Skip to content
Ads Advertisement

ရင်သွေးငယ် သွားကျန်းမာရေး

​ယနေ့ခေတ်ရဲ့ လူနေမှုဘဝတွေက ခက်ခဲပင်ပန်းကြပါတယ်။ အိမ်ထောင်ပြုဖို့တောင် စဉ်းစဉ်း စားစားဖြစ်နေတဲ့ခေတ်ကာလမှာ သားသမီးယူကြဖို့ဆိုတာ ပိုလို့တောင်ခက်ခဲလာကြပါတယ်။ အိမ်ထောင်ပြုတဲ့နှုန်း၊ ကလေးယူတဲ့နှုန်းထားတွေ သိသိသာသာကျဆင်းလာတာမြင်နေကြရတာပဲဗျ။ အဲ့လိုအခြေအနေအတွင်း အိမ်ထောင်ပြု၊ ကလေးယူကြပြီဆိုရင် အရင်ခေတ်တွေကထက်ပိုပြီး ခက်ခဲမှု တွေ၊ စိန်ခေါ်မှုတွေနဲ့ ပူပန်နေကြရပါတယ်။ ငွေရေးကြေးရေး၊ နေထိုင်စားသောက်ရေး၊ ရင်သွေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အထွေထွေကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ထင်သာမြင်သာရှိတဲ့ အကြောင်းအရာ တွေနဲ့ပဲ လုံးပန်းကြရတဲ့အခါ သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုပြုအလေးထားနိုင်ဖို့ရာ မလွယ်ပါဘူး။ ဒါပေမဲ့ သွားဘက်ဆိုင်ရာဆရာဝန်တယောက်အနေနဲ့ မိဘတွေအတွက် ရေရှည်မှာ ငွေကုန်ကြေးကျ နည်းအောင်၊ ကလေးငယ်တွေ သွားနဲ့ပတ်သက်တဲ့ ဝေဒနာတွေ မခံစားရအောင်၊ မိဘရော ကလေးရော ရေရှည်မှာ စိတ်ချမ်းသာစေဖို့အတွက် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာ မျှဝေပေးလိုတာဖြစ်ပါတယ်။

​ရင်သွေးငယ်မွေးဖွားထားတဲ့မိခင်မှာ ရင်သွေးလေးတရက်ပြီးတရက် ကျန်းကျန်းမာမာ ရှင်သန် ကြီးထွားဖို့ ဂရုစိုက်ပေးနေရတဲ့တာဝန်၊ ဝတ္တရားတွေအပြင် ခံတွင်းသန့်ရှင်းကျန်းမာရေးကိုလည်း အလေးထားရမဲ့ အကြောင်းထပ်တိုးအသိပေးချင်ပါတယ်။ မိခင်အတွက် တာဝန်ပိုများသွားပေမဲ့ မိမိ ရင်သွေးငယ်အတွက် ကောင်းမွန်ကျန်းမာတဲ့ သွားနှင့်ခံတွင်းကို ပိုင်ဆိုင်ပြီး ရေရှည်မှာ စိတ်ချမ်းသာစေ မှာဖြစ်ပါတယ်။ ရင်သွေးငယ်ရဲ့ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပေးသလို ခံတွင်းသန့်ရှင်းဖို့ပြုလုပ် ပေးတဲ့အခါမှာ သန့်ရှင်းတဲ့ပိတ်စ(Steriled Gauze)အသုံးပြုရမှာ ဖြစ်ပါတယ်။ ပိတ်စကို ရေကျက်အေး မှာစိမ်၊ ရေညှစ်ပြီး သန့်ရှင်းစင်ကြယ်အောင်ဆေးထားတဲ့ မိခင်ရဲ့လက်ညှိုးမှာပတ်တဲ့အနေအထားနဲ့ သွားဖုံး၊ လျှာတွေကို ညင်ညင်သာသာ သုတ်သင်သန့်ရှင်းပေးရပါမယ်။ မနက်တကြိမ်၊ ညတကြိမ် ပြုလုပ်ပေးနိုင် ပါတယ်။ ဒီလိုလုပ်ပေးတာက ခံတွင်းသန့်ရှင်းရေးအပြင် သွားလေးတွေထွက်ပေါ်လာမဲ့ သွားဖုံးဖွံ့ဖြိုးရေးကိုလည်း လှုံ့ဆော်ပေးရာရောက်ပါတယ်။ သွားစတင်ထွက်ပေါ်လာပြီဆိုရင်တော့ သွားဖုံး/လျှာနဲ့ သွားဘေးပတ်လည်ကိုပါ သန့်ရှင်းပေးရပါမယ်။ သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးထားတဲ့ ကလေးရဲ့ ခံတွင်းထဲမှာ ဘက်တီးရီးယားပေါက်ပွားမှုလည်းနည်းပါးတဲ့အတွက် ပေါက်လာတဲ့သွား တွေမှာ အလွယ်တကူသွားပိုးစားတာ၊ သွားဖုံးရောဂါဝင်တာနည်းပါတယ်။ ခံတွင်းထဲမှာ အစာအကြွင်း အကျန်လည်း မကျန်ရှိတဲ့ အတွက် ကလေးရဲ့ ခံတွင်းနံ့လည်း ကောင်းမွန်ပါလိမ့်မယ်။

​ရင်သွေးငယ်မွေးဖွားပြီး အသက်တနှစ်ပြည့်တဲ့အခါ တနှစ်ပြည့်မွေးနေ့ကို သတိတရလုပ်ပေးကြ သလို တနှစ်ပြည့်အသက်အရွယ်အတွက် သွားနှင့်ခံတွင်းဆေးခန်းမှာ ပြသစစ်ဆေးအကြံဉာဏ်ယူဖို့လို ပါတယ်။ “သွားငုတ်တုတ်၊ လူငုတ်တုတ်’ဆိုသလိုပဲ ကလေးငယ်လေး ငုတ်တုတ်ထိုင်နိုင်တဲ့အရွယ် (၆လ-၈လ)ဝန်းကျင်မှာ အောက်ရှေ့သွားလေး နှစ်ချောင်းလည်း ငုတ်တုတ်ပေါက်လာပါပြီ။ ဖြည့်စွက်စာ စတင်စားတဲ့အချိန်ဆိုရင် ခံတွင်းထဲမှာ အစာအကြွင်းအကျန်လည်း ရှိလာပါပြီ။ ဒါကြောင့် ခံတွင်းသန့် ရှင်းရေးဂရုစိုက်ပေးရသလို တချို့မိဘတွေက သွားစပေါက်တာနဲ့ သွားဆေးခန်းမှာ လာရောက်တိုင်ပင် ဆွေးနွေးတာမျိုးလည်း ရှိကြပါတယ်။ ပထမသွားစပေါက်ချိန် ဒါမှမဟုတ် ကလေးအသက်တနှစ်ပြည့် ပြီးချိန်မှာ ပထမဆုံးအကြိမ် သွားဆေးခန်းသို့လာရောက်စစ်ဆေးတိုင်ပင်ခြင်း(First dental visit)လုပ် ပေးလို့ရပါတယ်။ သွားဆေးခန်းမှာ စောစောပြသအကြံဉာဏ်ယူထားရင် ကလေးရဲ့ အစားအသောက် အလေ့အကျင့်၊ သွားတွေမှာ သွားပိုးစားရောဂါဖြစ်နိုင်ချေ အနေအထား၊ သွားရဲ့ ကြွေလွှာခိုင်ခံ့မှုအနေ အထား၊ ထွက်ပေါ်လာမဲ့သွားတွေ နေရာတကျပေါက်လာပြီး ကျန်းမာနေဖို့၊ လူကြီးသွားများမပေါက်ခင် ကောင်းမွန်စွာ ဝါးစားနိုင်ဖို့နဲ့ စနစ်တကျသွားနှင့်ခံတွင်း သန့်ရှင်းရေးကို မိဘကိုယ်တိုင် နားလည် သဘောပေါက်စေနိုင်ပါတယ်။

​သွားတချောင်း စပေါက်တဲ့အချိန်ကနေ ကလေးအသက်(၆)နှစ် မပြည့်ခင်အရွယ်အတွင်း ကလေးငယ်တွေမှာဖြစ်တတ်တဲ့ “ကလေးငယ်အစောပိုင်းအရွယ် သွားပိုးစားရောဂါ(Early Childhood Caries-ECC)အကြောင်းပြောချင်ပါတယ်။ ECC က ညဖက်အိပ်တဲ့အခါ နို့ဘူးတပ်ပြီးအိပ်တဲ့ကလေးတွေ မှာ အဖြစ်များပါတယ်။ Nursing Bottle Caries လို့လည်းခေါ်ပါတယ်။ ကလေးရဲ့သွားမျက်နှာပြင်တွေ က တညလုံးအချိုနဲ့ထိတွေ့ပြီး စိမ်ထားသလိုဖြစ်တဲ့အခြေအနေကြောင့် ငယ်ရွယ်လွန်းတဲ့ကလေးရဲ့ သွားတွေမှာ သွားပိုးစားဖြစ်စဉ် စလာပါတယ်။ နေ့လည်ဘက်တွေမှာပါ အချိုတွေကျွေးနေမိတယ် ဆိုရင်တော့ ပိုဆိုးပြီပေါ့ဗျာ။ ဒီကြားထဲ သွားသန့်ရှင်းရေးကျတော့လည်း ကောင်းကောင်းဂရုစိုက်ပြီး မလုပ်ပေးဖြစ်ဘူး ဆိုရင် ECC ဖြစ်နိုင်ချေမြင့်မားနေပါပြီ။

​အုပ်ထိန်းသူမိဘတွေရဲ့ သွားနှင့်ခံတွင်း သန့်ရှင်းကျန်းမာရေးကလည်း တခန်း တကဏ္ဍအရေး ပါလာပြန်ပါတယ်။ အုပ်ထိန်းသူတွေမှာ သွားပိုးစား​ရောဂါ၊ သွားဖုံးရောဂါရှိနေရင် ကလေးကိုနမ်းတာ၊ ဇွန်း ပန်းကန်အတူမျှသုံးတာ၊ ကလေးကို အစာမခွံ့ခင် အစာအေးအောင်လေမှုတ်ပြီး ကျွေးတာကအစ ချီပြီး လူကြီးပါးစပ်ထဲက ဘက်တီးရီးယားတွေက ကလေးဆီကို ရောက်လာပြီး ကလေးမှာလည်း သွားပိုးစားရောဂါ၊ သွားဖုံးရောဂါဖြစ်လာနိုင်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ဒါ့ကြောင့် အုပ်ထိန်းသူ မိဘတွေမှာလည်း သွားပိုးစားရောဂါ ကုသကာကွယ်ထားတာ၊ မိဘကိုယ်တိုင်က သွားနှင့်ခံတွင်း ကျန်းမာရေး အသိရှိတာတွေက ကလေးအတွက်များစွာအထောက်အကူဖြစ်ပါတယ်။ ကလေးရဲ့ ခံတွင်း ထဲမှာဘက်တီးရီးယားတွေက အချဉ်ဖောက်လိုက်တဲ့ အက်စစ်ထွက်ပေါ်မှု ခဏခဏဖြစ်ပြီး သွားမျက်နှာ ပြင်ဆွေးမြေ့ပျက်စီးတာကနေ ECC စဖြစ်လာပါတော့တယ်။ ကလေးရဲ့သွားတွေမှာ အဖြူကွက်၊ အညို ကွက်နဲ့ ချိုင့်နေ ပေါက်နေတာတွေရှိနေပြီဆိုရင် သွားဆေးခန်းပြသဖို့ အရေးတကြီး အချက်ပြနေပြီ ဖြစ်ပါတယ်။ ECC ဖြစ်နိုင်ချေမြင့်မားတဲ့ကလေးတွေကို သွားဆေးခန်းမှာ ဖလိုရိုက်ဒ်ကုသမှုပြုလုပ်ပေး လို့ရပါတယ်။ နာကျင်မှုမရှိသေးလို့ လစ်လျူရှုထားမယ်ဆိုရင် မလွဲမသွေ နာကျင်တဲ့အဆင့်ကိုရောက်ပြီး ပိုမိုပြင်းထန်တဲ့(Severe ECC)ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် မိဘတွေရေရှည်မှာ စိတ်မော လူမော မဖြစ်ရအောင် ကလေးသွားစထွက်ပြီဆိုတာနဲ့ သွားဆေးခန်းမှာ ပြသတိုင်ပင်ကြဖို့ အကြံပြုပြောဆိုတာ ဖြစ်ပါတယ်။

​နောက်တခုသတိထားရမှာက “ပြင်းထန်လျင်မြန်စွာ ပျံ့နှံ့သောသွားပိုးစားရောဂါ(Rampant Caries)” ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကတော့ ကလေးရော လူကြီးမှာပါ ခံတွင်းထဲက သွားအားလုံးနီးပါး သွားပိုးစားဖြစ်စဉ် လျင်လျင်မြန်မြန် ဖြစ်သွားတဲ့အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ အကယ်၍ ECC ဖြစ်နေပါလျက် “ကလေးသွားတွေပဲ လူကြီးသွားပြန်ပေါက်လာလိမ့်မယ်” ဆိုပြီး ပစ်ထားလိုက်ရင် Rampant Caries ဖြစ်သွားနိုင်ပါတယ်။ ဘာမှမဟုတ်ပါဘူးလို့ ထင်တဲ့ကိစ္စလေးက နောက်နေ့တွေမှာ ပြဿနာအကြီးကြီးဖြစ်လာနိုင်ပါတယ်ဗျ။ အစားအသောက်ရွေးချယ်မှု မမှန်ကန်ခြင်း၊ ပုံမှန်ထက် သကြားစားသုံးမှုများခြင်း၊ ခံတွင်းထဲမှာ တံတွေးအထွက်နည်းတဲ့ အခြေအနေဖြစ်နေခြင်း၊ သွားနှင့် ခံတွင်း သန့်ရှင်းရေး လုံလောက်မှု မရှိခြင်း၊ ခံတွင်းထဲမှာ ဘက်တီးရီးယား ပမာဏကြောက်စရာကောင်း အောင်များပြားလွန်းခြင်း၊ သွားအပေါ်ယံကြေွလွှာအားနည်းခြင်းနဲ့ သွားမျက်နှာပြင်အတွက် လိုအပ်တဲ့ ဖလိုရိုက်ဒ်ဓာတ်ရရှိမှုနည်းခြင်းတွေက Rampant Caries ဖြစ်ပွားနိုင်ချေများတဲ့အခြေအနေအကြောင်း အရာတွေဖြစ်ပါတယ်။ ဒီဖြစ်စဉ်က အချိန်မြန်မြန်နဲ့ပဲ ခံတွင်းထဲက သွားတော်တော်များများ သွားပိုးစား ရောဂါဖြစ်ပြီး ကလေးရဲ့ သွားနှင့်ခံတွင်းမှာ ဆိုးဆိုးဝါးဝါးနာကျင်ရောင်ရမ်းတာ၊ ပိုးဝင်တာ၊ အစာစားရ ခက်တာ၊ စကားပြောဖို့ခက်တာအပြင် တခြားခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေမှာပါ ဆိုးကျိုးသက်ရောက်နိုင်ပါ တယ်။ ကျောင်းနေအရွယ်ကလေးတယောက်သာဆိုရင် ခဏခဏရောဂါပိုးဝင်တာ၊ ရောင်ရမ်းတာ၊ နာကျင်တာဖြစ်လာပြီး ကျောင်းခဏခဏပျက်ရ၊ ညမအိပ်နိုင်၊ အစာမစားနိုင်တာနဲ့ ကလေးရဲ့စိတ် အခြေအနေလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ ကလေးသွားကနေတဆင့် တချိန်မှာပေါက်လာဖို့ မေးရိုးထဲမှာရှိနေတဲ့ လူကြီးသွားတွေကိုပါ ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အနာဂတ်မှာလည်း သွားနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာတွေကြုံရနိုင်သလို မိမိကိုယ်ကို ယုံကြည်မှုကျဆင်းပြီး ပြောဆိုဆက်ဆံရေး တွေမှာပါ စိတ်အနှောင့်အယှက်ဖြစ်စရာတွေဖြစ်လာနိုင်ပါတယ်။

​ဒါ့ကြောင့် စောစီးစွာ သွားဆေးခန်းမှာ ပြသတိုင်ပင်ဖို့က အရေးကြီးပါတယ်။ ကြိုတင်ကာကွယ် မှုက ရင်သွေးငယ်တွေကို နာကျင်မှုကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။ ဒီလိုကြိုတင်ကာကွယ်ကုသမှု ပြုလုပ်ခြင်း၊ စနစ်မှန်သွားသန့်ရှင်းရေး ဂရုစိုက်လုပ်ခြင်း၊ မိဘရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာ ရှိခြင်းနဲ့ အချိန်မှန်သွားဆေးခန်းချိန်းဆိုပြသခြင်းတွေက ကလေးရဲ့ခံတွင်းထဲမှာ သွားပိုးစားပေါက်တွေ ကင်းစင်စေမှာဖြစ်ပါတယ်။ ကျန်းမာတဲ့ကလေးသွားလေးတွေက ကျန်းမာတဲ့လူကြီးသွားတွေပေါက် လာဖို့ ရှေ့ဆောင်အခင်းအကျင်းတရပ်ဖြစ်တယ်ဆိုတာ မိဘများသတိမူဖို့ ပြောပြရင်းကလေးငယ်တိုင်း Early Childhood Caries နဲ့ Rampant Caries တွေဖြစ်လာနိုင်တဲ့ အခြေအနေမျိုးမှ ကင်းရှင်းကြပါ စေဗျာ။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement