ထိုင်းနိုင်ငံ၊ ဥဒုံဌာနီခရိုင်ထဲက အသက် (၉) နှစ်အရွယ် အမျိုးသမီးဟာ နိုင်ငံရဲ့ အသက်အငယ်ဆုံး မိခင် ဖြစ်လာပြီး ကလေးရဲ့ ဖခင်ဟာ အသက် (၁၃) နှစ်သာ ရှိသေးတယ်လို့ စက်တင်ဘာ ၂၃ ရက်က ဥဒုံဌာနီ ရာဇဘတ်တက္ကသိုလ်မှာ လုပ်တဲ့ Safe Love Smart Life အလုပ်ရုံဆွေးနွေးပွဲမှာ ကျန်းမာရေးမြှင့်တင်ရေးစင်တာ (၈) တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
အမျိုးသမီးငယ်ဟာ သူ့ချစ်သူနဲ့ ဆက်ဆံရေးမပြတ်အောင်အတွက် ရည်ရွယ်ချက်ရှိရှိ ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်ပြီး ဒီအလုပ်ရုံဆွေးနွေးပွဲကို သိပ္ပံဌာန ပထမနှစ် ကျောင်းသား/သူ ၃၅၀ ဦးအတွက် ပြုလုပ်တာဖြစ်ပြီး ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု ကာကွယ်တားဆီးခြင်းနဲ့ အန္တရာယ်ရှိ အခြေအနေမှာ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာတွေကို အသိပညာပေးခဲ့ပါတယ်။
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုအခြေအနေကို ဆယ်စုနှစ် တစ်ခုကျော် စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ဒီပြဿနာဟာ ကမ္ဘာတစ်ဝန်း ဖြစ်နေတဲ့ ပြဿနာဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အဓိက စောင့်ကြည့်နေတဲ့ အညွှန်းကိန်းလည်း ဖြစ်တယ်လို့ ကျန်းမာရေးမြှင့်တင်ရေးစင်တာ (၈) က ဆူကန်ယာ ကနဝါပီက ဆိုပါတယ်။
ဥဒုံဌာနီမှာ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်အတွင်း သက်ငယ်ကလေးမွေးနှုန်းဟာ ၂၀၂၃ ခုနှစ်က ၂၀ မှု ရှိပြီး အခု ၂၀၂၆ မှာ ခြောက်မှုအထိ ကျဆင်းလာနေတယ်လို့ ဆူကန်ယာက ဆိုထားပြီး ဒီအသက်အရွယ်အုပ်စုဟာ ပြည်နယ်ထဲက ဆယ်ကျော်သက်မိခင်တွေရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ သုံးခဲ့တဲ့ အချက်အလက်တွေအရ မမျှော်လင့်ဘဲ ကိုယ်ဝန်ရလို့ အကြံတောင်းလာတဲ့ ကျောင်းသား/သူတွေရဲ့ ၅၅ ဒသမ ၃ ရာခိုင်နှုန်းဟာ မရည်ရွယ်ဘဲ လိင်ဆက်ဆံခဲ့တာလို့ ဖြေဆိုထားကြပြီး အခြေအနေနဲ့ ပတ်ဝန်းကျင်ကြောင့်ပါလို့ ဆိုထားကြပါတယ်။ ၂၀ ဒသမ ၅ ရာခိုင်နှုန်းကတော့ အရက်မူးချိန် လိင်ဆက်ဆံမိလို့လို့ ဖြေဆိုထားကြပါတယ်။ ဆန်းစစ်မှုတွေအရ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေရဲ့ ၆၄ ဒသမ ၅ ရာခိုင်နှုန်းဟာ မရည်ရွယ်ဘဲ ဖြစ်ခဲ့တာဖြစ်ပြီး ကျန် ၃၅ ဒသမ ၆ ရာခိုင်နှုန်းကတော့ ရည်ရွယ်ချက်ရှိတဲ့ ကိုယ်ဝန်ဆောင်မှုတွေ ဖြစ်တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းကလည်း စတုတ္ထနှစ်ကျောင်းသူတစ်ဦး အဆောင်မှာ ကိုယ်ဝန်ပျက်ကျလို့ ကလေးရုပ်အလောင်းကို ဘုန်းကြီးကျောင်းထဲ ယူလာတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သေးပြီး စင်တာက ပြုလုပ်နေတဲ့ အကြံပေးဝန်ဆောင်မှု တွေ့ရှိချက်တွေအရ လူငယ်တွေဟာ ကိုယ်ဝန်ရနိုင်တဲ့ အခြေအနေထက် အရွယ်မတိုင်မီ လိင်ဆက်ဆံတာကို မိဘတွေ သိမှာကို ပိုစိုးရိမ်ကြပြီး လူငယ်တွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကို လေးစားဖို့၊ သန္ဓေတားနည်းတွေကို နားလည်ထားဖို့၊ ကိုယ်ဝန်ဆောင်မှုနဲ့ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါအန္တရာယ်တွေကို သိထားဖို့ လိုတယ်လို့ ဆူကန်ယာက တိုက်တွန်းထားပါတယ်။
ကျန်းမာရေးမြှင့်တင်ရေးစင်တာ (၈) ဟာ လူကိုယ်တိုင် ဒါမှမဟုတ် အွန်လိုင်းကနေ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ အကြံပေးဝန်ဆောင်မှုတွေ ပေးသလို ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ ကိစ္စတွေကိုလည်း အသိပေးတာတွေ လုပ်နေတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်တာဟာ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ အနာဂတ် ဝင်ငွေအပြင် မိသားစု ဆက်ဆံရေးနဲ့ ငွေကြေးဆိုင်ရာ တာဝန်တွေကိုပါ ထိခိုက်စေတယ်လို့ အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်း အသိပညာပေးတာတွေကိုလည်း စင်တာက လုပ်ခဲ့ပါတယ်။
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခဲ့ရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ ကိုယ်ဝန် ၁၂ ပတ်အထိ ဖျက်ချနိုင်ပြီး ဆေးဘက်ဆိုင်ရာ အခြေအနေ၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ကိုယ်ဝန်ရတဲ့ ဖြစ်စဉ်တွေနဲ့ သီးခြားအခြေအနေမှာတော့ ခြွင်းချက်ထားတဲ့ သတ်မှတ်ချက်တွေ ရှိတယ်လို့ သိရပါတယ်။
ကိုးကား – https://www.khaosodenglish.com/…/udon-thani-reports-9…/