ရေကြီးရေလျှံမှုဖြစ်တဲ့အခါ ရေနစ်ခြင်း ၊ ထိခိုက်ဒဏ်ရာရခြင်း၊ သောက်သုံးရေ မသန့်ရှင်းခြင်းတို့အပြင် သတိထားသင့်ပြီး အရေးကြီးတဲ့ နောက်ထပ်ရောဂါတစ်မျိုးကတော့ Leptospirosis ဖြစ်ပါတယ်။ ဒီရောဂါဟာ ရောဂါပိုး သယ်ဆောင်ထားတဲ့ တိရစ္ဆာန်တွေ အထူးသဖြင့် ကြွက်တွေရဲ့ ဆီး (သေး) တွေ ထိတွေ့ထားတဲ့ ရေ၊ မြေ၊ ရွှံ့တွေ ကနေတစ်ဆင့် လူကို ကူးစက်နိုင်ပါတယ်။
Leptospirosis ဆိုတာ Leptospira လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါဖြစ်ပြီး တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကြွက်၊ ခွေး၊ နွား၊ ဝက် စတဲ့ တိရစ္ဆာန်အမျိုးမျိုးက ဒီဘက်တီးရီးယားကို သယ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့် ကြွက်တွေဟာ သူတို့ရဲ့ ကျောက်ကပ်ထဲမှာ ပိုးကို သယ်ဆောင်ထားပြီး ဆီးကနေတစ်ဆင့် ပတ်ဝန်းကျင်ထဲ ဖြန့်နိုင် ပါတယ်။
ကြွက်ဆီးနဲ့ ထိတွေ့ထားတဲ့ ရေ၊ ရွှံ့၊ စိုစွတ်တဲ့ မြေပြင်တွေကို ထိတွေ့တဲ့အခါ ဘက်တီးရီးယားပိုးဟာ အရေပြားမှာရှိတဲ့ အနာသေးသေးလေးတွေ၊ ခြစ်ရာတွေ၊ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကနေ ကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။ အနာမမြင်ရရင်တောင် ညစ်ညမ်းတဲ့ရေထဲမှာ အချိန်ကြာကြာ ထိတွေ့နေခြင်း ကလည်း အန္တရာယ်တိုးစေနိုင်ပါတယ်။ လူတစ်ဦးကနေ တစ်ဦးကို တိုက်ရိုက်ကူးစက်တာကတော့ အလွန်ရှားပါတယ်။
မိုးကြီးရေလျှံတဲ့အခါ ကြွက်နဲ့ တခြားတိရစ္ဆာန်တွေရဲ့ ဆီးနဲ့ ညစ်ညမ်းနေတဲ့ ရေတွေက မြောင်း၊ အမှိုက်ပုံ၊ စွန့်ပစ်ရေထွက်ရာနဲ့ ကြွက်များတဲ့ နေရာတွေကနေ လူနေအိမ်နဲ့ လမ်းမတွေဆီ ပျံ့နှံ့လာနိုင်ပါတယ်။ အထူးသဖြင့် ရေကြီးရေဝပ်နေရာထဲ လျှောက်သွားရသူတွေ၊ ရေဝင်ထားတဲ့အိမ်တွေကို သန့်ရှင်းရေးလုပ် သူတွေ၊ ရွှံ့နဲ့ အမှိုက်တွေ ရှင်းလင်းသူတွေနဲ့ စိုစွတ်တဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရသူတွေက အန္တရာယ် ပိုများပါတယ်။ ကလေးတွေ ရေကြီးရေဝပ်နေရာတွေမှာ ဆော့ကစားခြင်း၊ အရေပြားမှာ အနာရှိနေရင်း ရေညစ်နဲ့ ထိတွေ့ခြင်းတွေကလည်း ကူးစက်နိုင်ခြေ တိုးစေနိုင်ပါတယ်။
ဒါပေမယ့် Leptospirosis ဟာ ရေကြီးတဲ့အချိန်မှာပဲ သတိထားသင့်တဲ့၊ ဖြစ်တတ်တဲ့ ရောဂါ မဟုတ် ပါဘူး။ အိမ်ထဲက မီးဖိုချောင်၊ စားသောက်ကုန်သိုလှောင်ရာ၊ မျက်နှာကျက်၊ မြောင်းနဲ့ အမှိုက်ပုံနား တွေမှာ ကြွက်တွေ ရှိနေတယ်ဆိုရင် ကြွက်ဆီးကနေ စိုစွတ်တဲ့ ကြမ်းပြင်၊ ပစ္စည်းတွေ၊ ရေသိုလှောင် ရာတွေ ညစ်ညမ်းနိုင်ပြီး နည်းလမ်း အမျိုးမျိုးနဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။
ရောဂါပိုးနဲ့ ထိတွေ့ပြီးနောက် လက္ခဏာတွေဟာ အများအားဖြင့် ၅ ရက်ကနေ ၁၄ ရက်အတွင်း ပေါ်လာတတ်ပြီး တချို့မှာ ၂ ရက်ကနေ ၃၀ ရက်အထိ ကြာနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာ တွေကတော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားနာခြင်း၊ အထူးသဖြင့် ခြေသလုံးနဲ့ ခါးအောက်ပိုင်းနာခြင်း၊ မျက်လုံးနီခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ တချို့မှာ ဝမ်းလျှောခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေဟာ သွေးလွန်တုပ်ကွေး၊ တုပ်ကွေးနဲ့ တခြားဖျားနာရောဂါ တွေနဲ့ ခပ်ဆင်ဆင် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Leptospirosis လို့ တစ်ထစ်ချ ကောက်ချက်ဆွဲ လို့တော့ မရနိုင်ပါဘူး။ တချို့သူတွေမှာ ရောဂါဟာ မပြင်းထန်တတ်ပေမယ့် ပြင်းထန်ရောဂါ ခံစားရရင် တော့ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းထိခိုက်ခြင်း၊ သွေးယိုခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကြွက်ဆီးနဲ့ ထိတွေ့မှု ရှိနိုင်တယ်လို့ ကိုယ့်ကိုယ်ကို သံသယရှိပြီး Leptospirosis ရောဂါ လက္ခဏာ ပြနေသူတွေမှာ မျက်လုံး သို့မဟုတ် အရေပြားဝါလာခြင်း၊ ဆီးထွက်နည်းလာခြင်း၊ အသက် ရှူခက်ခြင်း၊ ချောင်းဆိုးရင်း သွေးပါခြင်း၊ သွေးယိုလွယ်ခြင်း၊ မူးဝေရှုပ်ထွေးခြင်း၊ အားအင်အလွန်ချည့်နဲ့ ခြင်း စတာတွေ ဖြစ်လာရင် အချိန်လုံးဝမဆိုင်းဘဲ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း သွားရောက် ပြသသင့် ပါတယ်။
Leptospirosis ကို ကာကွယ်ဖို့ အဓိကကတော့ ညစ်ညမ်းနိုင်တဲ့ရေနဲ့ ထိတွေ့မှုကို လျှော့ချခြင်းနဲ့ ကြွက်ကို ထိန်းချုပ်ခြင်းပါ။ ရေကြီးရေဝပ်နေရာထဲ လျှောက်သွားခြင်း၊ ကစားခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ မဖြစ်မနေ ဆင်းရမယ်ဆိုရင် ရေမစိမ့်တဲ့ ဖိနပ်ရှည်နဲ့ လက်အိတ်ဝတ်ပါ။ အရေပြားအနာတွေကို ရေမစိမ့်တဲ့ ရေစိုခံ ပတ်တီးနဲ့ ဖုံးထားပါ။ ရေဆိုးရေညစ်နဲ့ ထိတွေ့ပြီးရင် ဆပ်ပြာနဲ့ သန့်ရှင်းတဲ့ရေကို အသုံးပြုပြီး သေချာဆေးကြောပါ။ ရေဝင်အိမ်တွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ဖိနပ်နဲ့ လက်အိတ်ဝတ်ပါ။ ရွှံ့၊ ရေတွေနဲ့ အမှိုက်တွေကို လက်ဗလာနဲ့ မကိုင်ပါနဲ့။ ကြမ်းပြင်နဲ့ မျက်နှာပြင်တွေကို သင့်တော်တဲ့ ပိုးသတ်ဆေးနဲ့ သန့်ရှင်းပါ။
ဒါ့အပြင် အိမ်ကြွက်တွေကို ထိန်းချုပ်နိုင်ဖို့ အိမ်မှာ ကြွက်မဝင်အောင် အစားအသောက်တွေကို အဖုံး ပိတ်ထားတဲ့ ဘူးတွေထဲ သိုလှောင်ပါ။ အမှိုက်ကို စနစ်တကျ စွန့်ပစ်ပါ။ အစားအကြွင်းအကျန်တွေ မထားပါနဲ့။ အိမ်နံရံနဲ့ ကြမ်းပြင်မှာ ကြွက်ဝင်နိုင်တဲ့ အပေါက်တွေကို ပိတ်ပါ။ ကြွက်အုံလုပ်နိုင်တဲ့ အမှိုက်ပုံ၊ စုပုံပစ္စည်းတွေကို လျှော့ချပါ။
ကြွက်ချေး၊ ကြွက်ဆီးရှိတဲ့နေရာကို သန့်ရှင်းရေး ပြုလုပ်တဲ့အခါ ခြောက်သွေ့နေတဲ့ ကြွက်ချေးတွေကို တန်းပြီး တံမြက်စည်းနဲ့ မလှဲပါနဲ့။ လက်အိတ်ဝတ်ပြီး ပိုးသတ်ဆေး သို့မဟုတ် သင့်တော်တဲ့ သန့်ရှင်းရေး ရည်နဲ့ စိုစွတ်အောင် အရင်လုပ်ပြီးမှ သန့်ရှင်းပါ။ ပြီးရင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။ သန့်ရှင်းစိတ် ချရတဲ့ရေကိုသာ သောက်ပါ။ ရေသိုလှောင်ပုံးနဲ့ အစားအသောက်တွေကို ကြွက်မထိ နိုင်အောင် ဖုံးအုပ် ထားပါ။ ကြွက် သို့မဟုတ် ရေကြီးရေဝပ်ရေက ညစ်ညမ်းနိုင်တယ်လို့ သံသယရှိတဲ့ အစားအသောက် တွေကို မစားပါနဲ့။
ရေကြီးတဲ့အခါနဲ့ ရေကြီးပြီးနောက် ပတ်ဝန်းကျင်ထဲ မမြင်ရတဲ့ ပိုးတွေ ရှိနိုင်သလို အိမ်ကြွက်တွေက လည်း ရေမကြီးတဲ့အချိန်မှာပါ ရောဂါပိုးပြန့်ပွားရာ အရင်းအမြစ် ဖြစ်နိုင်ပါတယ်။ ရေဆိုးရေညစ်နဲ့ ထိတွေ့မှုကို ရှောင်ခြင်း၊ မဖြစ်မနေ ထိတွေ့ကိုင်တွယ်ရတဲ့အခါ သင့်တော်တဲ့ အကာအကွယ်နည်းလမ်း များ အသုံးပြုခြင်း၊ ကြွက်ကာကွယ်နှိမ်နင်းခြင်း၊ သန့်ရှင်းရေးကို စနစ်တကျ လုပ်ဆောင်ခြင်းနဲ့ သံသယ ရှိတဲ့ လက္ခဏာတွေ ဖြစ်လာရင် စောစောဆေးကုသမှုခံယူခြင်းက Leptospirosis ကို ကာကွယ်တားဆီး ရာမှာ အရေးကြီးပါတယ်။
References
1. Centers for Disease Control and Prevention (CDC). About Leptospirosis.
2. World Health Organization (WHO). Human Leptospirosis: Guidance for Diagnosis, Surveillance and Control.
3. World Health Organization. Leptospirosis guidance and technical resources.
4. Costa F, et al. Global Morbidity and Mortality of Leptospirosis: A Systematic Review. PLoS Neglected Tropical Diseases.
5. Leptospirosis. Nature Reviews Disease Primers. 2025.