• အပူဒဏ်ကြောင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုကို ကာကွယ်နိုင်ဖို့ နေပူချိန် အချိန်ကြာ မနေဘဲ အေးတဲ့ နေရာမှာ နေဖို့၊ ရေများများသောက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပြီး အပြင်ထွက်တဲ့အခါ ထီး၊ ဦးထုပ်လို အကာအကွယ် ဆောင်ဖို့၊ လည်ပင်းနဲ့ ပခုံးတွေကို နေရောင်တိုက်ရိုက် မထိ အောင် အရောင်ဖျော့ဖျော့၊ ပွပြီး ချောင်တဲ့ ချည်ထည်တွေကို ဝတ်ဆင်ဖို့လည်း တိုက်တွန်ထားပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ နေပူထဲ အလုပ်လုပ်တာ၊ ကိုယ်လက် လှုပ်ရှားတာတွေ လုပ်တာကို တတ်နိုင်သလောက် ရှောင်ကြဖို့၊ မဖြစ်မနေ နေပူထဲ သွားရလို့ ပြန်လာရင်လည်း ချက်ချင်း ရေချိုးတာမျိုး၊ အရမ်းအေးတဲ့ အခန်း ဒါမှမဟုတ် ကားထဲ ချက်ချင်း ဝင်တာမျိုး မလုပ်ဖို့ လိုသလို အေးတဲ့ နေရာကနေ နေပူထဲကို ချက်ချင်းထွက်တာမျိုးလည်း ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။
• ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဒေသတချို့မှာ ဝက်ကျောက်ရောဂါ (Swine Pox) ဖြစ်နေတယ်လို့ ဒေသခြေစိုက် သတင်းမီဒီယာတွေက ဖော်နေပြကြပြီး ဒါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ကာ တောဝက်နဲ့ အိမ်မွေးဝက်တွေမှာ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ဟာ ခြင်၊ ယင်၊ သန်းနဲ့ မွှားတွေကတဆင့် ဝက်ကို ကူးစက်နိုင်သလို ရောဂါဖြစ်ပြီး ဝက်ကနေလည်း ကူးစက်နိုင်ပေမယ့် လူကိုတော့ လုံးဝ မကူးစက်နိုင်ဘူးလို့ ဒေသတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဒါပေမဲ့ ဒေသခံတွေအနေနဲ့ ဖျားနာနေတဲ့ ဝက် ဒါမှမဟုတ် အရေပြားမှာ အနာကွက်နဲ့ အရည်ကြည်ဖုတွေ ထွက်နေတဲ့ ဝက်နဲ့ ရောဂါခံစားနေရတဲ့ ဝက်တွေရဲ့ အသားကို စားဖို့ မသင့်ဘူးလို့လည်း ဆိုထားပါတယ်။
• အနောက်တိုင်းဆေး ရောထားပြီး စံမမီတဲ့ တိုင်းရင်းဆေးခြောက်မျိုးကို မသုံးစွဲကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေး နှိုးဆော် ထုတ်ပြန်ထားပါတယ်။ ကျားရိုင်းတံဆိပ် အကြောအားတိုးဆေး (ဆေးမှုန့်/ဆေးထုပ်)၊ ဂုဏ်မာန်တစ်ထောင်တံဆိပ် ရွှေသက်စောင့်အားတိုးဆေး (ဆေးပြား/ ဆေးဘူး)၊ 333 တံဆိပ် အမျိုးသားအားတိုးဆေး (ဆေးမှုန့်/ဆေးထုပ်)၊ နေကြာပန်းတံဆိပ် အကြောအားတိုးဆေး (ဆေးမှုန့်/ဆေးထုပ်)၊ တောင်တန်းတံဆိပ် အမျိုးသားအားတိုးဆေး (ဆေးမှုန့်/ဆေးထုပ်) တို့ ဖြစ်ပြီး လက်ရှိအထိ စျေးကွက်ထဲမှာ တွေ့နေရဆဲ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
• ၂၀၂၅ ခုနှစ်အတွင်း လူပေါင်း ၂၀,၀၀၀ ကျော်ကို ရပ်ရွာနဲ့ စေတနာ့ဝန်ထမ်းတွေကတဆင့် ရပ်ရွာ အခြေပြု မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အစီအစဉ်အောက်ကနေ မျက်စိစစ်ဆေးတာတွေ လုပ်ပေးနိုင်တဲ့အပြင် မျက်မှန် ၁၇,၀၀၀ ကျော်ကိုလည်း လှူဒါန်းပေးခဲ့တယ်လို့ WHO Myanmar က ထုတ်ပြန်ထားပါတယ်။
• ရေပြန်ကျဆင်းလာပြီဖြစ်လို့ ဧရာဝတီတိုင်း လေးမျက်နှာနဲ့ ရေကြည်မြို့နယ်တို့က ပြည်သူ့ဆေးရုံတွေကို ပြန်ဖွင့်နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
• ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသ ရှဲလက်ဟော့ဗ်မြို့ ပလိပ်ရောဂါ သုတေသနဌာနက အသက် ၂၈ နှစ်အရွယ် ဓာတ်ခွဲခန်းနည်းပညာရှင် အမျိုးသမီးတစ်ဦး အကြောင်းရင်းမသိရတဲ့ အဆုတ်ရောဂါနဲ့ သေဆုံးပြီးနောက် လူပေါင်း ၂၀၀ နီးပါးကို ဆေးရုံမှာ စောင့်ကြည့်စစ်ဆေးနေတယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေကြပါတယ်။
• အာရှ-ပစိဖိတ်ဒေသ HIV ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ လိုအပ်ချက်တွေ မပြည့်မီသေးတာကို ဖြည့်ဆည်းနိုင်ဖို့ အစိုးရ၊ လူမှုအသိုင်းအဝိုင်း၊ စီးပွားရေးလုပ်ငန်းနဲ့ တခြားကဏ္ဍကပါ ပူးပေါင်းလုပ်ဆောင်ပေးကြဖို့ ကုလသမဂ္ဂ HIV/AIDS ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် UNAIDS က တိုက်တွန်းထားပါတယ်။
• သွေးလွန်တုပ်ကွေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်က ထုတ်တဲ့ Qdenga ဆေးကို သြစတြေးလျ ဆေးဝါးစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ (TGA) က အတည်ပြု သုံးစွဲခွင့်ပေးလိုက်လို့ မိသားစုနဲ့ အိမ်ပြန်ဖို့ စီစဉ်နေတဲ့ ဘင်္ဂလားနွယ်ဖွား သြစတြေလျနိုင်ငံသားတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ် လာပြီလို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြနေကြပါတယ်။ ဩစတြေးလျ ကာကွယ်ဆေး ထိုးနှံရေး နည်းပညာအကြံပေးအဖွဲ့ ATAGI ဘက်ကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကာကွယ်ဆေး သုံးနည်းတဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို ထုတ်ပြန်ပေးထားပါတယ်။
• ကွန်ဂိုကနေ ပြန်လာတဲ့ နိုင်ငံသားတစ်ဦး နိုင်ရိုဘီမြို့မှာ သေဆုံးပြီးနောက် နိုင်ငံအတွင်း ပထမဆုံး အီဘိုလာဖြစ်ပွားမှု ရှိနေပြီလို့ ကင်ညာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။ သေဆုံးသူဟာ ကွန်ဂိုမှာ (၇) နှစ်ကြာ နေထိုင်ခဲ့သူဖြစ်ကာ ရောဂါလက္ခဏာ ခံဏားရတာ တစ်လခန့်ရှိပြီး ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့ကို သွားရောက်ပြီး ပြီးခဲ့တဲ့ စနေနေ့မှာ ကင်ညာကို လေယာဉ်နဲ့ ဝင်လာတာ ဖြစ်တယ်လို့ အင်္ဂါနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကင်ညာ ကျန်းမာရေးဝန်ကြီး အဒန် ဒူအာလေးက အတည်ပြု ပြောဆိုပါတယ်။
• တနေ့ကို ၁၅ မိနစ်လောက် ခပ်မြန်မြန် လမ်းလျှောက်တာ၊ အချိန်မှန် အိပ်တာမျိုးကို အသက် ၃၀ ကျော် အရွယ်ကတည်းက စတင်လုပ်ဆောင်တာဟာ အသက် ၇၀ ကျော်အရွယ်အထိ ကျန်းမာသန် စွမ်းနေဖို့ အထောက်အကူပြုတယ်လို့ သုတေသနတစ်ခုကို ကိုးကားပြီး BBC သတင်းက ဖော်ပြပါတယ်။ အသက် ၃၀ ကျော်အရွယ်ဟာ ကြွက်သားထုနဲ့ အင်အား၊ အရိုးသိပ်သည်းဆနဲ့ ဇီဝဖြစ်စဉ် ထိန်းညှိနှိုင်စွမ်းတွေ ပြောင်းလဲမှုစတင်တဲ့ အရေးကြီးကာလဖြစ်ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားတာ၊ အရက်သောက်တာ လျှော့တာ စတဲ့ အမူအကျင့်တွေကို စောစော စတင်တာဟာ အသက်ကြီးကာလ ကျန်းမာရေးကောင်းမွန်ဖို့ အထောက်အကူ ဖြစ်စေတယ်လို့ သတင်းမှာ ပါရှိပါတယ်။