေအတွက်ဆိုရင်တော့ ထပ်တိုးပစ္စည်းတွေ ထပ်ပေါင်းထည့်ထားတဲ့ သွားတိုက်ဆေးမျိုး ရွေးချယ်ရမှာပေါ့။ “ဘယ်သွားတိုက်ဆေးကတော့ လူတိုင်း အတွက် အကောင်းဆုံးပါ” ဆိုတာမျိုး မဟုတ်ပါဘူး။ တဦးတယောက်ချင်းစီရဲ့ လိုအပ်ချက်အရ မိမိနဲ့ သင့်တော်ရာ ရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကို အနှစ်ချုပ်ရရင် ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ သွားတိုက်ဆေးဖြစ်ဖြစ် စျေးအများကြီးပေးပြီး သုံးကြပေမဲ့ သွားတိုက်နည်းစနစ် မမှန်ကန်ဘဲ သုံးနေရင်တော့ ထင်သလောက်အကျိုးရလဒ် မကောင်းနိုင်ပါဘူးဗျ။
လိုက်နာရမှာတွေက –
(၁) အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။
(၂) အစာစားပြီး နာရီဝက်ကြာမှ သွားတိုက်ပါ။
(၃) သွားမတိုက်ခင် သွားတွေကြားက အစာအကြွင်းအကျန်တွေကို သွားပွတ်ကြိုး (Dental Floss) နဲ့ သေချာသန့်ရှင်းရေးလုပ်ပါ။
(၄) မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ပါ။
(၅)ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ အမျှင်နူးညံ့တဲ့သွားတိုက်တံ အသုံးပြုပြီး စနစ်မှန် သွားတိုက်နည်းဖြင့် သွားမျက်နှာပြင်အကုန်ပါအောင်တိုက်ပါ။
(၆)သွားတိုက်ပြီး နေရခက်ရင် ရေနဲ့တကြိမ်သာ ပလုတ်ကျင်းပါ။
ဒါတွေကို သေချာဂရုစိုက်ပြီး နေ့စဉ်ပြုလုပ်မယ်ဆိုရင် သွားပိုးစားရောဂါ၊ သွားဖုံးရောဂါတွေ ကင်းဝေးနိုင်ပြီး နေ့စဉ်ပြုလုပ်တဲ့ ဆောင်ရွက်မှုသေးသေးလေးက နောင်တချိန်အတွက်တော့ အကျိုး ရလဒ်ကောင်းကောင်းရနိုင်ပါတယ်။ နေ့စဉ်ဆောင်ရွက်ချက်တွေကို ဂရုတစိုက်ပြုလုပ်ပြီး (၆)လတကြိမ် သွားဘက်ဆိုင်ရာ ဆရာဝန်ဆီမှာ ပြသစစ်ဆေးမယ်ဆိုရင် စားအား ဝါးအားကောင်းတဲ့ မိမိရဲ့ ကိုယ်ပိုင် သွားတွေကို နှစ်ပေါင်းများစွာ ကြာသည်အထိ ထိန်းသိမ်းထားနိုင်ပြီး သွားနဲ့ပတ်သက်တဲ့ စိတ်ဆင်းရဲမှု တွေကင်းဝေးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျား။