မှန်လုံခန်းထဲမှာ အစီအရီချထားတဲ့ ခုတင်တွေပေါ်မှာ လူနာတွေ လဲလျောင်းနေပါတယ်။ လူနာတွေရဲ့ ဘေးနားမှာတော့ မိုးပြာရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေက ကူညီနေကြတယ်။ ကုသချိန်ပြည့်သွားတဲ့ လူနာတွေကို အမျိုးသမီးအချို့က ကူညီနေကြသလို ကုသမှုခံယူနေတဲ့သူတွေကိုလည်း လိုအပ်တာတွေ လုပ်ကိုင်ပေးဖို့ စောင့်ကြည့်နေကြပါတယ်။ အဲဒီ့မြင်ကွင်းကတော့ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာရှိတဲ့ “ကရုဏာ ပါလ ကျောက်ကပ်ဆေးစင်တာ” ရဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။
လူနာခုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျောက်ကပ်လူနာတွေရဲ့ မျက်ဝန်းထဲမှာတော့ ကျောက်ကပ်ဆေး ခွင့်ရလို့ ဝမ်းသာနေတဲ့ မျက်နှာတွေ အထင်းသား ပေါ်လွင်နေပါတယ်။
“အပြင်မှာ ကျောက်ကပ်ဆေးရင် အနည်းဆုံး နှစ်သိန်းလောက် ကုန်တယ်။ ဒီမှာက ရှစ်သောင်းနဲ့ ဆေးခွင့်ရတာ ကျေးဇူးတင်မိတယ်။
ကျောက်ကပ်ဆေးဖို့ဆိုတာ မလွယ်ပါဘူး” လို့ ကျောက်ကပ် လာဆေးတဲ့သူ တစ်ဦးက MyanHealth ကိုပြောပါတယ်။
အသံတိတ်လူသတ်သမားလို့ နာမည်တွင်တဲ့ ကျောက်ကပ်နဲ့ ကင်ဆာရောဂါဟာ မြန်မာနိုင်ငံရဲ့ အဓိက စိုးရိမ်စရာတစ်ခုဖြစ်လာတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် ကျန်းမာရေးအချက် အလက်တွေအရ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့သူ ၁၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့ သိရပါတယ်။ အနေအထိုင်၊ အစားအသောက်နဲ့ ဆရာဝန်ညွှန်ကြားထားခြင်းမရှိတဲ့ ဆေးဝါးတွေကို သုံးစွဲရာကတစ်ဆင့် ကျောက်ကပ်ရောဂါ ဖြစ်ပွားတာများပြီး သတိမထားမိဘူးဆိုရင် နောက်ဆုံးအဆင့်မှ သိရတဲ့ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။
“ဒီခေတ်မှာက အစားအသောက်တွေကနေ ကျောက်ကပ်ဖြစ်ကြတာ တော်တော်များတယ်။ ကျောက်ကပ်ရောဂါဖြစ်ပြီဆိုရင် ဖြစ်တဲ့သူတွေအတွက်က ငွေကုန်ကြေးကျ အင်မတန်များတယ်။ အဲဒါကြောင့် ပိုက်ဆံ မတတ်နိုင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ထူထောင်ဖြစ်တာ” လို့ ဆရာတော် ဒေါက်တာ ခေမာသီရိ (လှတော) က မိန့်ကြားပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာရှိတဲ့ “ကရုဏာပါလ ကျောက်ကပ်ဆေးစင်တာ” ကို အခုနှစ် (၂၀၂၆ ခုနှစ်) မေလထဲမှာ စတင်ဖွင့်လှစ်ခဲ့ပြီးတော့ ကျပ်သိန်းပေါင်း သိန်းတစ်သိန်းခွဲကျော် ကုန်ကျခဲ့ပါတယ်။
“စာရင်းတောင် သေချာ မမှတ်မိတော့ဘူး။
ခန့်မှန်းခြေကတော့ သိန်း တစ်သိန်းခွဲကျော်လောက် ကုန်တယ်။ မြေတန်ဖိုးရော၊ အထဲမှာ အသုံးအဆောင်ပစ္စည်းတွေရော၊ ဓာတ်လှေကားရောပေါ့။ လူနာတွေ အတွက်က ဘာမှ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးထားတာပေါ့” လို့ ဆရာတော်က MyanHealth ကို မိန့်ပါတယ်။
လက်ရှိ စင်တာမှာ ကျောက်ကပ်ဆေးစက် ကိုးလုံးနဲ့ လည်ပတ်ကုသနေပြီးတော့ စက်အသစ် သုံးလုံး ထပ်မံ ရောက်ရှိလာတဲ့အတွက်ကြောင့်
ကျောက်ကပ်လူနာတွေကို ပိုမိုကုသပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ကျောက်ကပ်ဆေးတဲ့အခါ အလှူငွေအဖြစ် ငွေကျပ် ရှစ်သောင်းကောက်ခံပြီး လက်ရှိမှာတော့ အခမဲ့ ကျောက်ကပ်ဆေးခွင့်ပေးထားသူ နှစ်ဦး ရှိပါတယ်။
“ကျောက်ကပ်စင်တာကတော့ ကရုဏာပါလကျောက်ကပ်စင်တာဆိုတဲ့ ဒီပုံရိပ်ကို ဖော်ထုတ်တာက ဒီ ၂၄ ရက်ပေါ့နော်။ တကယ်တမ်းက ဘုန်းဘုန်းရဲ့ မွေးနေ့မှာ လူနာတွေ စလက်ခံတယ်။ တရားဝင် ဖွင့်တာက တော့ ၂၄ ရက် ငါးလ ၂၀၂၆ မှာ ဘုန်းဘုန်း ဒီကျောက်ကပ်စင်တာကို ဖွင့်ပေးခဲ့တာပေါ့။ အခုလောလောဆယ်ကတော့ ဘုန်းဘုန်း စက် ၉ လုံးနဲ့ အော်ပရေးရှင်းလုပ်နေတယ်။ လူနာအကြိမ်ပေါင်း တစ်လကို ၁၉၂ ကြိမ်ပေါ့၊ ဘုန်းဘုန်းကျောက်ကပ် ဝေဒနာရှင်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်။ နောက်အကယ်လို့ စက်တွေတိုးလာရင်တော့ အကြိမ်ရေတွေလည်း တိုးလာမှာပေါ့။ ဒါက ကျောက်ကပ်စင်တာနဲ့ ပတ် သက်ပြီးတော့ပေါ့။ စက်ကတော့ မြန်မာငွေနဲ့ မရဘူး။ စက်တစ်လုံးရဲ့ တန်ဖိုးက သိပ်မများပါဘူး။ (ဒေါ်လာ) တစ်သောင်း သုံးထောင်နဲ့ ငါးရာ။ ဒါက စက်တစ်လုံးရဲ့ တန်ဖိုးပေါ့။ ဒါပေမဲ့ စက်တစ်လုံးက ဈေးမရှိဘူးထား။ အပြင် External Charges တွေက အရမ်းများတယ်။ ဒီမှာက လှုနိုင်ရင် ရှစ်သောင်း။ မလှူနိုင်ရင်တော့ ဘုန်းဘုန်းတို့ လူကို စိစစ်ရွေးချယ်ပြီးတော့ အခမဲ့လုပ်ပေးတာတော့ လောလောဆယ်တော့ အများကြီး မလုပ်နိုင်ဘူး။ နှစ်ယောက်ကတော့ လုံး၀ FOC ဖြစ်သွားပြီ။ ဒီလူ လူ့ပြည်မှာရှိနေသရွေ့ လူ့ပြည်မှာ နေနေသရွေ့ ကရုဏာပါလရဲ့ မေတ္တာရိပ်အောက်မှာ အသက်ကြွေတဲ့အထိ ဆေးပေးဖို့ (ကျောက်ကပ်ဆေးဖို့) နှစ်ယောက်ကတော့ ကွန်ဖန်း ဖြစ်သွားပြီပေါ့နော်” လို့ ဆရာတော်က မိန့်ကြားပါတယ်။
ဆရာတော်အနေနဲ့ ကျောက်ကပ်စင်တာကို အပြီးလှူဒါန်းခဲ့ပြီး ဖြစ်သလို ကျောက်ကပ်ဆေးမယ့်သူတွေအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စိစစ်လက်ခံနေတာ ဖြစ်ပါတယ်။
“ဘုန်းဘုန်းက အကုန်လုံးကို လွှဲပေးလိုက်တာ။ မြေနေရာတွေကအစ စာချုပ်စာတမ်းနဲ့ပဲပေါ့။ အလှူငွေ နည်းလာပြီဆိုရင်တော့ ဘုန်းဘုန်းကိုယ်တိုင် ကူညီတယ်။ လူနာတစ်ယောက်က ရှစ်သောင်း လှူရတယ်။ လုံးဝမတတ်နိုင်ဘူးဆိုရင်လည်း ကော်မတီကနေပြီး Decision (ဆုံးဖြတ်ချက်) ချပြီး သူတို့ သေချာစိစစ်ရွေးချယ်ပြီးတော့ အကောင်းဆုံးဖြစ်အောင်တော့ ကရုဏာပါလက လုပ်ပေးနေပါတယ် ” လို့ စင်တာရဲ့ အလုပ်လုပ်ပုံက ဆရာတော်က ရှင်းပြပါတယ်။
ကျောက်ကပ်စင်တာကို ထူထောင်အပြီးမှာတော့ ဆရာတော်အနေနဲ့ ကင်ဆာရောဂါ ဝေဒနာရှင်တွေ အတွက်လည်း စီမံချက်တစ်ခု ရေးဆွဲနေပြီး အဲဒါကတော့ ကင်ဆာဆေးရုံတစ်ခု ထူထောင်ဖို့ ဖြစ်ပါတယ်။
ကင်ဆာရောဂါဟာ မြန်မာနိုင်ငံသားတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံရဲ့အ သက် ၇၅ နှစ်မတိုင်မီ ကင်ဆာရောဂါဖြစ်ပွားနိုင်ငံခြေ အန္တရာယ်ဟာ လူ ၁၀၀ မှာ ၁၃ ယောက် ကျော်နှုန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်အောက်ခံ နိုင်ငံတကာကင်ဆာသုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဖြစ်များတဲ့ ကင်ဆာရောဂါတွေကတော့ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သား ကင် ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ကင်ဆာဆေးရုံကလည်း ဒီကျောင်းထဲမှာပဲ ဖွင့်မှာ။ အခုလောလောဆယ်တော့ ဖောင်ဒေးရှင်းတွေ စလုပ်နေပြီ” လို့ ဆရာတော်က ကင်ဆာဆေးရုံတည်ဆောက်ရေး လုပ်ငန်းခွင်ကို ညွှန်ပြရင်း မိန့်ကြားပါတယ်။ဆေးရုံထူထောင်ပြီးတဲ့အခါကျရင်လည်း အများပြည်သူ အလှူငွေနဲ့ လည်ပတ်နိုင်အောင် စီစဉ်ထားပါတယ်။
“အဲဒီ့အရင် ကရုဏာပါလမှာ ကျောက်ကပ်တုန်းကကျတော့ ဆော့ဝဲလ်ကိစ္စတွေ မပါဘူး။ အခု ကင်ဆာကျတော့ ဆော့ဝဲလ် ပါလာပြီ။ ဒီဆော့ဝဲလ်က ဘုန်းဘုန်း ကိုယ်တိုင်စီမံ၊ ဘုန်းဘုန်းကိုယ်တိုင် ကြီးကြပ်ပြီးတော့ ဘုန်းဘုန်းကိုယ်တိုင် ရေးထားတာ။ ရေးတယ်ဆိုတာက ဘုန်းဘုန်းရေးတာ မဟုတ်ဘူး။ အကြံဉာဏ်ကတော့ ဘုန်းဘုန်းရဲ့ အကြံ။ ဒါကို ပညာရှင်က Product လုပ်ပေးတာပေါ့။ ဒီကင်ဆာကကျတော့ လစဉ် လူတစ်ယောက်ကို တစ်သောင်းစုမယ်။ တစ်နှစ်ကို တစ်သိန်း နှစ်သောင်းစုမယ်။ သုံးနှစ်ပြည့်ရင် Member ဖြစ်မယ်။ အဲဒီ့ သုံးသိန်းခြောက်သောင်းကလည်း တခါတည်း ပေးရမှာ မဟုတ်ဘူး။ လစဉ်တစ်သောင်းထည့်ပြီး တစ်နှစ်စာ ပေးလို့ရတယ်။ သုံးနှစ်စာတော့ ဘုန်းဘုန်းတို့ လက်မခံဘူး။ ဘာလို့လက် မခံလဲဆိုတော့ သုံးနှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းကျရင် သူ Member ကတ်ရမယ်။ ကတ်ရပြီးနောက်ပိုင်းကျရင် သေတဲ့အထိ လစဉ်တစ်သောင်းက လှူပေးရမှာ။ အဲဒီလို လှူပေးလိုက်လို့ ဘုန်းဘုန်းတို့က Donar တစ်ထောင်ဆိုရင် လစဉ် သိန်း ၁၀၀ ရမယ်။ သိန်း ၁၀၀ ရရင် လူနာ အသက်ကို ဘုန်းဘုန်းတို့ ကောင်း ကောင်း ကယ်နိုင်ပြီ။ နောက်တစ်ခုက အဲဒီလို သိန်း ၁၀၀ ရရင် သိန်း ၂၀ သည် ဝန်ထမ်းရဲ့ လစာရှိမယ်၊ Emergency Case တွေ ရှိတယ်။ ၂၀ ရာခိုင်နှုန်းက အဲဒီအတွက် နုတ်မယ်။ ၈၀ ရာခိုင် နှုန်းကျတော့ ရင်သားကင်ဆာဆိုရင် လေးယောက် အသက်ကယ်နိုင်မယ်။ သားအိမ်ကင်ဆာဆိုရင် နှစ်ယောက် အသက်ကယ်နိုင်မယ်။ ဒီလစဉ် အလှူငွေက။ နောက်တခါ အစာအိမ်ကင်ဆာဆိုရင် နှစ်လပေါင်းရင် သုံးယောက် အသက်ကယ်နိုင်မယ်ပေါ့။ အဲဒီ ငွေမရှိဘဲနဲ့ ဘုန်းဘုန်းတို့က လူနာတစ်ယောက်ကို Care လုပ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး” လို့ ဆရာတော်က မိန့်ကြားပါတယ်။
လက်ရှိအချိန်မှာတော့ ကင်ဆာဆေးရုံ ရုပ်လုံးပေါ်လာဖို့ ဆောက်လုပ်ရေးပညာရှင်တွေနဲ့ တည် ဆောက်နေပြီး လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ပြီးစီးနိုင်မယ်လို့ ဆရာတော်က ခန့်မှန်းထားပါတယ်။
“နှမ်းတစ်စေ့နဲ့တော့ ဆီတစ်စက် မဖြစ်လာဘူးပေါ့ကွာ။ စပါးတစ်စေ့နဲ့ ထမင်းတဆုပ်က ဖြစ်လာတာတော့ မဟုတ်ဘူး။ ရေတစ်စက်နဲ့ ရေတစ်ခွက်က ဖြစ်လာတာ မဟုတ်ဘူး” လို့ ဆရာတော်က မိန့်ကြားပါတယ်။
လက်ရှိအချိန်မှာ ဆရာတော် ဆရာတော် ဒေါက်တာ ခေမာသီရိ (လှတော) ကတော့ မြန်မာနိုင်ငံက အကူ အညီ လိုအပ်နေတဲ့ ကျောက်ကပ်နဲ့ ကင်ဆာရောဂါသည်တွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်ဖို့အတွက် တစ်လှမ်းပြီး တစ်လှမ်း ဆက်လှမ်းနေဆဲ ဖြစ်ပါတယ်။ ကျောက်ကပ်ဆေးတဲ့ လူနာတွေအတွက် ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဖြစ်သလို ကင်ဆာရောဂါရှင်တွေအတွက် ပထမဆုံး ခြေလှမ်းကိုလည်း စတင်လျှောက်လှမ်းနေပြီလည်း ဖြစ်ပါတယ်။ ခြေလှမ်းတိုင်းဟာ ပထမခြေလှမ်းနဲ့ ရပ်တန့်နေတာ မျိုးမဟုတ်ဘဲ ဆက်၍ ဆက်၍ ဆက်လှမ်းတဲ့ပုံစံနဲ့ သွားနေတာ ဖြစ်ပြီး ကျောက်ကပ်ဆေးစက်တွေကို ထပ်မံ တိုးချဲ့ဝယ်ယူနိုင်ဖို့ ကြိုးစားနေသလို ကင်ဆာရောဂါအတွက် ဆေးရုံကိုလည်း စတင်တည်ဆောက်နေပြီလည်း ဖြစ်ပါတယ်။