Skip to content
Ads Advertisement

အမျိုးသမီးများ ရာသီစက်ဝန်းအလိုက် နေထိုင်မှုပုံစံပြောင်းလဲဖို့ ကြိုးစားတဲ့အခါ ဘာတွေသိထားသင့်သလဲ

အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေအောက်က တစ်ခုဖြစ်တဲ့ Cycle Syncing ဆိုတဲ့ အသုံးအနှုန်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းအစားဆုံး ဆွေးနွေးခဲ့ကြတယ်လို့ ၂၀၂၅/၂၀၂၆ သုတေသနစာတမ်းတွေမှာ ဖော်ပြထားကြပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၂၀၂၆ က ထုတ်ပြန်တဲ့ BBC ရဲ့ ရီပို့မှာလည်း ဂူဂဲလ်ကနေ cycle syncing ဆိုပြီး ရှာဖွေမှုဟာ ၂၀၂၂ ကတည်းက ၇၄၀ ရာခိုင်နှုန်းလောက် တက်လာပြီး TikTok ဗီဒီယိုပေါင်း ၅၅၀၀၀ က cycle syncing (hashtag) အသုံးပြုထားကြတယ်လို့ ဆိုတယ်။ ဒီ Trend က အထူးသဖြင့် TikTok နဲ့ Instagram မှာ ပိုပြီး ပျံ့နေတာဖြစ်ပြီး ၂၀၂၆ လေ့လာစမ်းစစ်မှုတစ်ခုက TikTok ဗီဒီယို 160 မှာ cycle syncing (hashtag) အကြောင်းကို ဖော်ပြကြတဲ့အခါ ၉ ရာခိုင်နှုန်းလောက်က ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက် ထောက်ပံ့ပေးနေသူတွေဆီကဖြစ်ပြီး ကျန်ရာခိုင်နှုန်းဟာ ကျန်းမာရေးပညာမှုဘက်မှာ အလွန်အားနည်းကြတာ၊ Content အရည်အသွေး နိမ့်ကျတာတွေ ဖြစ်နေတယ်လို့ တွေ့ရှိရတယ်။

အထက်ပါ ဖြစ်ရပ်ကြောင့် သက်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာ (အထူးသဖြင့် အမျိုးသမီးကျန်းမာရေး လေ့လာသုံးသပ်သူများ) က ဆိုရှယ်မီဒီယာ Trend နဲ့ ဆေးပညာဆိုင်ရာ အထောက်အထားကို ခွဲခြားသုံးသပ်ပြီး မှန်ကန်တဲ့ ကျန်းမာရေးအလေ့အထကို ကျင့်သုံးဖို့လိုကြောင်း ယုံကြည်ရတဲ့ မီဒီယာများကတစ်ဆင့် အသိပေးထားကြပါတယ်။

ဒါကြောင့် MyanHealth အနေနဲ့လည်း ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေတဲ့ Cycle Syncing ဆိုတာဘာလဲ၊ တကယ်လို့ အမျိုးသမီးတွေအနေနဲ့ ရာသီစက်ဝန်းအလိုက် နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ ဘာတွေ သိထားသင့်သလဲ ဆိုတဲ့ အချက်တွေထဲက တချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။

Cycle Syncing ဆိုတာ ဘာလဲ။

Cycle Syncing ဆိုတာ အမျိုးသမီးတွေရဲ့ တစ်လတာ ရာသီစက်ဝန်းကို အဓိကအားဖြင့် အဆင့် ၄ ဆင့် ခွဲခြားပြီး အဲဒီအဆင့်တွေနဲ့ လိုက်လျောညီထွေ နေထိုင်စားသောက်ဖို့ အကြံပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒီအသုံးအနှုန်းကတော့ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းအဆင့်ဆင့်အလိုက် ကိုယ်လက်လေ့ကျင့်ခန်း၊ အစားအသောက်နဲ့ အလုပ်လုပ်ကိုင်မယ့် အချိန်ဇယားတွေကို လိုက်လျောညီထွေ ပြောင်းလဲချိန်ညှိဖို့ အကြံပြုထားတာဖြစ်ပါတယ်။ ဒီနည်းလမ်းကြောင့် အမျိုးသမီးအချို့က သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးအခြေအနေ သိသိသာသာ ကောင်းမွန်လာတယ်လို့ ဆိုကြပေမယ့် ဒီအယူအဆကို သိပ်လက်မခံသူအချို့လည်း ရှိပါတယ်။

– ရာသီမလာမီကာလ (Luteal Phase) – ကိုယ်လက်လှုပ်ရှားမှုကို အနည်းငယ်လျှော့ချပြီး အနားယူဖို့ ပိုမိုဂရုစိုက်ပါ။ အစားအသောက် စားချင်စိတ်ပြောင်းလဲမှုတွေ ဖြစ်နိုင်တာကြောင့် ကိုယ့်ကိုယ်ကို နားလည်ပေးဖို့ လိုအပ်ပါတယ်။

– ရာသီလာချိန် (Menstrual Phase – ပထမ ၁ ရက်မှ ၅ ရက်ခန့်) – အနားယူပါ။ သက်သောင့်သက်သာရှိစေမယ့် နေထိုင်မှုပုံစံကို ရွေးချယ်ပါ။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပါ။

– သားဥအိမ်အတွင်း သားဥကြီးထွားချိန် (Follicular Phase) – ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေ တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့အတွက် လေ့ကျင့်ခန်းအသစ်တွေ စမ်းသပ်တာ၊ အားကစားလေ့ကျင့်မှု ပိုမိုပြုလုပ်တာတွေ လုပ်နိုင်ပါတယ်။

– သားဥကြွေချိန် (Ovulation) – လူမှုဆက်ဆံရေးနဲ့ လှုပ်ရှားမှုတွေအတွက် စိတ်အားထက်သန်မှု ပိုရှိနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ အရေးကြီးတဲ့ အစည်းအဝေးတွေ၊ တင်ပြမှုတွေ ပြုလုပ်ဖို့ သင့်တော်နိုင်ပါတယ်။

သိပ္ပံနည်းကျ လေ့လာချက်တွေက ဘာပြောထားသလဲ။

အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းတစ်လျှောက် ဟော်မုန်းပမာဏတွေ ပြောင်းလဲနေတာဟာ အမှန်တကယ် ဖြစ်ပေါ်နေတဲ့ ဇီဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီဟော်မုန်းအပြောင်းအလဲတွေက အိပ်စက်မှု၊ စိတ်ခံစားချက်၊ အစားအသောက်စားချင်စိတ်နဲ့ နာကျင်မှုတွေကို သက်ရောက်စေနိုင်တာ မှန်ပေမယ့် “ရာသီစက်ဝန်း ဒုတိယပတ်မှာ ဒီလိုလုပ်ပါ၊ တတိယပတ်မှာ ဒီလိုစားပါ” ဆိုတဲ့ တိကျသေချာတဲ့ သတ်မှတ်ချက်တွေကိုတော့ သိပ္ပံနည်းကျ အပြည့်အဝ အတည်ပြုထားနိုင်ခြင်း မရှိသေးပါဘူး။ ရာသီစက်ဝန်းနဲ့ ကိုယ်လက်လေ့ကျင့်ခန်းအပေါ် လေ့လာထားတဲ့ သုတေသနတွေဟာ အရေအတွက်နည်းပါးသလို ရလဒ်တွေကလည်း တစ်ခုနဲ့တစ်ခု ကွဲပြားနေပါတယ်။ အရေးကြီးဆုံး ထည့်သွင်းစဉ်းစားရမယ့် အချက်က အမျိုးသမီးတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အခြေအနေကလည်း မတူညီကြတာကိုပါ။ ဒါ့အပြင် လူသိများနေတဲ့ ၂၈ ရက်တာ ရာသီစက်ဝန်းဆိုတာ စံပြပုံစံတစ်ခုသာ ဖြစ်ပြီး အမျိုးသမီးတိုင်းမှာ အဲဒီအတိုင်း တိတိကျကျ ဖြစ်ပေါ်နေတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ဒီနေရာမှာ စာရေးသူရဲ့ ပုဂ္ဂလိက အမြင်ကို မျှဝေပေးချင်ပါတယ်။ Cycle Syncing လုပ်တဲ့အခါ

ကိုယ့်ခန္ဓာကိုယ်အကြောင်း ပိုမိုသိရှိလာစေခြင်း

ရာသီစက်ဝန်းကို ပုံမှန်မှတ်တမ်းတင်ကြည့်ခြင်းက ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ပိုမိုနားလည်လာစေပါတယ်။ ဥပမာ လအနည်းငယ်ကြာ မှတ်တမ်းတင်ကြည့်တဲ့အခါ ရာသီမလာခင် တစ်ပတ်မှာ အိပ်စက်မှုမကောင်းတာ၊ ဒါမှမဟုတ် စိတ်ခံစားမှု အပြောင်းအလဲ ဖြစ်တာ .. (ဝမ်းနည်းတာ ဒေါသကြီးလာတာ စိတ်ဓာတ်ကျတာ) စသဖြင့် ဖြစ်လာသလို တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်စွမ်းအင် ပိုမိုကောင်းမွန်လာတာမျိုးတွေကို သတိပြုမိလာနိုင်ပါတယ်။ ဒီလို ကိုယ့်ရဲ့ ပုံမှန်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သိရှိထားခြင်းက ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေ နေထိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

အားအင်မရှိတဲ့နေ့တွေကိုလည်း လက်ခံနိုင်ခြင်း

ကျမတို့ အမျိုးသမီးအများစုဟာ နေ့စဉ်နေ့တိုင်း တူညီတဲ့ စွမ်းဆောင်ရည်နဲ့ အလုပ်လုပ်နိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေအောက်မှာ နေထိုင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ တချို့နေ့တွေမှာ ပင်ပန်းနွမ်းနယ်တာ၊ အားအင်မရှိတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလိုနေ့တွေ ရှိတယ်ဆိုတာကို လက်ခံခြင်း၊ ဘာကြောင့်ဖြစ်ရတာလဲဆိုသည့် အကြောင်းအရင်းကို သိလာလက်ခံလာကြပါတယ်။

ဒါပေမယ့် တစ်ဖက်မှာ သတိထားသင့်တဲ့အချက်တစ်ခုက တင်းကျပ်လွန်းတဲ့ စည်းမျဉ်းတွေ သတ်မှတ်လိုက်တဲ့အခါ စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်

ဥပမာ PCOS (သားဥအိမ်တွင် အရည်အိတ်ငယ်များစွာ ဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်သော ဟော်မုန်းဆိုင်ရာ ရောဂါအခြေအနေ)၊ Endometriosis (သားအိမ်အတွင်းနံရံတစ်ရှူးများ သားအိမ်အပြင်ဘက်တွင် ပေါက်ပွားလာခြင်း)၊ ရာသီမမှန်ခြင်း၊ သန္ဓေတားဆေး သောက်သုံးခြင်းနဲ့ သွေးဆုံးခါနီးကာလ (Perimenopause) တို့ကို ဖြတ်သန်းနေရတဲ့ အမျိုးသမီးတွေအတွက်တော့ ပုံသေတွက်ထားတဲ့ ရာသီစက်ဝန်းပုံစံနဲ့ ပြုမူနေထိုင်လို့ မရပြန်ပါဘူး။ ဒါကြောင့် Cycle Syncing ရဲ့ ပုံမှန်သတ်မှတ်ချက်တွေဟာ အမျိုးသမီးတိုင်းနဲ့ ကိုက်ညီမယ်လို့ မဆိုနိုင်ပါဘူး။

ဆိုလိုတာ သတ်မှတ်ထားတဲ့ ပုံသေနည်းတစ်ခုအတိုင်း လိုက်နာတာထက် ကိုယ့်ရဲ့ ရာသီစက်ဝန်းနဲ့ လိုက်လျောညီထွေ နေထိုင်တတ်ဖို့ ပိုအရေးကြီးပါတယ်။ ကျန်းမာရေးအတွက် လိုက်နာရမယ့် နည်းလမ်းတွေဟာ စိတ်ဖိစီးမှုကို လျှော့ချပေးသင့်ပါတယ်။ လိုက်နာရမယ့် စည်းမျဉ်းအသစ်တွေ ထပ်တိုးလာပြီး မလိုက်နာနိုင်တဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင်မိစေမယ်ဆိုရင်တော့ အကျိုးရှိတဲ့ ကျန်းမာရေးအလေ့အကျင့်တစ်ခု မဟုတ်တော့ပါဘူး။

နိဂုံးချုပ်အနေနဲ့ အမျိုးသမီးများ ရာသီစက်ဝန်းအရ မိမိရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲတော့မယ်ဆိုရင် အရင်ဆုံး လအနည်းငယ်ကြာ ရာသီစက်ဝန်းကို မှတ်တမ်းတင်ကြည့်ပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေနဲ့ ပုံမှန်ဖြစ်ပေါ်တတ်တဲ့ အခြေအနေတွေကို သတိပြုပါ။ လိုအပ်တဲ့အခါ အနားယူပါ။ အားအင်ပြည့်ဝနေတဲ့အခါမှာလည်း လှုပ်ရှားလေ့ကျင့်ပါ။ အကယ်၍ ပြင်းထန်တဲ့ ရာသီလာနာကျင်မှု၊ ရာသီလုံးဝမလာတာ သို့မဟုတ် စိတ်ခံစားချက် အလွန်အမင်း ပြောင်းလဲလာတဲ့အခါ ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ ကြိုးစားမနေဘဲ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

ဤဆောင်းပါးသည် အထွေထွေကျန်းမာရေး အသိပညာပေးအချက်အလက်သာ ဖြစ်ပြီး တစ်ဦးချင်းစီအတွက် ဆေးဘက်ဆိုင်ရာ အကြံပြုချက်အဖြစ် အစားထိုးအသုံးပြုရန် မဟုတ်ပါ။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement