Skip to content
Ads Advertisement

လူသေဆုံးမှု ရှိလာတဲ့ စူပါအယ်လ်နီညို

ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး လမ်းသွားရင်း ရုတ်တရက် လဲကျ သေဆုံးခဲ့ပါတယ်။

“ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အခြေအနေက မကောင်းတော့ဘူး။ ကျင်ငယ်ရေတွေလည်း ထွက်နေပြီ။ အဲဒီကတည်းက အခြေအနေမကောင်းတော့ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ရလိုရငြားတော့ ကယ်ဆယ်ရေးတွေ လုပ်ခဲ့သေးတယ်” လို့ ဖြစ်စဉ်မှာ ကူညီပေးခဲ့တဲ့ ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပြီး မျက်မြင်တွေအဆိုအရ လမ်းလျှောက်နေစဉ် လမ်းပေါ်မှာ လဲကျခဲ့တာလို့ ဆိုပါတယ်။

“သူက သွေးတိုးရောဂါ အခံလည်းရှိတယ်လို့ ပြောတယ်။ မိသားစုကိုတော့ ဆက်သွယ်ပေးလိုက်တယ်” လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

သေဆုံးသူဟာ သွေးတိုးရောဂါအခံရှိပြီး သေဆုံးမှုပုံစံဟာ အပူလျှပ်ခြင်း (Heat Stroke) ကို ခံစားခဲ့ရတဲ့ အခြေအနေမှာရှိတယ်လို့ ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီဖြစ်စဉ်ဟာ ရန်ကုန်မြို့မှာ စူပါအယ်လ်နီညိုဖြစ်စဉ် စတင်ဖြစ်ပွားချိန်မှာ ဖြစ်ခဲ့တဲ့ ပထမဆုံး လူသေဆုံးမှုလို့ ဆိုနိုင်ပါတယ်။ ဒီ့မတိုင်ခင် အောက်တိုဘာ ၁၀ ရက်ကလည်း ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်မှာ နေတဲ့ သက်ကြီးအမျိုးသမီးတစ်ဦး အနော်ရထာလမ်းထိပ်မှာ လမ်းသွားရင်း မူးလဲတဲ့အတွက် အရေးပေါ်ကုသမှု ပေးခဲ့ရပြီး နေအိမ်ကို ပြန်ပို့ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့မှာလည်း အောက်တိုဘာ ၁၃ ရက်က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က တောင်သူကွန်ပျူတာတက္ကသိုလ်ရှေ့ လမ်းဘေးမှာ အသက် ၆၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး သတိလစ်မေ့လဲလို့ လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကို ပို့ပေးခဲ့ပေမဲ့ သေဆုံးခဲ့ပါတယ်။

“လမ်းသွားရင် သတိလစ်လဲကျသွားတာ။ နေ့လယ် ၂ နာရီခွဲဆိုတော့ နေကလည်း တော်တော်ပူတယ်။ ဆေးရုံကို ပို့လိုက်ပြီး ညနေ ၄ နာရီကျော်လောက်မှာ ဆုံးသွားတာ” လို့ မြို့ခံလူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်တုန်းကလည်း မွန်ပြည်နယ်၊ သထုံမြို့မှာ အသက် ၂၈ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးဟာ နေပူထဲ ဆိုင်ကယ်စီးပြီး ခဏရပ်စဉ် သတိလစ်လဲကျပြီး သေဆုံးခဲ့ပါသေးတယ်။ သေဆုံးသူဟာ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ဘုရားလမ်းမှာ နေထိုင်သူဖြစ်ပြီး အဲဒီနေ့ မနက်ပိုင်းကတည်းက ခေါင်းကိုက်တာကို ခံစားနေရတယ်လို့ မိသားစုဝင်တွေကို ပြောခဲ့ပြီး အပြင်ထွက် ဆိုင်ကယ်စီးလာစဉ် သထုံမြို့၊ လေယာဉ်ကွင်းလမ်းက စားသောက်ဆိုင်နားမှာ ဆိုင်ကယ်ကို ရပ်လိုက်စဉ် သတိလစ်လဲကျပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက MyanHealth ကို ပြောပြပါတယ်။

အမေရိကန်၊ ချီကာဂိုတက္ကသိုလ် ရာသီဥတုထိခိုက်မှုဆိုင်ရာ သုတေသနဌာနက ၂၀၂၆ ခုနှစ် အောက်တိုဘာကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အင်အားပြင်း အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်ပြီး ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၄၅၀,၀၀၀ ကျော် ထိခိုက်သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီဖြစ်စဉ်အတွင်း အာဖရိကတိုက် ဆာဟာရသဲကန္တာရအစပ်က နိုင်ငံတွေမှာ ၆၆,၈၀၀ ဦးခန့်၊ နိုင်ဂျီးရီးယားမှာ ၃၁,၄၀၀ ဦးခန့်၊ အာရှတိုက်ထဲက အင်ဒိုနီးရှားမှာ ၁၉,၃၀၀ ဦးခန့်၊ အိန္ဒိယမှာ ၁၅,၈၀၀ ဦးခန့်၊ ထိုင်းမှာ ၅,၀၀၀ ဦးခန့်နဲ့ မြန်မာနိုင်ငံမှာ ၁,၂၀၀ ဦးခန့်ဟာ အသက်ဘေးအန္တရာယ် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံဟာ စူပါအယ်လ်နီညိုဖြစ်စဉ် မရှိခင် နွေရာသီကာလကတည်းက အပူချိန်မြင့်တက်တဲ့ဒဏ်ကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေးအစရှိတဲ့ မြို့ကြီးတွေအပြင် နယ်မြို့တွေမှာပါ အပူလျှပ်တာကြောင့် သေဆုံးခဲ့ကြတာပါ။

နိုင်ငံဟာ ကြီးမားပြင်းထန်တဲ့ အယ်လ်နီညို (Super El Niño) ဖြစ်စဉ်တွေကို ၁၉၉၇-၉၈၊ ၂၀၁၅-၁၆ နဲ့ ၂၀၂၃-၂၄ ခုနှစ်တွေမှာ ကြုံတွေ့ခံစားခဲ့ရဖူးပါတယ်။ ၁၉၉၇-၉၈ အယ်လ်နီညိုဖြစ်စဉ်အတွင်း မြန်မာနိုင်ငံက မြို့ကြီး ၁၈ မြို့မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ် တင်တာတွေ ရှိခဲ့ပြီး မြို့ကြီး ၁၅ မြို့မှာတော့ မိုးရေချိန် အနည်းဆုံးစံချိန်သစ်တွေ တင်ခဲ့ပါတယ်။ ၂၀၁၅-၁၆ ခုနှစ် ဖြစ်စဉ်မှာတော့ စံချိန်တင် ပူပြင်းခြောက်သွေ့မှုတွေ ကြုံခဲ့ရပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းထဲက မြို့ကြီးတချို့မှာ နေ့အပူချိန်ဟာ ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး မြင့်မားတဲ့ အပူလှိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရပါတယ်။ မန္တလေးမြို့ဆိုရင် ၄၄ ဒီဂရီဆဲလ်စီးယပ်စ်ဝန်းကျင်အထိ အပူဒဏ်ဟာ ဆိုးဆိုးဝါးဝါး မြင့်တက်ခဲ့ပြီး မြို့ပြဧရိယာအတွင်း သိသိသာသာကို ပူပြင်းခဲ့ပါတယ်။

၂၀၁၅-၁၆ အယ်လ်နီညိုဖြစ်စဉ်မှာ မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်အများစုမှာ အပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်စ်ကနေ ၄၇ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်တာကို ခံစားခဲ့ရပါတယ်။ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်အောက်မှာ ရွာပေါင်း ၁,၇၀၀ လောက်ဟာ သောက်သုံးရေရှားပါးတာကို ကြုံခဲ့ရပြီး ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုပါ ထိခိုက်စေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာဆိုရင် မီးလောင်တာတွေ များပြားခဲ့သလို ပူပြင်းခြောက်သွေ့တာနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ ရောဂါတွေကိုလည်း မြန်မာပြည်သူတွေ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၂၃-၂၄ ဖြစ်စဉ်မှာတော့ နိုင်ငံတစ်ဝန်း စံချိန်တင် အပူလှိုင်းဖြတ်မှုကို ရင်ဆိုင်ခဲ့ရပြီး သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးဖြစ်စဉ် ငါးခုအနက် တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အပူဒဏ်ကြောင့် ၂၀၂၄ ခုနှစ် ဧပြီတစ်လတည်းမှာ လူပေါင်း ၁,၄၇၃ ဦးထက်မနည်းဟာ အပူဒဏ် (Heat-related Causes) ကြောင့် သေဆုံးခဲ့ရပါတယ်။

“ဒီနှစ်က ပိုပူလာမယ်။ စူပါအယ်လ်နီညိုလည်းဖြစ်မယ် ကြေညာထားတော့ ကူညီဖို့အတွက် အသင့်ပြင်ထားဖို့လိုတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ပူတော့ ဓာတ်ဆီတန်းစီရင်းနဲ့ မူးလဲတာတွေ၊ အပူရှပ်တာတွေကို ကူညီခဲ့ရဖူးတယ်။ အဖိတ်အစင်တွေလည်း ရှိခဲ့တယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက MyanHealth ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကာလကလည်း ရန်ကုန်အပါအဝင် မြို့ကြီးအချို့က ပြည်သူ့ဆေးရုံကြီးတွေမှာ အပူဒဏ်နဲ့ပတ်သက်လို့ Heat Stroke ခံစားရတဲ့သူတွေကို အရေးပေါ်ကုသပေးနိုင်ဖို့ ကြိုတင်စီစဉ်ခဲ့ရတာတွေ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီစက်ဝန်းအရ အခုဆိုရင် ဆောင်းတွင်းကာလကို ဝင်ရောက်နေပြီဆိုပေမယ့် လက်ရှိမှာတော့ အပူရှိန်တွေက မြင့်တက်လာပြီး အပြင်ကိုထွက်တဲ့အချိန်မှာ အပူရှိန်ဒဏ်ကို သိသိသာသာ ခံစားနေရတယ်လို့ ရန်ကုန်မြို့ခံအချို့က ဆိုပါတယ်။

“နွေကိုတောင် မရောက်သေးဘူး။ မနက် ၈ နာရီကျော်ကျော်လောက် အပြင်ထွက်တာနဲ့ ခေါင်းတွေကိုက်လာတယ်။ အရေပြားတွေက စပ်သလိုလို ခံစားရတယ်။ နေ့ခင်းဘက်ဆို ပိုပူတယ်။ တော်ရုံအလုပ်ဆိုရင် နေ့ခင်းဘက်ကို အပြင် သိပ်မထွက်ဖြစ်တော့ဘူး” လို့ ရန်ကုန်မြို့ခံ ကိုအောင်အောင်ဦးက ပြောပါတယ်။

စူပါအယ်လ်နီညို ဝင်ရောက်လာတဲ့အချိန်မှာ အပူလှိုင်း (Heatwave) နဲ့ ရေရှားပါးမှုဟာ ကျန်းမာရေးဆိုင်ရာ အဓိကအန္တရာယ်တွေအဖြစ် ဖြစ်လာပြီး အပူချိန်မြင့်တက်မှုသည် လူ့ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နိုင်သည်ဟု ကျန်းမာရေးပညာရှင်တွေကလည်း အသိပေးထားပါတယ်။

အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်တာ (Dehydration)၊ ခန္ဓာကိုယ်အားနည်းနွမ်းနယ်ခြင်း (Heat exhaustion)၊ အပူဒဏ်ပြင်းထန်လို့ ကိုယ်အပူချိန် အလွန်မြင့်တက်တာ (Heat Stroke)၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာတွေ၊ ရေရှားပါးမှုနဲ့ ဆက်စပ်တဲ့ သန့်ရှင်းတဲ့ သောက်ရေ မလုံလောက်တာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ (Asthma)၊ မျက်စိယားယံတာတွေ ဖြစ်လာနိုင်လို့ သတိထားကြဖို့ကိုလည်း ပညာရှင်တွေက သတိပေးထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement