Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (November Third Week)

• ပဋီဇီဝဆေးယဉ်ပါးမှုဟာ ကမ္ဘာတစ်ဝန်း ပြည်သူ့ကျန်းမာရေကို ခြိမ်းခြောက်နေတဲ့ ပြဿနာ ၁၀ ခုထဲက တစ်ခုဖြစ်ပြီး ဘာကြောင့် ဖြစ်တယ်၊ ဘယ်လိုပျံ့နှံ့နိုင်တယ်၊ ဘယ်လိုကာကွယ်နိုင်သလဲဆိုတာကို WHO Myanmar က အသိပေးထားသလို လူ၊ တိရစ္ဆာန်နဲ့ ပတ်ဝန်းကျင်အားလုံး ကျန်းမာဖို့ အခုကတည်းက ကာကွယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

• မြန်မာနိုင်ငံမှာ မကူးစက်နိုင်တဲ့ရောဂါ ဖြစ်နိုင်ခြေကို လေ့လာတဲ့ STEPS Survey (2024) အရ ဆီးချို သွေးချိုရောဂါ၇ှိသူဟာ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ကနဦးအဆင့်ဖြစ်ပွားသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိလို့ ဒါဟာ အရွယ်မတိုင်မီ သေဆုံးမှုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ် ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်။ ဒါ့အပြင် မကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး သေဆုံးရမှု လျော့နည်းစေဖို့ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၃-၂၀၂၇) ရေးဆွဲပြီး အကောင်အထည်ဖော်နေတယ်လို့လည်း ဆိုပါတယ်။

• မြန်မာပြည်က လူ ၈,၀၀၀ ကျော်ကို လေ့လာပြီးတဲ့နောက် ၇ ဒသမ ၉ ရာခိုင်နှုန်းဟာ ဆီးချိုသွေးချို ဖြစ်ပွားနေပြီး ဆီးချိုဖြစ်နိုင်တဲ့အဆင့် ရှိသူတွေလဲ တွေ့ရှိနေရတယ်လို့ WHO STEP Survey အရ တွေ့ရပါတယ်။ ဒါကြောင့် ဆီးချိုရောဂါမဖြစ်အောင် ကိုယ်လက်လှုပ်ရှား ကစားတာ၊ အဆီ/ဆီ ကြောအမျိုးမျိုးနဲ့ အချိုလျှော့စားတာ၊ ဆေးလိပ်/Vape မသောက်ဖို့နဲ့ ဆား/ငံပြာရည်တွေကို လျှော့စားဖို့လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းထားပြီး ရောဂါရှိနေရင်တော့ ဆေးကို စနစ်တကျ သောက်ပြီး ဆီးချိုထိန်းနိုင်အောင် ဆောင်ရွက်ကြပါလို့လည်း တိုက်တွန်းထားပါတယ်။

• ကျန်းမာရေးဝန်ကြီးဌာနနဲ့ IOM အဖွဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ HIV/AIDS ၊ တီဘီနဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေအပြင် မိခင်နဲ့ ကလေးကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်းတွေမှာလည်း နှစ်ဖက် အပြန်အလှန် နားလည်မှုနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

• လူတွေ နေ့စဉ်အသုံးပြုနေတဲ့ ကစားစရာတွေ၊ အလှကုန်နဲ့ အဝတ်အထည်တွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ လူ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အန္တရာယ်တစ်ခု ဖြစ်လာနေ တယ်လို့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

• ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်သူ ၃၄,၈၇၅ ဦးပြီး ၄၇ ဦး သေဆုံးထားတယ်လို့ နိုဝင်ဘာ ၁၅ ရက်မှာ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

• ဆံပင်ပြန်ပေါက်တာကို မြန်စေပြီး ထိပ်ပြောင်တာကို ပြန်လည်ကုသနိုင်တဲ့ နည်းပညာသစ်သုံး ဘီးတစ်မျိုးကို တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပြီး “Detangle” လို့ ခေါ်တဲ့ ဒီဘီးဟာ ပုံမှန်ဆံပင်ကျွတ်ခြင်းကုသနည်းတွေထက် လုပ်ဆောင်နိုင်စွမ်း ပိုကောင်းတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါဟာ စမ်းသပ်ဆဲအဆင့်မှာသာ ရှိသေးပြီး ကြွက်တွေနဲ့တော့ စမ်းသပ်ပြီး ဖြစ်ပါတယ်။ စမ်းသပ်မှုရလဒ်အရ လူတွေမှာ ဟော်မုန်းနဲ့ မျိုးဗီဇဆိုင်ရာ ဆံပင်ကျွတ်၊ အထူးသဖြင့် အမျိုးသားတွေမှာ အဖြစ်များတဲ့ ထိပ်ပြောင်တာတွေကို ကုသရာမှာ ပိုအသုံးဝင်နိုင်တယ်လို့ ဘေဂျင်းမြို့က Beihang တက္ကသိုလလ် သုတေသီတွေက ပြောပါတယ်။

• နိုဝင်ဘာ ၇ ရက်က Thai Airways – TG340 နဲ့ TG475 လေယာဉ်စီးနင်းခဲ့တဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေကို ဝက်သက်ရောဂါစောင့်ကြည့်ဖို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီး ဌာနက သတိပေးထားပါတယ်။ ဘန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်ကို ဖြတ်လာတဲ့ ခရီးသည်တစ်ဦးမှာ ဝက်သက်ရောဂါ တွေ့ခဲ့ပြီး ထိုင်းမရောက်ခင် ငါးရက်ကတည်းက ဒီလက္ခဏာတွေ ရှိနေခဲ့တာမို့ ထိုင်းမှာ ကူးစက်တာ မဟုတ်ဘဲ သူ ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြစ်နိုင်ခြေရှိ ကူးစက်ရာနေရာ အဖြစ် သတ်မှတ်ထားပါတယ်။ ခရီးသည်နဲ့ အမှုထမ်းတွေကို နိုဝင်ဘာ ၂၈ ရက်အထိ စောင့်ကြည့်ပြီး ဖျားတာ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာ၊ မျက်လုံးနီတာ၊ အဖုအပိန့်ထွက်တာတွေ ဖြစ်လာရင် တခြားသူတွေနဲ့ နီးစပ်စွာ မနေဘဲ Mask တပ်ထားဖို့၊ ဆေးရုံ/ဆေးခန်းကို ဆက်သွယ်ဖို့လည်း တိုက်တွန်းထားပါတယ်။

• အမေရိကန်၊ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ဝက်သက်ကာကွယ်ဆေးမထိုးထားတဲ့ ဒေသခံတစ် ဦး ဝက်သက်ရောဂါနဲ့ သေဆုံးခဲ့တာမို့ အခုနှစ်အတွင်း ပြည်နယ်မှာ ဝက်သက်နဲ့ သေဆုံးသူ ရှစ်ဦး မြောက်ဖြစ်သွားပါပြီ။ ပြည်နယ်ကျန်းမာရေးဌာနက ဒီသေဆုံးမှုကို ဗုဒ္ဓဟူးနေ့က အတည်ပြုပြီး အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) ကိုလည်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

• ဒူးအဆစ်ရောဂါရောဂါရှိသူတွေအတွက် နနွင်းဖြည့်စွက်စာဟာ နာကျင်မှုကို သိသာစွာ သက်သာစေတာမျိုး၊ ဒါမှမဟုတ် အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ Cochrane အဖွဲ့ လေ့လာမှုအသစ်အရ တွေ့ရှိရပြီး ဒါဟာ နနွင်းက အကျိုးရှိနိုင်တယ်ဆိုတဲ့ အရင်လေ့လာမှုတွေနဲ့ ကောက်ချက်တွေနဲ့ပါ ကွဲလွဲနေတယ်လို့ Cochrane Database of Systematic Reviews မှာ ဖော်ပြထားပါတယ်။

• ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ ဆေးလိပ်သောက်တာက အသက် ၆၀ နှစ်နဲ့ အောက်မှာ ဖြစ်တတ်တဲ့ လေဖြတ်ရောဂါဖြစ်နိုင် မြင့်မားမှုနဲ့ ဆက်စပ်နေပြီး နှစ်မျိုးလုံးရှိသူဟာ ဖြစ်နိုင််ခြေအမြင့်ဆုံး ဖြစ်တယ်လို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်ထုတ် Neurology ဆေးဘက်ဆိုင်ရာဂျာနယ်က ရေးသားထားပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါပါရှိရင် သေဆုံးနိုင်ခြေ အမြင့်ဆုံးမှာ ရှိပြီး ဒီလေ့လာမှုဟာ လေဖြတ်တာနဲ့ သေဆုံးတာကို တိုက်ရိုက်ဖြစ်စေတယ်လို့ သက်သေပြတာ မဟုတ်ဘဲ ဆက်စပ်မှု ရှိတယ်ဆိုတာကို ဖော်ပြထားတာလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement