Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (November Second Week)

• မကွေးတိုင်းထဲက အသက် ကိုးလကနေ ငါးနှစ်အထိ ကလေးငယ် ၁၃၀,၀၀၀ လောက်ကို ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသွားမယ်လို့ တိုင်းကျန်းမာရေးဦး စီးဌာနက တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ကို ကိုးကားပြီး One News သတင်းက ရေးသား ထားပါတယ်။

• သင့်တင့်တဲ့ စျေးနှုန်းနဲ့ ဝယ်ယူနိုင်ပြီး ဆေးဝါးမပြတ်လပ်ဖို့အတွက် နိုင်ငံခြားဆေးဝါး (၉၅၃) မျိုးကို ကုမ္ပဏီ တိုက်ရိုက်စျေး၊ လျှော့စျေးတွေနဲ့ နိုဝင်ဘာ ၉ ရက်ကစပြီး နေပြည်တော်မှာ ရောင်းချပေး မယ်လို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။

• နိုင်ငံတစ်ဝန်း ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအစီအစဉ် (၂၀၂၆) ပြည် နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲနဲ့ လုပ်ငန်းစတင်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၉ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

• မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ မန္တလေးမြို့က ပြန်လာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးမှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါပိုး စစ်ဆေးတွေ့ရှိထားတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ရေးသားနေကြပါတယ်။

• ART ဆေးဝါးနဲ့ ကုသပေးနေတဲ့ မွန်ပြည်နယ်၊​ ကျိုက်ထိုမြို့နယ်ထဲက HIV လူနာတွေရဲ့ သွေးမှာ HIV ဗိုင်းရပ်ပ်ပိုးပမာဏာ ၁,၀၀၀ အောက်လျော့ကျလာတဲ့ ရာခိုင်နှုန်းဟာ ၂၀၂၆ ခုနှစ်မှာ ၇၇ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ကျိုက်ထိုဆေးရုံက ထုတ်ပြန်ပါတယ်။ ကုသမှုခံယူနေသူ ၃၄၀ ဦးအနက် ၂၉၈ ဦးမှာ ပိုးပမာဏတွေ့ရှိမှု ကျဆင်းလာတာ ဖြစ်ပါတယ်။

• မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ဝန်ခြုံး၊ ကျောက်ခွက်၊ အိုင့်ကျယ်၊ သီးချောက်၊ သရဖီ၊​လယ်တန်းကျေးရွာက လူဦးရေ ၃,၃၄၁ ဦးပါ အိမ်ထောင်စု ၉၅၈ စုဟာ ယာယီစစ်ရှောင်နေရပြီး နေရပ်မပြန်နိုင်သေးသလို အစားအစာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ လိုအပ်နေပါတယ်။

• တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်က တောင်ပြိုကျဖြစ်ပြီးနောက် တောင်ပြိုတဲ့ ကျေးရွာတွေအပြင် ဆက်စပ်ကျေးရွာတချို့မှာပါ အရေပြားနဲ့ ပတ်သက်တဲ့ ယားယံတဲ့ရောဂါတွေ စဖြစ်ပွားနေတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ဒေသအခြေစိုက် သတင်းဌာနတွေက ရေး သားနေကြပါတယ်။

• ကိုယ််အလေးချိန်လျှော့ချဖို့နဲ့ ဆီးချိုရောဂါ ကုရာမှာ သုံးတဲ့ GLP-1 ဆေးကြောင့် ပြင်းထန်မျက်စိရောဂါ ဖြစ်နိုင်ခြေရှိတာမို့ ထုတ်လုပ်တဲ့ကုမ္ပဏီတွေအနေနဲ့ ဘေးကင်းရေး သတိပေးချက်သစ်တွေ ထည့်သွင်းဖော်ပြဖို့ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ညွှန်ကြားထားတယ်လို့ Reuter သတင်းက ဖော်ပြပါတယ်။

• ထိုင်းနိုင်ငံမှာ မျောက်ကျောက် (Mpox) ရောဂါအစောပိုင်းလက္ခဏာအဖြစ် အရေပြားမှာ အဖုအပိန့် ထွက်တာမျိုးမဟုတ်တော့ဘဲ လည်ချောင်းနာတာ၊ အာသီးရောင်တာနဲ့ ကိုယ်ခန္ဓာမှာ အနာဖုလိုမျိုး ဖြစ်တာစတဲ့ လက္ခဏာတွေပါ ဖြစ်တာကို တွေ့ရှိရပြီး ပြည်သူတွေအပြင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေပါ သတိထားကြဖို့ ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။ ထိုင်းမှာ လက်ရှိပျံ့နှံ့နေတဲ့ ရောဂါဟာ Mpox ဗိုင်းရပ်စ်မျိုးကွဲ Clade lb ကြောင့် အဓိကဖြစ်တယ်လို့ စောင့်ကြည့်စစ်ဆေးမှုတွေအရ အတည်ပြုထားပါတယ်။

• ထိုင်းနိုင်ငံငံမှာ PM2.5 လေထုညစ်ညမ်းမှု မြင့်တက်လာလို့ တစ်နိုင််ငံလုံးက စာသင်ကျောင်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ ကျန်းမာရေးအတွက် တင်းတင်းကျပ်ကျပ် ကာကွယ်ပေးဖို့ အစိုးရက ညွှန်ကြားထားပါတယ်။ လေထုအရည်အသွေး ညွှန်းကိန်းအရ အဝါရောင်နဲ့ အနီရောင်လို အန္တရာယ်ရှိ အဆင့်ရောက်လာရင် ပြင်ပလှုပ်ရှားမှုတွေ လျှော့ချတာ/ရပ်နားတာ လုပ်ဖို့၊ လိုအပ်ရင် သင်ကြားမှု ပုံစံပြောင်းလဲတာတွေ လုပ်ဖို့ ညွှန်ကြားထားသလို မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာ ရေး အခြေအနေကို အမြဲစောင့်ကြည့်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

• ထိုင်းနိုင်ငံမှာ မျောက်ကျောက် (Mpox) ရောဂါဖြစ်သူ ၄၇၀ ထဲက သုံးဦး သေဆုံးထားလို့ ဘန်ကောက်အာဏာပိုင်တွေက မြို့တော်တွင်း ဆေးရုံတွေမှာ ရောဂါစစ်ဆေးမှုနဲ့ စောင့်ကြည့်မှုကို ပိုမိုတင်းကြပ်စွာ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းက ဖော်ပြနေကြပါတယ်။

• သွေးကြောထဲ လွတ်ထွက်ပြီး လှည့်လည်နေတဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားနိုင်တဲ့ ပထမဆုံးသော သန့်စင်စက်တစ်မျိုးကို တရုတ်သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပြီဖြစ်ပြီး ကင်ဆာရောဂါမ ပြန်ဖြစ်တာနဲ့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့တာကို ကာကွယ်နိုင်ဖွယ် ရှိပါတယ်။

• အာတိတ်ဒေသ လေအေးတွေ ဗြိတိန်နိုင်ငံဘက် ဝင်ရောက်လာမှာဖြစ်လို့ ရက်သတ္တပတ် အလယ်ပိုင်းကစပြီး မြို့နဲ့ မြို့နယ်အများအပြားမှာ ညဘက်အပူချိန်ဟာ သုညဒီဂရီအောက်ကျဆင်းနိုင်ပြီး အခုရာသီအတွင်း အကျယ်ပြန့်ဆုံး နှင်းခဲကျမှု ဖြစ်လာနိုင်တာမို့ ဒေသအလိုက် ပထမဆုံး အအေး ဒဏ်ကျန်းမာရေးသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ မြောက်ပိုင်းအစွန်အဖျားဒေသတချို့မှာဆိုရင် မိုးသီးရောနှော မိုးနဲ့ နှင်းကျနိုင်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အအေးဒဏ် ပိုမိုပြင်းထန် နိုင်တယ်လို့လည်း ခန့်မှန်းထားပါတ​ယ်။

• ကလေးငယ်တွေမှာ ပြင်းထန် နျူမိုကော့ကပ်စ် ဘတ်တီးရီးယားကူးစက်ရောဂါ မဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ Pneumococcal Conjugate Vaccine (PCV) ကာကွယ်ဆေးကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ထိုးနှံပေးနေပြီလို့ ထိုင်းသတင်း တွေက ဖော်ပြပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement