Skip to content
Ads Advertisement

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးမှု စတင်

ရန်ကုန်မြို့တော်ရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများပြားခဲ့တဲ့ မြို့နယ်တွေမှာ ကာကွယ်ဆေး လိုက်လံတိုက်ကျွေးနေတာကို ဖြစ်ပွားပြီး နှစ်လဝန်းကျင်အကြာ အောက်တိုဘာ ပထမပတ်အတွင်း တွေ့မြင်ရပါတယ်။

Reactive Oral Cholera Vaccination (ROCV) အစီအစဉ်ဟာ ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှု (Outbreak) စတင်တွေ့ရှိချိန်မှာ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်ရန်နဲ့ သေဆုံးမှုကို လျှော့ချရန်အတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်တဲ့ သောက်ဆေးကာကွယ်ဆေး တိုက်ကျွေးခြင်း မဟာဗျူဟာ ဖြစ်ပါတယ်။ ပုံမှန်ကြိုတင်ကာကွယ်တဲ့ စီမံချက်များ (Preventive Vaccination) နဲ့ မတူဘဲ ကူးစက်မှုဖြစ်ပွားနေတဲ့နေရာ ဒါမှမဟုတ် ရောဂါကူးစက်နိုင်ခြေ အန္တရာယ်ကြီးမားတဲ့ နေရာတွေမှာ ဦးတည်ဆောင်ရွက်ရတာပါ။

ယခုလို အိမ်တိုင်ရာရောက် တိုက်ကျွေးရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု သောက်ဆေးများကို အသုံးပြုပြီး အရေးပေါ်အခြေအနေအတွက် တစ်ကြိမ်တည်းတိုက်ကျွေးတဲ့စနစ် (1-Dose Strategy) နဲ့ တိုက်ကျွေးနေတာပါ။ အသက် ၁ နှစ်နှင့်အထက် လူတိုင်း (ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ပါဝင်) သောက်သုံးနိုင်ပြီး ၁ နှစ်ခန့် ကာကွယ်မှုပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရန်ကုန်အရှေ့၊ အနောက်၊ တောင်၊ မြောက်က မြို့နယ်စုံမှာ ဖြစ်ပွားနေတာလို့ ဆိုနိုင်ပြီး လူစည်ကားတဲ့ လသာ၊ လမ်းမတော်၊ လှိုင်သာယာ၊ အင်းစိန်၊ သာကေတကနေ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေအထိ ဖြစ်ပွားခဲ့တာပါ။ ရန်ကုန်မြို့မှာ ဩဂုတ်လ လဆန်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းရာက ရေကြီးရေလျှံမှုတွေလည်း ဖြစ်ခဲ့ပြီး လူနာများအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားခဲ့ရတဲ့ အသက် ၉၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဩဂုတ် ၁၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အစားအစာရောင်းချခြင်းကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ စည်ပင်သာယာရေးကော်မတီတွေက အကန့်အသတ်မရှိ ယာယီပိတ်ခိုင်းခဲ့ပါတယ်။

ဝမ်းအရမ်းသွားတဲ့အခါ ရိုးရိုးဝမ်းလျှောတာလား၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလားဆိုတာ ခွဲခြားသိဖို့ အရေးကြီးပါတယ်။ ၂၄ နာရီအတွင်း အရည်ဝမ်း ၃ ကြိမ်နဲ့အထက် သွားရင် ဝမ်းပျက်ဝမ်းလျှောလို့ ခေါ်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက ဝမ်းသွားတဲ့အကြိမ်ရေ အလွန်များပြီး ဆန်ဆေးရည်လို ဖြူနောက်နောက်အရောင်နဲ့ ငါးညှီနံ့ ထွက်နေရင်တော့ ဒါဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပါ။ ဒီလိုဖြစ်လာရင် ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ ဓာတ်ဆားတွေ နာရီပိုင်းအတွင်း ကုန်ခမ်းသွားတတ်လို့ အချိန်မီ ဆေးမကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

MyanHealth ရဲ့ လေ့လာမှုအရ ယခုကာကွယ်ဆေးတိုက်ကျွေးခြင်းအစီအစဉ်မှာ ပညာပေးအစီအစဉ်တွေ ပိုမိုလုပ်ဆောင်မှသာ သောက်သုံးသူ ပိုမိုများပြားလာနိုင်တာ တွေ့ရှိရပါတယ်။ အချို့မြို့နယ်တွေမှာ ကြိုတင်ကြေညာချိန်နဲ့ ဆေးတိုက်ချိန် နီးကပ်လွန်းတာကြောင့် အလုပ်သွား၊ ကျောင်းသွားနဲ့ မသောက်ဖြစ်လိုက်သူတွေလည်း အများအပြားရှိပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးသောက်ရုံမျှဖြင့် မလုံလောက်ဘဲ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး၊ စနစ်ကျတဲ့ ယင်လုံအိမ်သာ အသုံးပြုရေးနဲ့ စနစ်တကျ လက်ဆေးမှုစတဲ့ ကျန်းမာရေးအလေ့အထတွေနဲ့ ပူးတွဲဆောင်ရွက်မှသာ ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement