မြန်မာ့ သဘာဝဘေးအန္တရာယ်နဲ့ ကာလဝမ်းရောဂါ ကာကွယ်ရေးအတွက် ဆေးဝါးနဲ့ အာဟာရဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၄၆ မက်ထရစ်တန်နဲ့ ယူရိုငွေ ခုနစ်သိန်းခွဲကို ထောက်ပံ့ပို့ဆောင်လိုက်တယ်လို့ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂရုံး (EU) က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ထဲမှာ အသက်ရှူလမ်းကြောင်းကနေ ကူးစက်တဲ့ရောဂါ အဖြစ်များနေတဲ့ ရွာတွေကို ဒေသပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်းပြီး ကုသပေးခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းက စစ်ဘေးရှောင်တွေမှာ ယားနာရောဂါတွေ ဖြစ်နေတဲ့အပြင် ကျေးရွာပေါင်း ၈၀ လောက်မှာ ရာသီတုပ်ကွေးဖြစ်နေတာကြောင့် ကျန်းမာရေးအကူအညီတွေ လိုအပ်နေတယ်လို့ ရမ္မာမြီပရဟိတ (ရမ္မာမြေ စစ်ဘေးကူညီရေးအဖွဲ့) ဆီကနေ သိရပါတယ်။
လာရောက်ကုသသူများလို့ ရန်ကုန်ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးက ကင်ဆာဌာန လူနာဆောင်မှာ ထိုင်စရာနေရာ မလောက်အောင်ကို ဖြစ်နေပြီး ပြသဖို့အတွက်လည်း အချိန်အတော်ယူ စောင့်ဆိုင်းနေရတယ်လို့ သွားရောက်ကုသသူ လူနာတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက MyanHealth ကို ပြောပါတယ်။
ရေနစ်မြှုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေက ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဒေသအာဏာပိုင်တွေက ပြုလုပ်ပေးနေပြီး တချို့နေရာတွေမှာဆိုရင် အခုအချိန်အထိ ရေဝပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း “ဝ” အထူးဒေသ၊ မန်မန်းဆိုင်းမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက်က ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာန၊ “ဝ” ကျန်းမာရေးဌာနနဲ့ မိတ်ဖက်အဖွဲ့တွေ ပေါင်းပြီး ဒေသခံတွေကို ကွင်းဆင်းကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နှလုံးသွေးကြောပိတ် လူနာ ခြောက်ဦးကို နှလုံးစက်မသုံးဘဲ နှလုံးသွေးကြော အစားထိုးဖြတ်ကျော် ဆက်သွယ်တဲ့ ခွဲစိတ်ကုသမှု (Off-Pump Coronary Artery Bypass Surgery) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က Yidi ဆေးရုံနဲ့ Shanghai University Medical School က ဒေါက်တာဖန်းဝမ် ဦးဆောင်တဲ့ အဖွဲ့ဝင် ငါးဦးပါ အဖွဲ့နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနဲ့ သွေးကြောခွဲစိတ်ကုဌာနတို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
HIV ဝေဒနာရှင်တွေ သောက်သုံးရ ပိုလွယ်စေမယ့် Gilead ကုမ္ပဏီထုတ် HIV ဆေးအသစ်ကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က အတည်ပြုလိုက်ပြီ ဖြစ်တယ်လို့ CNBC သတင်းက ရေးသားထားပါတယ်။
ကမ္ဘာကျော် အလှကုန်ကုမ္ပဏီ L’Oreal က ထုတ်တဲ့ ဆံပင်ဖြောင့်ဆေးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတာကို ထိမ်ချန်ဖုံးကွယ်ထားမှုနဲ့ အမေရိကန်၊ အရီဇိုးနားပြည်နယ် ရှေ့နေချုပ်က တရားစွဲဆိုလိုက်ပြီး သားအိမ်ကင်ဆာနဲ့ မျိုးဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ သတိပေးချက်ကို မထုတ်ပြန်တာဟာ စားသုံးသူရေးရာဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ ဆံပင်ဖြောင့်ဆေးကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိတာနဲ့ ပတ်သက်ပြီး ပြည်နယ်တစ်ခုအနေနဲ့ ပထမဆုံး တရားစွဲတာလည်း ဖြစ်ပါတယ်။
နိုင်ငံခြားသား လူနာနှစ်ဦးကို သူတို့ဖြစ်ပွားနေတဲ့ ကင်ဆာအခြေအနေနဲ့ ကိုက်ညီအောင် ပြုလုပ်ထားတဲ့ ကာကွယ်ဆေးတွေနဲ့ ကုသပေးနေပြီး ဒါဟာ ထိုင်းနိုင်ငံရဲ့ ကင်ဆာစီမံကိန်းတစ်ခုအောက်ကနေ ဖြစ်တယ်လို့ အစိုးရ ဆေးဝါးဆိုင်ရာအဖွဲ့ (GPO) ညွှန်ကြားရေးမှူး ဒေါက်တာ မင်းကွမ် ဆူဖန်နဖွန်က ပြောပါတယ်။ တစ်နှစ်ကြာ ခံယူရမယ့် ဒီကုသမှု ကုန်ကျစရိတ်ဟာ ဘတ် သန်း ၄၀ ကနေ ၇၀ လောက်အထိ ရှိနိုင်ပြီး ပြည်သူ့ဆေးရုံတွေမှာပါ ဒီကုသမှုကို တိုးချဲ့ပေးနိုင်ရင် နိုင်ငံထဲက လူနာတွေအတွက် ကုန်ကျစရိတ် ပိုသက်သာလာနိုင်မယ်လို့လည်း GPO က မျှော်လင့်ထားပါတယ်။
“ဝိတ်ချ ထိုးဆေးဘောပင်” လို့ လူသိများတဲ့ GLP-1 ထိုးဆေးကို စက်တင်ဘာ ၁၅ ရက်က စပြီး အထူးထိန်းချုပ်ဆေးဝါးအဖြစ် ထိုင်းနိုင်ငံ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတ်မှတ်မှာ ဖြစ်ပြီး ဆေးဆိုင်တွေမှာ ဝယ်မယ်ဆိုရင် ဆေးစာလိုအပ်သလို ထုတ်ပေးတဲ့အခါမှာလည်း ဆေးဝါးကျွမ်းကျင်ပညာရှင်တွေကသာ ထုတ်ပေးရတော့မှာ ဖြစ်ပါတယ်။ အခုလို လုပ်တာဟာ ဆေးကို မသင့်လျော်ဘဲ သုံးတာ၊ ဆေးအတုနဲ့ မှတ်ပုံမတင်ထားတဲ့ ဆေးတွေ ရှိနေတာအပြင် အွန်လိုင်းကနေ လက်လွတ်စပယ် ရောင်းချတာတွေကို စိုးရိမ်ရတဲ့အတွက်ကြောင့် ဖြစ်ပြီး ဆေးတင်သွင်းချိန်ကနေ စပြီး သိုလှောင်တာ၊ လူနာဆီ ဆေးပေးတဲ့ အဆင့်အထိ ခြေရာခံစောင့်ကြည့်မယ့် Track & Trace စနစ်ကိုလည်း လုပ်ဆောင်သွားမယ်လို့ ထိုင်း FDA က ထုတ်ပြန်ထားပါတယ်။
ဝက်သက်ရောဂါကြောင့် အမေရိကန်၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ သေဆုံးသူ လေးဦးအထိ ရှိနေပြီး နောက်ဆုံးသေဆုံးသူဖြစ်တဲ့ ပြည်နယ်အလယ်ပိုင်း မစ်ဖလင်ကောင်တီမှာ နေတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ဖြစ်ပြီး ဝက်သက်ရောဂါရဲ့ ရှားပါးတဲ့ နောက်ဆက်တွဲအာရုံကြောဆိုင်ရာ Acute Disseminated ရောဂါကြောင့် ဖြစ်တယ်လို့ ပြည်နယ်အာဏာပိုင်တွေ ထုတ်ပြန်မှုကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြထားပါတယ်။ အားလုံးဟာ ဝက်သက်ကာကွယ်ဆေး မထိုးထားသူတွေ ဖြစ်ပြီး သေဆုံးသူထဲပါတဲ့ မွေးကင်းစကလေးနှစ်ဦးကတော့ အသက်မပြည့်သေးတာကြောင့် ဆေးမထိုးထားရသူတွေပါ။ အမေရိကန်မှာ ၁၉၉၁ ခုနှစ်နောက်ပိုင်း ဝက်သက်ရောဂါ ဖြစ်ပွားမှု အများဆုံးနှစ်တွေကို ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းကလည်း ဒီရောဂါနဲ့ ဆက်စပ်ပြီး သေဆုံးသူ ခုနစ်ဦးအထိ ရှိခဲ့ပါတယ်။
GLP-1 အမျိုးအစား ဝိတ်ချဆေးနဲ့ ဆီးချိုရောဂါကုဆေးတွေ သုံးသူအနည်းငယ်မှာ ရှားပါးပြီး ပြင်းထန်တဲ့ ဦးနှောက်ရောဂါတစ်မျိုး ဖြစ်ပွားခဲ့တာကို တွေ့ရှိခဲ့တယ်လို့ လေ့လာဆန်းစစ်မှုတစ်ခုကို အခြေခံပြီး Independent သတင်းက ရေးသားထားပါတယ်။ အမေရိကန် FDA ရဲ့ ဆေးဝါးဘေးထွက်ဆိုးကျိုးဖြစ်ရပ်ဆိုင်ရာ မှတ်တမ်းတွေနဲ့ သက်ဆိုင်တဲ့ လေ့လာချက်တွေကို ပြန်လည်ဆန်းစစ်ခဲ့ရာမှာ ၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အတွင်း ဗီတာမင် B1 အလွန်အမင်းချို့တဲ့လို့ ဖြစ်တဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ အာရုံကြောဆိုင်ရာ Wernicke encephalopathy ရောဂါဖြစ်ခဲ့သူ ၁၅ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရောဂါဟာ မှတ်ဉာဏ်ပိုင်းဆိုင်ရာ အမြဲထိခိုက်နိုင်သလို မှတ်ဉာဏ်သစ် ဖန်တီးနိုင်စွမ်းကိုလည်း ပျောက်ဆုံးစေနိုင်ပေမယ့် ဒီဆေးသုံးသူ သန်းနဲ့ချီရှိတာကြောင့် တွေ့ခဲ့တဲ့ လူနာအရေအတွက်ကို အရမ်းကို နည်းပြီး ရှားပါးအခြေအနေတစ်ခုဖြစ်တယ်လို့ ချီကာဂိုအခြေစိုက် ဆရာဝန် ကာသစ် အာချာရီက ပြောပါတယ်။