အစာစားပြီးတိုင်း ကျဲလ်တစ်ယောက် အမြဲတမ်းရှာတတ်တာက သွားကြားထိုးတံ (Toothpick)၊ ဒါမှမဟုတ် Dental Floss ဆိုတဲ့ သွားပွတ်ကြိုး။ ဒီလိုမှမဟုတ်ရင် သွားကြားထဲဝင်နေတဲ့ အစာအကြွင်းအကျန်တွေက ခုလုခုလုနဲ့ဆိုတော့ နေရခက်တယ်လေ။ ဒီတော့ စားပြီးပြီဆိုတာနဲ့ ချက်ချင်းကို လိုက်ရှာရကော။ အိမ်မှာမဟုတ်ဘဲ ခရီးသွားရတဲ့အခါမျိုးမှာဆိုရင်တော့ မပါမဖြစ် ထည့်ရတာက သွားပွတ်ကြိုး။ လမ်းခရီးမှာ ဗိုက်ဆာလို့ ဆိုင်တစ်ခုခုဝင်စားရင် မဖြစ်မနေကို ထည့်သွားရတဲ့ Oral-hygiene tools ပဲ။ သွားတတ်တဲ့ လမ်းတစ်လျှောက် ဆိုင်တွေမှာက ရှာရခက်လို့လေ။
သွားသန့်ရှင်းရေးဟာ ကျဲလ်တို့ လူသားတွေအတွက် အရမ်းကို အရေးကြီးတဲ့အရာပါ။ American Dental Association – ADA က ကျန်းမာရေးအတွက် တစ်နေ့တစ်ကြိမ် သွားကြားသန့်ရှင်းရေးပြုလုပ်ပေးဖို့ လိုတယ်လို့ အကြံပြုထားသလို သွားကြားထိုးတံ၊ သွားပွတ်ကြိုးသုံးတာဟာ ပြဿနာမဟုတ်ဘဲ မမှန်ကန်တဲ့ အသုံးပြုနည်းကသာ ပြဿနာဖြစ်နိုင်တယ်လို့ လေ့လာဆန်းစစ်မှုတွေကို အခြေခံပြီး ထုတ်ပြန်ထားပါတယ်။ အစာစားပြီးလို့ သွားကြားထဲကျန်ခဲ့တဲ့ အစာအကြွင်းအကျန်တွေဟာ သာမန်လို့ ထင်ရပေမယ့် တကယ်တော့ ဒီအကြွင်းအကျန်တွေဟာ သွားပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ သွားချေးလို့ခေါ်တဲ့ Dental Plaque ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် သကြားနဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေဟာ သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေ ဖြစ်နိုင်ခြေကို တိုးလာစေလို့ပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ခံတွင်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေဟာ ကမ္ဘာတစ်ဝန်းက မကူးစက်နိုင်တဲ့ရောဂါ (Non-Communicable Diseases – NCDs) ထဲပါဝင်ပြီး ခန့်မှန်းခြေအနေနဲ့ ကမ္ဘာ့လူဦးရေရဲ့ ၃ ဒသမ ၅ ဘီလျံဟာ ဒီရောဂါကို ခံစားနေကြရပါတယ်။ WHO က ပြောတဲ့ ခံတွင်း NCDs ရောဂါထဲမှာ သွားပိုးစားတာ၊ သွားဖုံးရောဂါ၊ သွားဆုံးရှုံးတာ၊ ခံတွင်းကင်ဆာ၊ ခံတွင်းနဲ့သွားတွေ ထိခိုက်ဒဏ်ရာရတာ (Oro-dental trauma)၊ မွေးရာပါ နှုတ်ခမ်းကွဲ/အာခေါင်ကွဲ ရောဂါတွေ ပါဝင်ပါတယ်။ ခံတွင်းကျန်းမာရေးပြဿနာဟာ ကမ္ဘာတစ်ဝန်းလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသလို အထူးသဖြင့် ဝင်ငွေနည်းတဲ့၊ ဝင်ငွေအလယ်အလတ်အဆင့်ရှိတဲ့ နိုင်ငံတွေမှာ ပိုဖြစ်တယ်လို့ သတိပေးထားပါတယ်။
မြန်မာမှာ အသုံးများတဲ့ သွားကြားထိုးတံ
မြန်မာ့လူ့အသိုက်အဝန်းကို ကြည့်ရင် သွားကြားက အညစ်အကြေးကို ရှင်းဖို့အတွက် သွားကြားထိုးတံကို အများဆုံး သုံးကြလေ့ရှိပါတယ်။ နေအိမ်တွေမှာတင် တခုတ်တရ ဆောင်ထားတတ်ကြတာ မဟုတ်ဘဲ စားသောက်ဆိုင်တွေမှာပါ မဖြစ်မနေပုံစံနဲ့ ထားကြတာပါ။ နေအိမ်တွေက မိသားစုသုံးပုံစံ ထားကြတာမို့ ပြဿနာမရှိပေမယ့် စားသောက်ဆိုင်တွေမှာက အများဆိုင်နေရာဖြစ်တာ၊ သန့်ရှင်းရေးကိစ္စတွေ များမြောင်တာမို့ ပုံမှန်ထက် ဘက်တီးရီးယားပိုးမွှားတွေ တွယ်ကပ်လာဖို့ လက်ယပ်ခေါ်သလို ဖြစ်နေတတ်ပါတယ်။
“ကျွန်တော်က အစားတစ်ခုခုစားပြီးတိုင်း သွားကြားထိုးတတ်တာက အကျင့်လို ဖြစ်နေပြီ။ အဲဒီလိုမှမဟုတ်ရင် ပါးစပ်ထဲ ခုလုခုလုနဲ့ ဖြစ်နေပြီး သွားကြားထိုးတံ လိုက်ရှာရကော။ ဒါပေမဲ့ စားသောက်ဆိုင်တွေမှာက သွားကြားထိုးတံကို မြင်ကောင်းအောင် ဘူးလေးတွေနဲ့ ထည့်ထားတတ်ပေမယ့် ဒါက ဘယ်လောက်သန့်တယ်ဆိုတာက အာမမခံနိုင်ဘူးလေ။ ဒီတော့ ပိုက်ဆံအိတ်မှာ အမြဲတမ်း သွားကြားထိုးတံ၊ ဒါမှမဟုတ် သွားကြားပွတ်တံလေး ဆောင်ထားရတယ်” လို့ အလုံမြို့နယ်၊ ကွင်းကျောင်းလမ်းမှာ နေတဲ့ ကိုသားကြီး (အမည်လွှဲ) က ပြောပြပါတယ်။
သွားကြားထိုးတံဟာ သွားကြားထဲကို အင်အားသုံးပြီး ထိုးသွင်းရတဲ့ နည်းမို့ တစ်ခါတရံမှာ သွားဖုံးထဲအထိ ထိုးမိတာမျိုး ကြုံတတ်ပါတယ်။ အဲဒီအခါ သွားဖုံးတစ်ရှူးတွေ ထိခိုက်/ပျက်စီးတာ၊ သွားကြားထိုးတံ (သစ်သား) အစအနတွေ ကျန်ခဲ့တာ၊ သွားဖုံးထဲ စူးဝင်တာတွေဟာ သွားဖုံးတွင်း ရောင်ရမ်းတာနဲ့ ပြည်တည်နာ (Abscess) ကို ဖြစ်စေတတ်ပြန်ပါတယ်။ နောက်ပြီး သွားကြားထိုးတံနဲ့ အားသုံးပြီး ထိုးတာ၊ သွားပွတ်ကြိုးနဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တာတွေဟာ သွားရဲ့ အပြင်ဘက်ဆုံး အပေါ်ယံကြွေလွှာ (Enamel) ကို ပျက်စီးစေတာပါ။ ဒီကြွေလွှာဟာ သွားအတွင်းက သွားအာရုံကြောနဲ့ သွေးကြောပိုင်းကို အပူ၊ အအေး၊ ဖိအားနဲ့ ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးထားတာပါ။ လူတွေ အစာစားကြတဲ့အခါ အစာထဲပါတဲ့ သကြားဓာတ်ဟာ ခံတွင်းထဲက ဘက်တီးရီးယားတွေနဲ့ တွေ့တဲ့အခါ အက်ဆစ်ဓာတ်ကို ထုတ်ပေးပါတယ်။ ဒီအက်ဆစ်ဓာတ်က အပေါ်ယံကြွေလွှာတွေကို ဆက်တိုက် တိုက်ခိုက်လေ့ရှိပြီး သွားပိုးစားတာကို ဖြစ်စေတာပါ။ ကြွေလွှာတွေဟာ ပျက်စီးသွားရင် တခြားတစ်ရှူးတွေလို ကိုယ်တိုင်ပြုပြင်နိုင်စွမ်း အလွန်နည်းတာမို့ ပျက်စီးသွားရင် အသစ်ပြန်မရတော့တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်ရေးတစ်ရှူးအမျိုးအစားပါ။
သွားနဲ့ နှလုံးကြားက အဆက်အစပ်
အမေရိကန် နှလုံးရောဂါအသင်း (American Heart Association – AHA) က ၂၀၂၅ ခုနှစ်အတွက် သိပ္ပံဆိုင်ရာ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာ သွားဖုံးရောင်ရမ်းတာနဲ့ သွားဖုံးရောဂါတွေဟာ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေများတဲ့အကြောင်းနဲ့ အဆက်အစပ်ကို ဖော်ပြထားပါတယ်။ ပါးစပ်ထဲက ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာကို မြင့်စေပြီး ရေရှည်ရောင်ရမ်းတာနဲ့ သွေးကြောနံရံပုံစံ ပြောင်းလဲတာတွေဟာ Atherosclerosis ဆိုတဲ့ သွေးကြောထဲ အဆီတွေ စုပုံတာ (သွေးကြောကျဉ်းတာ) နဲ့ ဆက်စပ်နိုင်ပြီး ဒီကတစ်ဆင့် နှလုံးသွေးကြောရောဂါဖြစ်တာနဲ့ လေဖြတ်တာလိုမျိုး အခြေအနေတွေနဲ့ ဆက်စပ်သွားနိုင်ပါတယ်။
နောက်တစ်ခုကတော့ Infective Endocarditis ဆိုတဲ့ နှလုံးအဆို့ရှင် ပိုးဝင်တာမျိုးပါ။ နှလုံးအဆို့ရှင်ပြဿနာရှိသူ၊ ဒါမှမဟုတ် နှလုံးနဲ့ဆိုင်တဲ့ ရောဂါအခံရှိသူတွေမှာ ခံတွင်းထဲက ဘက်တီးရီးယားတွေ သွေးထဲရောက်ရှိပြီး အဆို့ရှင်ထဲ ပိုးဝင်တာမျိုးပါ။ ကိုယ်က သွားနဲ့ခံတွင်းမှာ ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် အခုလိုမျိုး ဖြစ်နိုင်ခြေကို လက်ကမ်းခေါ်သလို ဖြစ်တာမို့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။
နှလုံးအန္တရာယ်ကင်းဖို့ ခံတွင်းသန့်ရှင်းစို့
သွားကြားထိုးတံတွေ၊ သွားပွတ်ကြိုးတွေ သုံးတာက ပြဿနာမဟုတ်ပါဘူး။ အဓိကတော့ မှန်ကန်တဲ့ နည်းလမ်းကို မသုံးတာပါ။ အမေရိကန် သွားဘက်ဆိုင်ရာအဖွဲ့အစည်း (American Dental Association – ADA) ကတော့ သွားကြားသန့်ရှင်းရေးဟာ တစ်နေ့တစ်ကြိမ်တော့ လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ သွားကြားသန့်ရှင်းရေး လုံးဝမလုပ်တာဟာ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပြီး သွားကြားထိုးတံ/သွားပွတ်တံ မသုံးရဘူးဆိုတာထက် ကိုယ့်ရဲ့ သွားအခြေအနေအလိုက် Dental Floss လို သွားကြားကြိုးတွေ၊ Interdental Brush ဆိုတဲ့ သွားကြားသန့်ရှင်းရေး ဘရပ်ရှ်လိုဟာတွေ သုံးဖို့ အကြံပြုထားပါတယ်။
ကိုယ်က သွားကြားထိုးတံတွေ၊ သွားပွတ်ကြိုးလိုဟာတွေကို သုံးတော့မယ်ဆိုရင် စနစ်တကျသုံးဖို့ ADA က တိုက်တွန်းထားပါတယ်။ သုံးတဲ့အခါ သွားကြားထဲ အားနဲ့စိုက်ချပြီး လုပ်တာမျိုး၊ သွားဖုံးကို ကြမ်းကြမ်းတမ်းတမ်း ခြစ်တာမျိုး မလုပ်ဖို့ လိုပါတယ်။ အထူးသဖြင့် သွားကြားထိုးတံသုံးတဲ့အခါ သွားဖုံးထဲအထိ ထိုးတာမျိုး၊ သွားကြားထဲက စားကြွင်းစားကျန်ကို အားနဲ့ကလော်တာမျိုး၊ သွားကြားထိုးတံနဲ့ သွားကို ခြစ်နေတတ်တာမျိုး မလုပ်ဖို့နဲ့ သွေးထွက်တာ၊ နာကျင်တာရှိရင် သုံးတာကို ရပ်ထားပြီး နားလည်တတ်ကျွမ်းတဲ့ သွားကျန်းမာရေးပညာရှင်နဲ့ ပြဖို့ လိုပါတယ်။
သွားကြားက အစားအကြွင်းအကျန်ဟာ ခံတွင်းကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်စပ်သလို ခံတွင်းကျန်းမာရေးဟာလည်း တစ်ကိုယ်လုံးကျန်းမာရေးနဲ့ ဆက်စပ်ပါတယ်။ သွားကြားက အစာကျန်တွေဟာ နှလုံးနဲ့တော့ တိုက်ရိုက်မဆက်စပ်ပေမယ့် ဒီအစာကျန်ကတစ်ဆင့် ဖြစ်လာတဲ့ ဘက်တီးရီးယားပိုး ပေါက်ပွားမှု၊ သွေးတွင်းဝင်ရောက်သွားမှုကတော့ သွေးကြောဆိုင်ရာပြဿနာတွေ၊ နှလုံးဆိုင်ရာပြဿနာတွေနဲ့ သွယ်ဝိုက်ဆက်စပ်နေပါတယ်။ ဒါကြောင့် ကိုယ်က အစာစားပြီးတိုင်း သွားကြားထဲ ခုလုခုလုဖြစ်နေတိုင်း သွားကြားထိုးတံ၊ သွားပွတ်ကြိုးတွေ သုံးသူဆိုရင် ကျန်းမာရေးသတိ၊ အသိနဲ့ သုံးစွဲကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်။