Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (October Third Week)

• ရန်ကုန်က ပြည်သူ ၁၅၂,၆၈၅ ဦးအတွက် အပူဒဏ်ကနေ ယာယီခိုလှုံဖို့ ခရိုင် ၁၄ ခု၊ မြို့နယ် ၄၅ မြို့နယ်မှာ အပူရှောင်စခန်း ၆၂၆ ခု ဖွင့်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေး ဝန်ကြီး ဦးနေလင်းထွန်းက တိုင်းလွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။ ဒါ့အပြင် ဗဟိုဆေးရုံကြီး ၁၄ ရုံ၊ တိုင်းရင်းဆေးရုံ ၁၃ ရုံ၊ မြို့နယ်အဆင့်ဆေးရုံ ၁၉ ရုံနဲ့ တိုက်နယ်ဆေးရုံ ၃၅ ခုမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ ပြင်ထားသလို ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၃၆ ခု အပါအဝင် ကုသရေးဌာနတွေမှာ ဆရာဝန် ၄၃၉ ဦး၊ သူနာပြု ၂,၂၈၄ ဦး၊ ကျန်းမာရေးဝန်ထမ်း ၂,၆၁၃ ဦး၊ စုစုပေါင်း ၅,၃၃၆ ဦးကိုလည်း အသင့်စုဖွဲ့ပြင်ဆင်ထားတယ်လို့ ဆိုပေမယ့် အပူရှောင်စခန်း ၆၀၀ ကျော်ရဲ့ တည်နေရာတွေကို အတိအကျမပြောဆိုခဲ့တာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

• တရုတ်နိုင်ငံ၊ ပေကျင်းမြို့က China National Convention Center မှာ အောက်တိုဘာ ၁၇ ကနေ ၁၈ ရက်အထိ ပြုလုပ်တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံကို တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်ဥက္ကဋ္ဌနဲ့ ကျန်းမာရေးဝန်ကြီး မစ္စတာ လဲ့ဟိုင်ချို ဖိတ်ကြားချက်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

• ရခိုင်ပြည်နယ်မှာ မြို့နယ်အလိုက် ကျွမ်းကျင်ဆရာဝန်နဲ့ ရောဂါရှာဖွေရေးကိရိယာ မလုံလောက်လို့ ကျန်းမာရေးမကောင်းသူတွေကို ကုသပေးရေးအပိုင်းမှာ အခက်တွေ့နေတယ်လို့ ဒေသခံတွေကို ကိုးကားပြီး DVB သတင်းဌာနက ရေးသားထားပါတယ်။

• ၂၀၂၆ ခုနှစ်အတွင်း ထိုင်းအစိုးရဆေးရုံတွေမှာ မြန်မာနိုင်ငံသားတွေအတွက် ဆေးကုသစရိတ်ဟာ ဘတ် ၉၆၄ ဒသမ ၂၅ သန်းရှိပြီး စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ၈၆၃ သန်းကျော်ကိုျေ့ အပြည့်အဝ ပေးချေကြပြီး ဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်ကို ကိုးကားပြီး ထိုင်းလွှတ်တော်အချက်အလက် မှတ်တမ်းဌာနက ဖော်ပြထားပါတယ်။ ကျန်တဲ့ ကုန်ကျစရိတ်ထဲက ၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့ ၇၂ ဒသမ ၃၂ သန်းခန့်ကိုတော့ ပြန်ကောက်ခံလို့ မရဘဲ ကျန်တဲ့ ၁၁ ဒသမ ၅၂ သန်းကတော့ တစ်စိတ်တစ်ပိုင်း ပေးချေထားကြပြီး ဖြစ်ပါတယ်။

• ဒေါက်တာစင်သီယာမောင်နဲ့ သူတည်ထောင်ထားတဲ့ မယ်တော်ဆေးခန်းရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှာက်မှု လုပ်ငန်းတွေကို ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်က အောက်တိုဘာ ၁၈ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ပေါ် ရုပ်သံလွှင့်တင် ချီးကျူးဂုဏ်ပြုထားပါတယ်။

• အယ်လ်နီညို အပူဒဏ်သင့် လူနာတွေကို အရေးပေါ်ကုသနိုင်ဖို့ ပြည်သူ့ဆေးရုံကြီးနဲ့ တိုက်နယ်ဆေးရုံတွေမှာ အရေးပေါ်ခုတင်၊ ဆေးဝါးနဲ့ အအေးပေးစနစ်တွေ ကြိုတင်ပြင်ဆင်ထားသလို RRT အဖွဲ့ (၈) ဖွဲ့ကိုလည်း ၂၄ နာရီ အသင့်ပြင်ထားတယ်လို့ ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ကျေးလက်ကျန်းမာရေးဌာနနဲ့ ဌာနခွဲ (၃၆) ခုမှာလည်း သောက်သုံးရေ သန့်စင်ဆေးနဲ့ ရေအရည်အသွေးစစ်ကိရိယာတွေကို ဖြန့်ဖြူးထားသလို ပြည်သူတွေအနေနဲ့ နေ့လယ် ၁၁ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်တိုက်ရိုက်ထိတွေ့တာ ရှောင်ဖို့၊ ရေ မကြာခဏ သောက်ဖို့နဲ့ အပူရှပ်တဲ့ လက္ခဏာတွေ့ရင် နီးစပ်ရာဆေးရုံမှာ ချက်ချင်း သွားရောက်ကုသဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

• ကင်ညာနိုင်ငံမှာ အီဘိုလာကူးစက်ခံရသူ နောက်ထပ်တစ်ဦးကို ထပ်အတည်ပြုလိုက်လို့ အခုဆိုရင် ကိုးဦးအထိ ရှိလာပါပြီ။ အိမ်နီးချင်း ကွန်ဂိုနိုင်ငံ (DRC) မှာ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားနေတာမို့ အခုဖြစ်ရပ်ဟာ ဒေသတွင်းကိုပါ ဆက်ပြန့်လာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေတယ်လို့ နိုင်ငံတကာ သတင်းတွေက ရေးသားဖော်ပြကြပါတယ်။

• ဆေးဝါးကုသမှုနဲ့ မထိရောက်တဲ့ ပြင်းထန်စိတ်ကျရောဂါ ဖြစ်နေသူတွေကို ခွဲစိတ်စရာမလိုဘဲ သံလိုက်လှုိင်းသုံး Transcranial Megnetic Stimulation (TMS) နဲ့ ကုတာဟာ ထိရောက်တဲ့ ကုသနည်းဖြစ်တယ်လို့ News Medical ဆောင်းပါးမှာ ပါရှိပေမယ့် တစ်ပတ်ကနေ ခန့်မှန်းခြေ ခြောက်ပတ်လောက်အထိ နေ့စဉ် ဆေးခန်းလာ ကုသမှုခံယူရမှာဖြစ်လို့ အလုပ်၊ ကျောင်းနဲ့ မိသားစုတာဝန်တွေအကြား အချိန်ပေးရတာ ခက်ခဲစေတာမို့ စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။

• အယ်လ်ဇိုင်းမားရောဂါ ကုသဆေးသစ် စမ်းသပ်မှုကို ဗြိတိန်နိုင်ငံမှာ စတင်နေပြီဖြစ်ကာ ဆေးဝါးအမျိုး အစားအများအပြားကို တစ်ပြိုင်နက်တည်း စမ်းသပ်သွားမှာ ဖြစ်တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ ပထမအဆင့်မှာ အမျိုးအစား – ၂ ဆီးချိုရောဂါနဲ့ အာရုံစူးစိုက်မှု အားနည်းပြီး အလွန်အမင်း လှုပ်ရှားစေတဲ့ ADHA ရောဂါ ကုသရာမှာ သုံးတဲ့ ဆေးဝါးနှစ်မျိုးကို ပြန်လည်အသုံးပြု စမ်းသပ်မှာ ဖြစ်ပြီး မှတ်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း ကျဆင်းတာလိုမျိုး အယ်လ်ဇိုင်းမားရောဂါ လက္ခဏာကို လျော့ကျစေနိုင်လား၊ လူနာရဲ့ ဘဝအရည်အသွေးကို ထိန်းသိမ်းပေးနိုင်မလားဆိုတာကို အဓိက လေ့ လာမှာ ဖြစ်ပါတယ်။ ကင်းဘရစ်ရှိုင်ယာက အသက် ၆၇ နှစ်အရွယ် အန်ဂျလာ ဘတ်ခ်ဆီဟာ ဇန်နဝါရီလတုန်းက အယ်လ်ဇိုင်းမားရောဂါရှိနေတာ စစ်ဆေးတွေ့ရှိခဲ့ပြီး AD-SMART လို့ခေါ်တဲ့ ဒီဆေးဝါးစမ်းသပ်မှုမှာ ပထမဆုံး ကုသမှုစတင်ခံယူသူလည်း ဖြစ်လာတယ်လို့ သတင်းမှာ ပါရှိပါတယ်။

• အာဆီယံဒေသ ကာကွယ်ဆေးထုတ်လုပ်မှု မြှင့်တင်ဖို့အတွက် ကပ်ရောဂါ အရေးပေါ်အခြေအနေများ အတွက် ကြိုတင်ပြင်ဆင်ရေး မဟာမိတ်အဖွဲ့ – CEPI နဲ့ ကမ္ဘာ့ဘဏ်အုပ်စု – WBG တို့က အာရှဗန်ချာ ပရဟိတကွန်ရက် – AVPN အပါအဝင် မိတ်ဖက်အဖွဲ့တွေပေါင်းပြီး အစီအစဉ်တစ်ခုကို စတင်နေပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ထိုင်းနိုင်ငံ အမျိုးသားကာကွယ်ဆေးအင်စတီကျု – NVI ဦးဆောင်တဲ့ အာဆီယ့ ကာကွယ်ဆေးလုံခြုံမှုနှင့် ကိုယ်တိုင်ဖူလုံရေးအစီအစဉ် – AVSSR ရည်မှန်းချက်နဲ့ ကိုက်ညီပြီး Regionalized Vaccine Manufacturing Collaboratibive – RVMC နဲ့ မိတ်ဖက်အဖွဲ့တွေကလည်း ပံ့ပိုးထားကြပါတယ်။

• ပြင်းထန်ပိုးဝင်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုံ့ပြန်တဲ့ Sepsis ရောဂါ ဖြစ်နေသူတွေကို နေ့စဉ် ရိုးရိုး ဆေးသွေးစစ်ဆေးမှုလုပ်ပေးရုံနဲ့ ပဋိဇီဝေဆေး သုံးစွဲရတာကို ခပ်စောစော ရပ်နိုင်စေပြီး ဆေးဝါးအလွန်အကျွံ သုံးစွဲရတာကို လျှော့ချပေးကာ ဆေးယဉ်ပါးမှုပြဿနာ မြင့်တက်တာကို ကိုင် တယ်ရာမှာ အထောက်အကူဖြစ်နိုင်တယ်လို့ ဗြိတိန်နိုင်ငံက အထူးကြပ်မတ်ကုသဆောင် ၄၁ ခုက လူနာ ၂,၇၆၀ ဦးသုံးပြီး အင်္ဂလန်နိုင်ငံ မန်ချက်စတာတက္ကသိုလ်နဲ့ Northern Care Alliance NHS Foundation Trust သုတေသီတွေ လုပ်ထားတဲ့ လေ့လာမှုကနေ တွေ့ရှိထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement