ဆံပင်ဖြောင့်ဆေး (Hair relaxers) တွင် ပါဝင်သော ကင်ဆာဖြစ်ပွားနိုင်ခြေ အန္တရာယ်များကို လျှို့ဝှက်ထားမှုဖြင့် L’Oreal ကို အာရီဇိုးနားပြည်နယ်က စွပ်စွဲတိုင်ကြားလိုက်သည်။
L’Oreal SA နှင့် ၎င်း၏ အမေရိကန်အခြေစိုက် ကုမ္ပဏီခွဲတို့သည် ၎င်းတို့၏ ဆံပင်ဖြောင့်ဆေး အသုံးပြုသူများနှင့် မိသားစုများထံမှ တရားစွဲဆိုမှုပေါင်း ထောင်ပေါင်းများစွာနှင့် ရင်ဆိုင်နေရစဉ်မှာပင်၊ အဆိုပါ အလှကုန်ကုမ္ပဏီသည် ဆံပင်ဖြောင့်ဆေးများက အမျိုးသမီးများတွင် ကင်ဆာဖြစ်ပွားစေနိုင်သည့် သက်သေအထောက်အထားများကို ဖုံးကွယ်ထားခဲ့သည်ဟု စွပ်စွဲကာ အာရီဇိုးနားပြည်နယ်က တရားစွဲဆိုလိုက်သည်။
ဒီမိုကရက်တစ်ပါတီဝင် အာရီဇိုးနားပြည်နယ် ဥပဒေချုပ် Kristin Mayes သည် ကြာသပတေးနေ့နှောင်းပိုင်းတွင် ပြည်နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ အာရီဇိုးနားသည် ဆံပင်ဖြောင့်ဆေးများနှင့် ဆက်စပ်နေသော ကင်ဆာဖြစ်ပွားနိုင်ခြေ စွပ်စွဲချက်များအတွက် ပထမဆုံး စတင်တရားစွဲဆိုသည့် ပြည်နယ်ဖြစ်လာခဲ့သည်။
အဆိုပါ တရားစွဲဆိုမှုတွင် L’Oreal သည် အာဖရိကန်-အမေရိကန် အမျိုးသမီးများ အများစု အသုံးပြုကြသည့် ဤထုတ်ကုန်များကို သားအိမ်ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ အန္တရာယ်များနှင့် ပတ်သက်၍ သုံးစွဲသူများအား သတိပေးခြင်းမရှိဘဲ ဈေးကွက်ဖြန့်ဖြူးခဲ့သဖြင့် ပြည်နယ်၏ သုံးစွဲသူကာကွယ်ရေးဥပဒေများကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲထားသည်။
ပြည်နယ်အနေဖြင့် ဒဏ်ကြေးနှင့် နစ်နာကြေးများ ရရှိရန် တောင်းဆိုထားပြီး၊ L’Oreal အနေဖြင့် ကင်ဆာဖြစ်နိုင်ခြေ အန္တရာယ်ကို သတိပေးခြင်း မပြုသမျှ ကာလပတ်လုံး အဆိုပါ ထုတ်ကုန်များ ရောင်းချမှုကို ရပ်ဆိုင်းရန် တရားရုံး၏ အမိန့်ကိုပါ တောင်းဆိုထားသည်။
အာရီဇိုးနားပြည်နယ်၏ တရားစွဲဆိုချက်တွင် L’Oreal နှင့် ဆက်စပ်ကုမ္ပဏီများသည် ဆယ်စုနှစ်ပေါင်းများစွာ အမျိုးသမီးများနှင့် ကလေးသူငယ်များထံ ထုတ်ကုန်များကို ဈေးကွက်တင် ရောင်းချရာ၌ “သုံးစွဲသူများ၏ ဘေးကင်းလုံခြုံရေးထက် အမြတ်အစွန်းကို ဦးစားပေးခဲ့ပြီး၊ အာဖရိကနွယ်ဖွားများအပေါ် သက်ရောက်နေသည့် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော လူမှုရေးဖိအားများနှင့် ခွဲခြားဆက်ဆံသည့် အလှအပဆိုင်ရာ စံနှုန်းများကို အမြတ်ထုတ်ခဲ့ကြသည်” ဟု ရေးသားထားသည်။
နယ်မြေဒေသအသီးသီးမှ တရားစွဲဆိုမှုများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ပြုလုပ်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ချီကာဂို ဖက်ဒရယ်တရားရုံးတွင် ပေါင်းစည်းထားသည့် အမျိုးသမီးများနှင့် ၎င်းတို့၏ မိသားစုများက စွဲဆိုထားသော တူညီသည့် တရားစွဲဆိုမှု ၁၂,၀၀၀ ကျော်နှင့် ကုမ္ပဏီက ရင်ဆိုင်နေရချိန်တွင် ယခု တရားစွဲဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
L’Oreal USA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များ ဘေးကင်းမှုအပေါ် ယုံကြည်မှုအပြည့်ရှိပြီး အဆိုပါ စွပ်စွဲချက်များသည် ဥပဒေကြောင်းအရ သို့မဟုတ် သိပ္ပံနည်းကျအရ ခိုင်လုံမှုမရှိဟု ယူဆကြောင်း ပြောကြားခဲ့သည်။
Dark and Lovely၊ Optimum နှင့် အခြားသော ကုန်အမှတ်တံဆိပ်အမည်များဖြင့် ဈေးကွက်တင်ရောင်းချခဲ့သည့် အဆိုပါ ထုတ်ကုန်များသည် ကောက်ကွေးသော ဆံပင်များကို အမြဲတမ်း ဖြောင့်စင်းသွားစေရန် အာမခံထားသော ထုတ်ကုန်များဖြစ်သည်။
အမျိုးသားကျန်းမာရေးဌာန (NIH) မှ ပြုလုပ်ခဲ့သော သုတေသနကို ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ပထမဆုံး တရားစွဲဆိုမှုများ တရားရုံးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ၊ အဆိုပါ လေ့လာချက်တွင် ထိုထုတ်ကုန်များကို တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ အသုံးပြုသည့် အမျိုးသမီးများသည် သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ နှစ်ဆထက်မက ပိုများကြောင်း တွေ့ရှိခဲ့ရသည်။
L’Oreal ၏ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် အဆိုပါ သုတေသနသည် ထိုထုတ်ကုန်များ အသုံးပြုခြင်းနှင့် တရားလိုများ စွပ်စွဲထားသည့် ရောဂါအခြေအနေများအကြား တိုက်ရိုက်အကြောင်းရင်းဆက်စပ်မှုကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။
Ref: Reuters